
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
မန္တလေးမြို့ရှိ ဘာသာပေါင်းစုံအဖွဲ့များ၊ မြို့မိ၊ မြို့ဖများ၊ မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ၊
မန္တလေးတိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး
နေပြည်တော် ဇန်နဝါရီ ၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မန္တလေးမြို့ရှိ ဘာသာပေါင်းစုံအဖွဲ့များ၊ မြို့မိ၊ မြို့ဖများ၊ မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ၊ မန္တလေးတိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများနှင့် ယနေ့ မွန်းလွဲ ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မြို့တော်ခန်းမ၌ တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ခရီးစဉ် တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ မန္တလေးမြို့ YMBA အသင်းမှ ဥက္ကဋ္ဌ ဦးကြည်စိန်၊ အထက်မြန်မာပြည် ဟိန္ဒူ ဘာသာရေးအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လွင်၊ မန္တလေးမြို့ ကက်သလစ်ဘာသာရေးအဖွဲ့မှ ခရစ်ယာန် ဘုန်းတော်ကြီး ဦးခင်မောင်ထွေး၊ မန္တလေးမြို့ နှစ်ခြင်း ဘာသာရေးအဖွဲ့မှ ခရစ်ယာန်သင်းအုပ် ဘုန်းတော် ကြီး ဦးနောင်နောင်လွင်၊ မန္တလေးမြို့၊ အစ္စလာမ် ဘာသာရေးအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ မောင်လာနာ ဟာဖစ်ဇ် နူရ်ရွတ်ဒီးန်(ခ)ဦးမျိုးမြင့်တို့နှင့် အဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖများ၊ မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ (MMIC) ဥက္ကဋ္ဌ ဦးခင်မောင်လှနှင့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း(MRCCI) ဥက္ကဋ္ဌ ဦးဝင်းဌေး နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရေခံမြေခံများကောင်းမွန်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားရာ တွင် မန္တလေးမြို့သည် နောက်ဆုံးမင်းဆက်ဖြစ်သည့် ကုန်းဘောင်မင်းဆက် သီပေါမင်းနန်းစိုက်ခဲ့သည့် မြို့တော်ဖြစ်ပြီး ယဉ်ကျေးမှုမြို့တော်တစ်ခုဖြစ်ကာ သမိုင်းအစဉ်အလာကြီးသည့် မြို့တစ်မြို့ဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ ဘာသာရေးခေါင်းဆောင် များ ပေါ်ထွန်းရာနေရာတစ်ခုဖြစ်သကဲ့သို့ အခြား ဘာသာများဖြစ်သည့် အစ္စလာမ်ဘာသာ၊ ခရစ်ယာန် ဘာသာဝင်များနှင့် ပတ်သက်၍လည်း အရေးပါသည့် မြို့တစ်မြို့ဖြစ်ကြောင်း၊ အလားတူ အခြားသော နိုင်ငံ့ ခေါင်းဆောင်များနှင့် အနုပညာသည်များပေါ်ထွန်းရာ မြို့တစ်မြို့ဖြစ်သကဲ့သို့ စီးပွားရေးအရ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ပြီး စီးပွားရေးအခြေခံ ကောင်းများ များစွာရှိသည့် နေရာဒေသတစ်ခုဖြစ် ကြောင်း၊ ရေခံမြေခံများကောင်းမွန်ပြီး ရာသီဥတု လည်း သင့်တင့်ကောင်းမွန်သည့် ဒေသတစ်ခုဖြစ် ကြောင်း။
သိသိသာသာတိုးတက်လာ
