
နေပြည်တော် ဇွန် ၈
မန္တလေးတိုင်းဒေသကြီး ၂၀၂၂ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှု သစ်ပင်စိုက်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင် မြို့နယ် မေမြို့ထင်းကြိုးဝိုင်း အကွက် အမှတ် (၁၄) ပြင်ဦးလွင် မြို့ရှောင်လမ်းဘေး၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင် မောင်ရီ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် အစိုးရ အဖွဲ့ဝင်များ၊ ပြင်ဦးလွင်တပ်နယ် မှူးနှင့် တပ်နယ်မှအရာရှိများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်သည်။
သစ်ပင်စိုက်ပွဲ အခမ်းအနား တွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က အထိမ်းအမှတ် သစ်ပင်စိုက်ပျိုး ပေးပြီး စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုကို လှည့်လည် ကြည့်ရှုအားပေးသည်။
အဆိုပါ သစ်ပင်စိုက်ပွဲကို စုစုပေါင်းအင်အား ၁၀၀၀ ဖြင့် ချယ်ရီနှင့်စိန်ပန်းပြာပင် ၁၀၈၀ ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းစိုက်ပျိုးခဲ့သည်။ ပြင်ဦး လွင်မြို့နယ်ကို ချယ်ရီမြို့တော် ဖြစ်စေရေးအတွက် ၂၀၂၂ ခုနှစ် မိုးရာသီတွင် ၂ ပေအထက် ချယ်ရီ ပျိုးပင် ၄၃၅၀၀ အပါအဝင် ပျိုးပင်တစ်သိန်းကို လူထုလှုပ်ရှား မှုအသွင်ဖြင့် လမ်းဘေးဝဲယာ တစ်အုပ်တစ်မ၊ ကွက်လပ်ဖြည့် စိုက်ပျိုးခြင်းနှင့် လူထုဖြန့်ဝေ စိုက်ပျိုးခြင်းများ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်