
မန္တလေး မတ် ၅
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လ ဘတ်ဂျက်ကာလတွင် မန္တလေး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၃ မြို့နယ်၌ စိုက်ပျိုးရေး ၁၈၉၀၂ ဧက အကျိုးပြုစေမည့် ကျေးလက် ကုန်ထုတ်လမ်းပေါင်း ၁၄ လမ်း ဖောက်လုပ်ပြီးဖြစ်၍ တောင်သူ များ အသုံးပြုဆောင်ရွက်နေပြီ ဖြစ်ကြောင်း တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ် လမ်းများကို ယခုဘဏ္ဍာနှစ် ခြောက်လဘတ်ဂျက်တွင် စိုက်ပျိုး ရေးတောင်သူများ၏ သီးနှံများ အတွက် ပြည်ထောင်စုခွင့်ပြုပေး ရန်ပုံငွေကျပ်သန်း ၈၈၀ ကျော်ကို အသုံးပြုပြီး ကုန်ထုတ်လမ်း ဖောက်လုပ်ပေးခဲ့ ရာ လမ်းအရှည် ၁၉ မိုင်နှင့် ၄ ဖာလုံရှိပြီး လမ်းမှာ ၁၂ပေ အကျယ် နှစ်ပေ ကိုးလက်မ ထုရှိသည့် ကျေးလက်ကုန်ထုတ် လမ်း ၁၄ လမ်းကို ဒီဇင်ဘာလမှ စ၍ ဖောက်လုပ်ပေးခဲ့သည်။ လက်ရှိအချိန်တွင် လမ်းအားလုံး ဖောက်လုပ်ပြီးဖြစ်၍ အကျိုးပြု ဧကများအတွက် ဆောင်ရွက်နေ ပြီဖြစ်ကြောင်း တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးသန်းက ပြောသည်။
‘‘ကျေးလက်ကုန်ထုတ်လမ်း ၁၄ လမ်းကို ဖောက်လုပ်ပေးဖို့ အတွက် အောက်တိုဘာလထဲမှာ တင်ဒါခေါ်ယူခြင်း လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။ ဒီဇင်ဘာလ ထဲမှာတော့ မြေပြင်တည်ဆောက် ရေးလုပ်ငန်းတွေ စတင်ဆောင် ရွက်ခဲ့ပြီး ယနေ့အချိန်မှာတော့ လုပ်ငန်းအားလုံး ပြီးစီးပါပြီ။ အကျိုးပြုနိုင်မယ့် ဧကအနေနဲ့ ၁၈၉၀၂ ဧက ရှိပါတယ်။ သက်ဆိုင် ရာ ဒေသအလိုက်၊ ကျေးရွာ အလိုက် စိုက်ပျိုးရေးထုတ်ကုန် တွေကို အချိန်နဲ့တစ်ပြေးညီ ဈေးကွက်ကို ရောက်ရှိနိုင်ရန် ရည်ရွယ်ချက်နဲ့ ဖောက်လုပ်ပေး ခြင်းဖြစ်ပါတယ်’’ဟု ၎င်းက ရှင်းပြ သည်။
တောင်သူများ အကျိုးစီးပွား အတွက် သီးနှံများကို ရာသီမရွေး ထုတ်လုပ်နိုင်ရန်အတွက် ယခု ဘဏ္ဍာနှစ်ကာလတို ခြောက်လ ဘတ်ဂျက်တွင် ကျေးလက် ကုန်ထုတ်လမ်းဖောက်လုပ်ပေးခဲ့ သည့် မြို့နယ်များမှာ ပုသိမ်ကြီး မြို့နယ်၊ မတ္တရာမြို့နယ်၊ သပိတ် ကျင်းမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ ငါန်းဇွန်မြို့နယ်၊ တောင်သာ မြို့နယ်၊ မြင်းခြံမြို့နယ်၊ ဝမ်းတွင်း မြို့နယ်၊ သာစည်မြို့နယ်၊ ပျော်ဘွယ် မြို့နယ်၊ ရမည်းသင်းမြို့နယ်၊ မြစ်သားမြို့နယ်နှင့် ကျောက်ပန်း တောင်းမြို့နယ် စသည့်နယ်များရှိ တောင်သူများအတွက် ၁၄ လမ်း ဖောက်လုပ်ပေးခဲ့ပြီး အကျိုးပြု စိုက် ဧက ၁၈၉၀၂ ဧကရှိပြီး အိမ်ခြေ ၉၀၇၇၄ တို့ကို အကျိုးပြု နိုင်မည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်
(မန်းကိုယ်ပွား)