မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ မန္တလေးမြို့ပေါ် ခုနစ်မြို့နယ်ရှိ ဝါဆိုသီတင်းသုံးတော်မူကြသည့် ရဟန်း၊ သာမဏေနှင့် သီလရှင်များအတွက် ဆွမ်းဆန်၊ ဆီ၊ ကုလားပဲ၊ ကြက်သွန်နီ ဆက်ကပ်လှူဒါန်းပွဲကျင်းပ

 

မန္တလေး  ဇူလိုင်  ၃၀


မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တို့မှ မန္တလေးမြို့  ခုနစ်မြို့နယ် အတွင်းရှိ ဝါဆိုသီတင်းသုံးတော်မူကြသည့် ရဟန်း၊ သာမဏေနှင့်  သီလရှင်များ   ဝါတွင်းကာလ၌   ဆွမ်း အခက်အခဲမရှိစေရန် ဆွမ်းဆန်၊ ဆီ၊ ကုလားပဲ၊ ကြက်သွန်နီများ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက  မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီရုံး မြို့တော်ခန်းမတွင် ကျင်းပရာ တိုင်း ဒေသ ကြီးဝန်ကြီးချုပ် ဦးမောင်ကို၊  အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး  ဗိုလ်ချုပ်  ကိုကိုဦး၊ တိုင်း ဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

 


ဦးစွာ  အခမ်းအနားကို နမောတဿ  သုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီး   မန္တလေးတိုင်းဒေသကြီး   သံဃ နာယက အဖွဲ့ဥက္ကဋ္ဌ(ရွှေကျင်) ပတ္တမြားကျောင်းတိုက် ဆရာတော်   အဂ္ဂမဟာပဏ္ဍိတ   အဂ္ဂမဟာ သဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တပညာဇောတာဘိဝံသထံမှ ငါးပါး သီလခံယူပြီးနောက်   တိုင်းဒေသကြီးဝန်ကြီးချုပ် က    လှူဒါန်းရခြင်းအပေါ်    လျှောက်ထားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက  ဝါတွင်း ကာလ၌   သီတင်းသုံးတော်မူကြသည့်   ရဟန်း၊ သာမဏေနှင့် သီလရှင်များအား ဆွမ်းအခက်အခဲမရှိ စေရေး စီမံဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားပါ ကြောင်း၊  ဆွမ်းဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကုလားပဲတို့ကို ပစ္စယာနုဂ္ဂဟအဖြစ်   လှူဒါန်းခြင်းဖြစ်ပါကြောင်း၊ ဆရာဒကာလက်တွဲ၍  ဆရာတော်များ   ပရိယတ္တိ၊ ပဋိပတ္တိများကို စိတ်ချမ်းမြေ့ စွာ အားထုတ်သင်ကြား နိုင်ရန်   ကြိုးပမ်းဆောင်ရွက်လျက်     ရှိပါကြောင်း လျှောက်ထားခဲ့သည်။

 


၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်မှူး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်   တာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီး    သံဃနာယကအဖွဲ့   ဥက္ကဋ္ဌ များဖြစ်သည့် (ရွှေကျင်)ပတ္တမြားကျောင်းတိုက် ဆရာ တော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဓမ္မဇောတိကဓဇဘဒ္ဒန္တပညာဇောတာဘိဝံသနှင့် (သုဓမ္မာ) မစိုးရိမ် တိုက်သစ်   ဓမ္မဂါရဝကျောင်းဆရာတော်   ဘဒ္ဒန္တ တိက္ခိန္ဒြိယာဘိဝံသတို့အမှူးပြု၍ သံဃာတော်များ အား ဆွမ်းဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကုလားပဲများ၊ သင်္ကန်းနှင့် နဝကမ္မဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်း ရေစက်သွန်းချအမျှပေးဝေကြပြီးနောက်   အခမ်း အနားကို  ဗုဒ္ဓသာသနံစိရံတိဋ္ဌတု  သုံးကြိမ်ရွတ်ဆို ရုပ်သိမ်း၍ နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။ 

 


ယနေ့ပြုလုပ်သောလှူဒါန်းမှု၌ မန္တလေးမြို့နယ် ခုနစ်မြို့နယ်ဖြစ်သော အောင်မြေသာစံ၊ ချမ်းအေး သာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီး တံခွန်၊ ပုသိမ်ကြီး၊ အမရပူရ တို့တွင်  ဝါဆို ရဟန်း၊ သာမဏေ ၄၃၅၆၅ ပါးနှင့် သီလရှင် အပါး ၅၃၈၀ စုစုပေါင်း ၄၈၉၄၅ ပါးတို့အတွက် ဆန် ၁၈၃၅၄ တင်း၊ ဆီ ၂၄၄၇၂ ပိဿာ၊ ကြက်သွန်နီ ၂၄၄၇၂ ပိဿာ၊ ကုလားပဲ ၂၄၄၇၂ ပိဿာ (စုစုပေါင်းတန်ဖိုး ငွေကျပ် ၇၂၅၅၄၉၀၀၀)တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


သတင်းစဉ်