
မန္တလေး မတ် ၂၅
မိုးနှင့် ဆောင်းရာသီများတွင် အဓိကစိုက် ပျိုးသည့် ငရုတ်သီးနှံကို မန္တလေးတိုင်းဒေသကြီး ၌ ယခုနှစ်အတွင်း ငရုတ်ဧက တစ်သိန်းကျော် နှင့် အစိုဧက လေးထောင်ကျော် လျာထား စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
“ဒေသမှာရှိတဲ့ တောင်သူတွေ ပုံမှန်စိုက်ပျိုး နေကြသီးနှံဖြစ်တဲ့ ဒီငရုတ်သီးနှံက စျေးကွက် လည်းကောင်းတယ်။
နောက်ပြီး ပုံမှန်စိုက် နေကြာသီးနှံဖြစ်တော့ တောင်သူတွေက ကျွမ်းကျင်ကြတဲ့အတွက် စီးပွားရေးအရ တွက်ခြေကိုက်လို့ တောင်သူတွေက စိုက်ပျိုး ကြတယ်။ ငရုတ်သီးနှံကို ကျောက်ဆည်ခရိုင် မှာ အများဆုံးစိုက်ပျိုးကြတယ်။ အစိုကတော့ မိတ္ထီလာခရိုင်မှာ အများဆုံးစိုက်ပျိုးပါတယ်။ အခု ဘဏ္ဍာနှစ်မှာ ငရုတ်အစို ၄၅၉၉ ဧကနဲ့ ငရုတ်အခြောက် ၁၁၃၆၆၇ ဧက ကို စိုက်ပျိုး သွားဖို့ လျာထားပါတယ်” ဟု မန္တလေးတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
စီးပွားရေးအရ တွက်ခြေကိုက်သည့် ငရုတ်သီးနှံအစိုကို မိုးရာသီ တွင် ဧက ၃၁၁၉ နှင့် ဆောင်းရာသီတွင် ဧက ၁၄၈၀ ကိုလည်းကောင်း၊ အခြောက်စိုက်ပျိုးမှုအနေဖြင့် မိုးရာသီတွင် ဧက ၁၀၅၄၃၀ နှင့် ဆောင်း ရာသီတွင် ဧက ၈၂၃၇ကိုလည်းကောင်း လျာထားစိုက်ပျိုးသွားမည် ဖြစ်သည်။
ရောဂါပိုးမွှား ရှိ၊ မရှိစစ်ဆေးပေး
မိုးရာသီအဖြစ် ဧပြီလကုန်တွင် စတင်စိုက်ပျိုးပြီး အောက်တိုဘာလ နှင့် စက်တင်ဘာလတို့တွင် ခူးဆွတ်ကြောင်း၊ ဆောင်းရာသီအဖြစ် စက်တင်ဘာလကုန် အစိုဓာတ်ရသည့်အချိန်တွင် စတင်စိုက်ပျိုး ပြီး ဖေဖော်ဝါရီလတွင် ခူးဆွတ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်း ငရုတ်စိုက်ပျိုးသည့် ဒေသများမှာ ကျောက်ဆည်ခရိုင်၊ တံတားဦးခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ မိတ္ထီလာခရိုင်၊ မြင်းခြံခရိုင်၊ သပိတ်ကျင်းခရိုင်၊ ရမည်းသင်းခရိုင်၊ အမရပူရခရိုင်နှင့် အောင်မြေသာစံ ခရိုင်တို့ဖြစ်ပြီး မန္တလေးမြို့၌ ငရုတ်နှင့်ပတ်သက်သည့် အထက်မြန်မာ ပြည် သီးနှံကာကွယ်ရေး ဓာတ်ခွဲခန်းလည်းထားရှိကာ ငရုတ်နှင့် ပတ်သက်သော ရောဂါပိုးမွှား ရှိ၊ မရှိကို စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)