
နေပြည်တော် စက်တင်ဘာ ၁၃
မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ဆောင်ရွက် ပေးလျက်ရှိရာ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို မလိုလားသည့် NUG၊ CRPH နှင့် PDF အကြမ်းဖက် အဖွဲ့များသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို ပျက်ပြားစေရန် အကြမ်းဖက်တိုက်ခိုက်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း တွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ် ဒေါနဘွားရပ်ကွက် ၁၉ လမ်း၊ ၅၆ လမ်းနှင့် ၅၇ လမ်းကြားရှိ ကိုဗစ်-၁၉ ရောဂါ နယ်ကျော် စစ်ဆေးရေးဂိတ်၌ အကြမ်းဖက်သူများက ချိန်ကိုက် မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင် သော ပူးပေါင်းအဖွဲ့က အဆိုပါ ကိုဗစ်-၁၉ ရောဂါ နယ်ကျော်စစ်ဆေးရေးဂိတ်၌ ကျန်းမာရေးစစ်ဆေးမှု များ ဆောင်ရွက်စဉ် စစ်ဆေးရေးနေရာ၏ အနောက် ဘက် အုတ်တံတိုင်းနှင့် သစ်ပင်အနီး ကြိုတင်စီစဉ် ထားသော ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦးနှင့် စေတနာ့ဝန်ထမ်း ပြည်သူ တစ်ဦး သေဆုံးခဲ့ပြီး အပြစ်မဲ့ပြည်သူ နှစ်ဦး၊ မီးသတ် တပ်ဖွဲ့ဝင် နှစ်ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် နယ်မြေခံတပ်မတော် ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက် ရှိသည်။
အဆိုပါ အကြမ်းဖက်ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် တရားခံများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီး၍ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်