မန္တလေးမြို့ရှိ တန်ခိုးကြီးဘုရားများတွင် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ၌ ကုသိုလ်ကောင်းမှု ပြုလုပ်ကြသူများဖြင့် စည်ကား

 

မန္တလေး   အောက်တိုဘာ   ၂၀


ယနေ့ကျရောက်သည့် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူး  နေ့မြတ်ဖြစ်သည်နှင့်အညီ မန္တလေးမြို့ရှိ တန်ခိုးကြီးဘုရားများ၊ မြို့နယ်၊ ရပ်ကွက်အသီးသီးရှိ စေတီပုထိုး များ၌ ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်းခဲဖွယ် ကပ်လှူပူဇော်၍ ကုသိုလ်ကောင်းမှု ပြုလုပ်ကြသူများဖြင့် စည်ကား လျက်ရှိသည်။

 


မန္တလေးပြည်သူများသည်  ဒေသ၏  ကုသိုလ် ကောင်းမှုပြုလုပ်ကြသည့် ဓလေ့ထုံးစံအတိုင်း နံနက် အရုဏ်တက်တွင် မဟာမုနိဘုရားကြီးသို့   ဦးခိုက် ပူဇော်ကာ ပန်း၊ ရေချမ်း၊  ဆီမီးများနှင့် ရွှေသင်္ကန်း များကို ဘုရားဂေါပကတာဝန်ရှိသူများက  ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများအတိုင်း      ဆက်ကပ် လှူဒါန်းကြသည့်အပြင်    မြို့တွင်းရှိ    တန်ခိုးကြီး ဘုရားများဖြစ်ကြသည့်      မန္တလေးတောင်တော်      ဆုတောင်းပြည့်ဘုရား၊      မန္တလေးတောင်ခြေရှိ  ကျောက်တော်ကြီးဘုရား၊ စန္ဒာမုနိဘုရား၊ ကုသိုလ် တော်ဘုရားများနှင့် အောင်တော်မူဘုရား၊ ကျောက် စိမ်းစေတီတော်များသို့ လှည့်လည်သွားရောက်၍        ကုသိုလ်ပြုဆုတောင်းသူများ၊  ဘုရားစေတီများ၏    အေးချမ်းသည့် အရိပ်အာဝါသအောက်တွင်    တရား ဘာဝနာပွားများ  နေကြသူများကိုလည်း တွေ့မြင် ရသည်။

 


ထို့ပြင် ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းများနှင့်အညီ   ဆွမ်းဆန်တော်   လောင်းလှူပူဇော်ခြင်း၊   ဓမ္မစကြာ ရွတ်ဆိုခြင်း၊    ပရိတ်တရားတော်များနှင့်    ပဋ္ဌာန်း ဒေသနာတော်များ    ရွတ်ဖတ်ပူဇော်ခြင်း၊     မိဘ၊ ဘိုးဘွား၊  ဆရာသမား၊   သက်ကြီးဝါကြီးများအား ကန်တော့ခြင်း     စသည့်ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြပြီး လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတို့ ကျန်းမာ ချမ်းသာ၍  ငြိမ်းချမ်းကြစေကြောင်း    ဆုမွန်ကောင်း များတောင်း၍မေတ္တာပို့သကြသည်။

 


ထို့နောက်  သီတင်းကျွတ်လပြည့်  ညပိုင်းတွင် လည်း မန္တလေးတောင်တော် ဆုတောင်းပြည့် ဘုရား ရင်ပြင်တော်ပေါ်နှင့်  ကျောက်တော်ကြီးဘုရားများ တွင်  မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဆီမီးထွန်းညှိ     ပူဇော်ပွဲများကို    ကျင်းပကြသည့်အပြင်   နေအိမ် အသီးသီးတွင်လည်း    ရောင်စုံဆီမီးများ     ထွန်းညှိ ပူဇော်ကာ ရိုးရာယဉ်ကျေးမှု ဓလေ့ပုံရိပ်ကို ပီပြင်စွာ ဖော်ထုတ်ခဲ့ကြသည်။


မင်းထက်အောင်(မန်းကိုယ်ပွား)