ကုန်ထုတ်လုပ်ငန်းများ များစွာဆောင်ရွက်နိုင် သည့်ဒေသဖြစ်ပြီး မန္တလေးမြို့ ပတ်ဝန်းကျင်တွင် လယ်လုပ်ငန်းများ၊ ဥယျာဉ်ခြံမြေများ အောင်မြင် ဖြစ်ထွန်းသကဲ့သို့ မွေးမြူရေးလုပ်ငန်းများလည်း အောင်မြင်ဖြစ်ထွန်းကြောင်း၊ အလားတူ ပညာတတ် များ ပေါများသည့် မြို့တစ်မြို့ဖြစ်ပြီး ပြီးခဲ့သည့် ပညာ သင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ တစ်နိုင်ငံ လုံး ပထမရရှိခဲ့ကြောင်း၊ မိမိအနေဖြင့် မန္တလေးမြို့ အား တိုးတက်စေလိုသည့် စိတ်ဆန္ဒရှိကြောင်း၊ ပါတီစုံ ဒီမိုကရေစီအစိုးရသက်တမ်းများအတွင်း မန္တလေး မြို့သည် သိသိသာသာတိုးတက်လာသည်ကို တွေ့ရှိ ရကြောင်း၊ အဆိုပါတိုးတက်မှုများကို ယခုထက် ပိုမို အသုံးချနိုင်မည်ဆိုပါက နိုင်ငံ၏ စီးပွားရေးတွင် အချက်အချာကျသည့် ဒေသတစ်ခု၊ မြို့တစ်ခုဖြစ်လာ မည်ဖြစ်ကြောင်း။
ထိန်းသိမ်းဆောင်ရွက်ရမည်
ကောင်းမွန်သော လမ်းပန်းဆက်သွယ်ရေး အခြေအနေကြောင့် အရှေ့ဘက်တွင် တရုတ်နိုင်ငံ၊ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ တမူးဘက်သို့ နယ်စပ်ကုန်သွယ်ရေး အခွင့်အလမ်းများရှိပြီး ဒေသမှ ထွက်ရှိသည့် ထုတ်ကုန်များအား ပြည်ပနိုင်ငံများသို့ တိုက်ရိုက်တင်ပို့ရောင်းချနိုင်သည့် အခွင့်အရေးများ ရှိကြောင်း၊ မိမိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူချိန်တွင်လည်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ နန်းမြို့ရိုးအား ထိန်းသိမ်းခြင်းနှင့် နန်းမြို့တွင်းရှိ နန်းတော်ရာ၊ အမြောက်ပြတိုက်၊ ဘုတ်တလုပ်ကန် နှင့် အခြားသမိုင်းဝင်ရှေးဟောင်းအမွေအနှစ်နေရာ များအား ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း၊ မိမိတို့နိုင်ငံ၏ နန်းစိုက်ရာနေရာတစ်ခု ဖြစ်သဖြင့် ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ရှေးမူမပျက်တည်ဆောက်လျက်ရှိ
နေပြည်တော်၌လည်း မြန်မာတွင်သာမက ကမ္ဘာ့ နိုင်ငံများတွင်ပါ စကျင်ကျောက်တော်ကြီးဖြင့် ထုဆစ် သည့် ဆင်းတုတော်ကြီးများအနက် အကြီးဆုံးနှင့် ဉာဏ်တော်အမြင့်မားဆုံး ဆင်းတုတော်ကြီးဖြစ်လာ မည့် မာရဝိဇယရုပ်ပွားတော်ကြီးကို တည်ဆောက် လျက်ရှိပြီး အဆိုပါစကျင်ကျောက်များသည် မန္တလေး တိုင်းဒေသကြီး မတ္တရာမြို့နယ်မှ ထွက်ရှိသည့် ကျောက်များဖြစ်ကြောင်း၊ ရုပ်ပွားတော်ကြီးကို တည်ထားကိုးကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင်လည်း ရတနာပုံခေတ်ဟန် လက်ရာများဖြင့် ခေတ်မီနည်းပညာအထောက်အကူရယူ၍ ရှေးမူ မပျက်တည်ဆောက်လျက်ရှိကြောင်း၊ မန္တလေးသည် မြန်မာနိုင်ငံ၏ယဉ်ကျေးမှုမြို့တော်ဖြစ်သဖြင့် မြန်မာ မင်းဆက်၏ ယဉ်ကျေးမှုများနှင့်ဂုဏ်ကို ပြန်လည် ထိန်းသိမ်းခြင်းများကို လုပ်ဆောင်ရမည်ပင်ဖြစ် ကြောင်း။
ထိုသို့ထိန်းသိမ်းဆောင်ရွက်ရာတွင်လည်း ရှေးရိုး စွဲ မဖြစ်စေရန်နှင့် ခေတ်နှင့်လျော်ညီအောင် ဆောင် ရွက်ကြရန်လိုကြောင်း၊ ဘာသာများအလိုက်ရှိနေ သည့် ယဉ်ကျေးမှုများကိုလည်း ထိန်းသိမ်းကြရန် လိုကြောင်း၊ ခေတ်အမြင်နှင့်ပတ်သက်၍ လူငယ် အချို့တွင် ယဉ်ကျေးမှုနှင့်ပတ်သက်ပြီး ထိန်းသိမ်းမှု အားနည်းသည်ကို တွေ့ရှိရကြောင်း၊ မန္တလေးမြို့မှ စ၍ ယဉ်ကျေးမှုကိုစံနမူနာပြအနေဖြင့် ထိန်းသိမ်း ဆောင်ရွက်ကြစေလိုကြောင်း။
