
နေပြည်တော် ဇူလိုင် ၁၆
နိုင်ငံတော်မှ စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူနေမှုဘဝမြင့်မားတိုးတက်စေရေး အထောက်အကူပြုနိုင်ရန်အတွက် လျှပ်စစ်မီးလုံလောက်စွာရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ပြည်သူများအနေဖြင့်လည်း လျှပ်စစ်မီတာခပေးသွင်းနိုင်ရေးအတွက် နှိုးဆော်ဆောင်ရွက်ကောက်ခံလျက်ရှိရာ အကြမ်းဖက်အစွန်းရောက်သမားများအနေဖြင့် နိုင်ငံတော်မှအခွန်အခများ မရရှိနိုင်စေရေးအတွက် လျှပ်စစ်ရုံးများနှင့် မီတာခငွေပေးဆောင်သည့် တာဝန်သိပြည်သူများအား ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်မှတ်ထားကာ အကြမ်းဖက်တိုက်ခိုက်မှု များကို လတ်တလောကာလတွင် ပိုမိုတိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။
ထိုသို့အကြမ်းဖက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီ မိနစ် ၄၀ တွင် ပြည်ကြီးတံခွန်မြို့နယ် (ဆ)ရပ်ကွက် ၁၂၈ လမ်း၊ ၆၄ လမ်းနှင့် ၆၅ လမ်းအကြားရှိ မြို့နယ်လျှပ်စစ်ရုံး၌ ပြည်သူလူထု ၃၀ ခန့် မီတာဆောင်ရန်စောင့်ဆိုင်းနေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မီတာဆောင်သည့် ကောင်တာအနီး ရပ်တန့် ထားသည့် Yinxing အမျိုးအစားဆိုင်ကယ်အတွင်းမှ လက်လုပ်မိုင်း တစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။
အဆိုပါပေါက်ကွဲမှုကြောင့် လျှပ်စစ်မီတာရုံးအဆောက်အအုံ အမိုးလန်ပျက်စီးခဲ့ပြီး လျှပ်စစ်ရုံးဝန်ထမ်း အမျိုးသားသုံးဦး (တစ်ဦး စိုးရိမ်ရ)နှင့် အမျိုးသမီးလေးဦး(မစိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့ပြီး မီတာခ ဆောင်ရန် ရောက်ရှိနေသည့် ပြည်သူ အမျိုးသားနှစ်ဦး (တစ်ဦးစိုးရိမ်ရ)နှင့် အမျိုးသမီးတစ်ဦး (မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့သဖြင့် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။
အဆိုပါပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရုံးတွင်တပ်ဆင်ထား သော CCTV မှတ်တမ်းအား ကြည့်ရှုစစ်ဆေးခဲ့ရာ နံနက် ၉ နာရီ ၂၃ မိနစ်တွင် အင်္ကျီအဝါရောင်လက်ရှည်နှင့် ဂျင်းဘောင်းဘီနက်ပြာ ရောင်တွဲ၍ ဝတ်ဆင်ထားပြီး ပန်းရောင်ပိုက်ဆံအိတ်အား လွယ်ထား သည့် အမျိုးသမီးတစ်ဦးသည် အဆိုပါရုံးအတွင်းသို့ Yinxing အမျိုးအစား မော်တော်ဆိုင်ကယ်အား မောင်းနှင်ရောက်ရှိလာပြီး အဆိုပါဆိုင်ကယ် အား မီတာဆောင်သည့် ကောင်တာအနီး၌ ရပ်တန့်ထားခဲ့ကာ ရုံးအပြင် ဘက်သို့ လမ်းလျှောက်ထွက်ခွာသွားခဲ့ပြီး နံနက် ၉ နာရီခွဲတွင် အမျိုးသားတစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ၎င်းအမျိုး သမီးအား ခေါ်ဆောင်သွားခဲ့ကာ ၎င်းအမျိုးသမီး ထွက်ခွာသွားပြီး ၁၀ မိနစ်ခန့်အကြာတွင် ၎င်းရပ်တန့်ထားခဲ့သည့် ဆိုင်ကယ်အတွင်းရှိ အဖြူရောင် keypad ဖုန်းဖြင့် ချိတ်ဆက်ပြုလုပ်ထားပြီး အဝေးထိန်း စနစ်ဖြင့် ဖောက်ခွဲသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ခြင်းဖြစ် ကြောင်း စိစစ်တွေ့ရှိရသည်။
ဖြစ်စဉ်တွင် မီတာခဆောင်ရန်ရောက်ရှိနေသည့် အပြစ်မဲ့အရပ်သား ပြည်သူလူထုများနှင့် နိုင်ငံတာဝန်ထမ်းဆောင်လျက်ရှိသော လျှပ်စစ်ရုံး ဝန်ထမ်းများ၏ အသက်အန္တရာယ်ထိခိုက်အောင် ရည်ရွယ်ချက်ရှိရှိဖြင့် အကြမ်းဖက်အစွန်းရောက်ဝါဒကိုအခြေခံကာ အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးရေးပြုလုပ်ခဲ့သူများနှင့် ပူးပေါင်းပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် တာဝန်သိ မိဘပြည်သူများ အနေဖြင့်လည်း ထိုကဲ့သို့အကြမ်းဖက်လုပ်ဆောင်ခဲ့သူများအား မိမိတို့ ပတ်ဝန်းကျင်တွင် မသင်္ကာဖွယ်တွေ့ရှိပါက နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ သတင်းပေးပို့နိုင်ပါရန် နှိုးဆော် ထားရှိကြောင်း သတင်းရသည်။
သတင်းစဉ်