
နေပြည်တော် မတ် ၁၂
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံး ကျွတ် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက် အောင်မြင်ပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် မဟာ အောင်မြေမြို့နယ်ရှိ ရတနာပုံခန်းမ၌ ကျင်းပ သည်။
အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင် ကျော်စိုး၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များ တက်ရောက်ကြသည်။
တိုင်းလုံးကျွတ်လျာထားချက်ပြီးမြောက်
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မန္တလေးတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၃၈၀၀၁၆ ကတ် ထုတ်ပေးရန် လျာထားဆောင်ရွက်ခဲ့ရာ ယခုအထိ ၃၈၉၇၂၃ ကတ် ပြီးစီးနေပြီဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၁၀၂ ဒသမ ၅၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များအနက် တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်ကျော်လွန် အောင် ဆောင်ရွက်နိုင်သည့် စတုတ္ထမြောက် တိုင်းဒေသကြီးဖြစ်ကြောင်း၊ ယခုကဲ့သို့ ပန်းခင်းစီမံ ချက် အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းအတွက် မိမိတို့ဌာနဝန်ထမ်းများနှင့် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများအားလုံးကို အထူးကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင် ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် ပြီးဆုံးသွားသည့် လုပ်ငန်းမဟုတ်သဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက် နေရမည့်လုပ်ငန်းဖြစ်ပြီး ယခုဆောင်ရွက်မှုများ အတွက် စာရင်းဇယား အထောက်အထား၊ မှတ်တမ်း မှတ်ရာများ ဖြည့်သွင်းဆောင်ရွက်ခြင်း၊ ကောက်သင်း ကောက် လုပ်ငန်းများအဖြစ် ဆက်လက်ဆောင်ရွက် ခြင်းဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်ရှင်းလင်း
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို က မန္တလေးတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက် အောင်မြင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုနှင့် လိုအပ်သည်များ ပံ့ပိုး ဖြည့်ဆည်းဆောင်ရွက်ပေးမှုကို ရှင်းလင်းပြောကြား ပြီး တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးယဉ်ထွေးက စီမံချက် တိုင်းလုံးကျွတ်လျာထားချက် ပြည့်မီ ပြီးစီးအောင်မြင်ရေးအတွက် ကြိုးပမ်းဆောင် ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ် များကို ရှင်းလင်းတင်ပြသည်။
တစ်ဆင့်မြှင့် ရာထူးတိုးပေး
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပန်းခင်း စီမံချက်ကို တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ပေး ကြသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး ပန်းခင်း စီမံချက်တွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် မန္တလေးတိုင်းဒေသကြီးမှ ဝန်ထမ်းများအား တစ်ဆင့် မြင့် ရာထူးတိုးမြှင့်ပေးကာ ရာထူးအဆင့်များကို တပ်ဆင်ပေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး နှင့် တာဝန်ရှိသူများက ပန်းခင်းစီမံချက် အောင်မြင် ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးကြသည့် တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်များမှ အုပ်ချုပ်ရေးမှူးများနှင့် ဦးစီးမှူးများ အား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ကြသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ မြင်းခြံ၊ ညောင်ဦး၊ မိတ္ထီလာနှင့် ရမည်းသင်းစသည့် ခရိုင် ခုနစ်ခု၊ မြို့နယ် ၂၈ မြို့နယ်၊ ရပ်ကွက် ၂၈၂ ခု ၊ ကျေးရွာအုပ်စု ၁၄၁၄ အုပ်စု၊ ကျေးရွာပေါင်း ၄၇၉၂ ရွာရှိပြီး ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၃၈၀၀၁၆ ကတ်ထုတ်ပေးရန် လျာထားဆောင်ရွက်ခဲ့ရာ ယခု ၃၈၉၇၂၃ ကတ်၊ ရာခိုင်နှုန်းအားဖြင့် ၁၀၂ ဒသမ ၅၅ ရာခိုင်နှုန်း ဆောင်ရွက်ထုတ်ပေးနိုင်ခဲ့သည့်အတွက် တိုင်းလုံးကျွတ် လျာထားချက်ရာခိုင်နှုန်းပြည့်မီ ကျော်လွန်ပြီးမြောက်ခဲ့ခြင်းဖြစ်သည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများကို အမျိုးသားမှတ်ပုံတင် ရေးနှင့် နိုင်ငံသားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးရဲထွန်းဦးက e-ID စနစ်အကြောင်း သိကောင်း စရာများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်း အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စု ဝန်ကြီးက e-ID စနစ်လုပ်ငန်းသည် e-Government စနစ်၏ အခြေခံအုတ်မြစ်ဖြစ်ပြီး နိုင်ငံတော်အတွက် မဖြစ်မနေအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ရှင်းလင်းဆွေးနွေးပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ သည် အဆိုပါရတနာပုံခန်းမ၌ မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများကိုတွေ့ဆုံ၍ လိုအပ်သည်များ မှာကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်