
နေပြည်တော် စက်တင်ဘာ ၁၃
မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ဆောင်ရွက် ပေးလျက်ရှိရာ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို မလိုလားသည့် NUG ၊ CRPH နှင့် PDF အကြမ်းဖက်အဖွဲ့များသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို ပျက်ပြားစေရန် အကြမ်းဖက်တိုက်ခိုက်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိသည်။
ဖောက်ခွဲတိုက်ခိုက်ခဲ့
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက် ၁၉ လမ်း၊ ၅၆ လမ်းနှင့် ၅၇ လမ်းကြားရှိ ကိုဗစ်-၁၉ ရောဂါ နယ်ကျော်စစ်ဆေးရေးဂိတ်၌ အကြမ်းဖက်သူများက ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ က အဆိုပါ ကိုဗစ်-၁၉ ရောဂါ နယ်ကျော်စစ်ဆေးရေးဂိတ်၌ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်စဉ် စစ်ဆေးရေးနေရာ၏ အနောက်ဘက် အုတ်တံတိုင်းနှင့် သစ်ပင်အနီး ကြိုတင်စီစဉ်ထားသော ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် စေတနာ့ ဝန်ထမ်း ပြည်သူတစ်ဦး သေဆုံးခဲ့ပြီး အပြစ်မဲ့ပြည်သူ နှစ်ဦး၊ မီးသတ် တပ်ဖွဲ့ဝင် နှစ်ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ သဖြင့် နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိသည်။
အဆိုပါ အကြမ်းဖက်ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် တရားခံများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီး၍ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်