မန္တလေးနှင့် ပြင်ဦးလွင်ခရိုင်ရှိ မိုးစပါးစိုက်ဧကများအတွက် ဆည်တော်ကြီးရေလှောင်တမံမှ ရေပြည့်ဝစွာပေးဝေ

မန္တလေး သြဂုတ် ၁၁


မန္တလေးတိုင်းဒေသကြီး  မတ္တရာ မြို့နယ်အတွင်းရှိ ဆည်တော်ကြီး ရေလှောင်တမံမှ ရေသောက်ဧရိယာ အတွင်းရှိသည့်     မန္တလေးနှင့်   ပြင်ဦးလွင်ခရိုင်တို့တွင် မိုးစပါးစိုက် ဧက  ၇၁၀၀၀  ကျော်အတွက် ရေ ပြည့်ဝစွာပေးဝေပြီး စိုက်ပျိုးရေး လုပ်ငန်းများကို စတင်ဆောင်ရွက် နေပြီဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး     ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး  ဦးစီး ဌာနမှ    လက်ထောက်ညွှန်ကြား ရေးမှူး ဦးစံမင်းထွန်းက ပြောကြား သည်။ 


မန္တလေးခရိုင်နှင့်    ပြင်ဦးလွင် ခရိုင်တို့ရှိ ဆည်ရေသောက်ဧရိယာ အတွင်း စိုက်ပျိုးသော မြို့နယ်များကို ဆည်တော်ကြီး   ရေလှောင်တမံမှ စိုက်ပျိုးရေများပေးဝေပြီး စိုက်ပျိုး နေကြောင်း၊ အဆိုပါ ခရိုင်နှစ်ခု အတွင်း  စိုက်ပျိုးမည့် မိုးစပါးလျာထား ဧကမှာ  ဧက ၇၁၀၀၀  ကျော်ဖြစ်ပြီး ယခုလက်ရှိအချိန်ထိ  စိုက်ပျိုးပြီး ဧကသည် ၂၀၀၀၀ ကျော်ရှိနေပြီ ဖြစ်ကြောင်း၊      ကျန်ရှိနေသည့်   ဧကများကိုလည်း   စိုက်ပျိုးရေ ပြည့်ဝစွာဖြင့် စိုက်ပျိုးလျက်ရှိနေကြ ကြောင်း သိရသည်။ 


"ယခုနှစ်မှာတော့ မိုးရွာသွန်းမှု များပြားတာကြောင့် ဆည်တော် ကြီး  ရေလှောင်တမံမှာ ရေသို လှောင်ပမာဏ ပိုများလာပါတယ်။ မိုးစပါး    စိုက်ဧကတွေအတွက် ဇူလိုင်လ    ပထမပတ်ကနေစပြီး တော့  ရေပေးဝေစိုက်ပျိုးနေတာပါ။    စိုက်ပျိုးနေတဲ့   ဧကများအနေနဲ့ မတ္တရာမြို့နယ်မှာ ၁၇၅၁၃ ဧက၊ ပုသိမ်ကြီးမြို့ နယ်မှာ ဧက၂၃၃၀ နဲ့ အမရပူရမြို့နယ်မှာ ၅၄၈ ဧကတို့ စိုက်ပျိုးပြီးနေပါပြီ။    ယခုနှစ် စိုက်ပျိုးမယ့်  မိုးစပါးဧကတွေကို အောင်မြင်စွာ စိုက်ပျိုးနိုင်အောင် စိုက်ပျိုးရေတွေ  ပေးဝေသွားမှာ ဖြစ်ပါတယ်" ဟု ၎င်းက ရှင်းပြ သည်။ 


အဆိုပါ       ရေလှောင်တမံမှ  ခရိုင်နှစ်ခုရှိ    ဆည်ရေသောက် စနစ်ဖြင့်  ရေပြည့်ဝစွာပေးဝေသွား မည့်  မြို့နယ်အလိုက်  မိုးစပါး စိုက်ဧကများမှာ မတ္တရာမြို့နယ်တွင် မိုးစပါး ဧက ၄၀၉၈၀၊ ပုသိမ်ကြီး မြို့နယ်တွင် မိုးစပါး ၂၀ ၈၂၆ ဧက နှင့် အမရပူရမြို့နယ်တွင် မိုးစပါး ၉၈၅၆ ဧက စုစုပေါင်း မိုးစပါး စိုက်ဧက ၇၁၆၆၂ ဧကတို့ ဖြစ်ပြီး တောင်သူများ ရေအခက်အခဲမရှိ စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက် ပေးနေခြင်း ဖြစ်သည်။    
                   

  မင်းထက်အောင်
                         (မန်းကိုယ်ပွား)