ခေတ်အဆက်ဆက်ကြိုးပမ်း
စီးပွားရေးနှင့်ပတ်သက်၍ မန္တလေးမြို့သည် ဗဟိုချက်မဖြစ်ပြီး နိုင်ငံအဝန်းသို့ ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လွယ်ကူချောမွေ့ စွာ ဆောင်ရွက်နိုင်ကြောင်း၊ လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးအတွက်လည်း ခေတ်အဆက် ဆက်ကြိုးပမ်းဆောင်ရွက်ခဲ့ကြကြောင်း၊ အဖျက် အမှောင့်လုပ်ငန်းများကြောင့်လည်း လျှပ်စစ်ဓာတ်အား များ လုံလောက်စွာဖြန့်ဖြူးပေးနိုင်မှုမရှိခြင်းနှင့် စီမံ ကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် ချိန်တွင်လည်း အကြောင်းအမျိုးမျိုးပြ၍ အနှောင့် အယှက်ပေးမှုများရှိခြင်းတို့ကြောင့် လျှပ်စစ်စီမံကိန်း များ ဆောင်ရွက်ရန် နှောင့်နှေးမှုများဖြစ်ပေါ်လျက်ရှိကြောင်း။
လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကြောင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုနှင့်ပတ်သက်၍ သဘာဝ ပတ်ဝန်းကျင်ကိုထိခိုက်မှုအနည်းဆုံးဖြင့် ထုတ်လုပ် နိုင်သည့် ခေတ်မီနည်းလမ်းများရှိကြောင်း၊ သို့သော် အချို့သောအဖွဲ့အစည်းများမှ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကိုအကြောင်းပြ၍ မိမိတို့နိုင်ငံ၏ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက် မှု မပြုနိုင်ရန် နိုင်ငံရေးအရအသုံးချ ဆောင်ရွက် လျက်ရှိသဖြင့် မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာထုတ်လုပ်နိုင်မှု မရှိသေးကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် မိုးရွာရက်နည်းပါးခြင်း နှင့် မိုးရေချိန်နည်းပါးခြင်းကြောင့် နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကို ဆောင်ရွက်၍ရနိုင်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင် ရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ခွင့်ပြုပေး သွားမည်ဖြစ်ကြောင်း၊ အလားတူ LED မီးများကို အသုံးပြုခြင်းဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်သဖြင့် မီတာခများသက်သာမည် ဖြစ်သကဲ့သို့ လိုအပ်သည့်နေရာတွင် မီးသုံးစွဲမှုကို ပိုမိုအသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ဘိုင်အိုဂတ်စ်များမှ လည်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း များကို ဆောင်ရွက်နိုင်ကြောင်း၊ “လိုလျှင်ကြံဆ နည်းလမ်းရ” ဟူသည့်အတိုင်း တွေးခေါ်ကြံဆ ဆောင်ရွက်ကြရန် လိုကြောင်း။
ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိ
လမ်းပန်းဆက်သွယ်ရေးနှင့်ပတ်သက်၍ မန္တလေး တိုင်းဒေသကြီးအတွင်း ရထားလမ်းများ၊ ကားလမ်း များ ကောင်းမွန်စေရေး ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ လေကြောင်းဖြင့် သယ်ယူပို့ဆောင်မှုသည် ကုန်ကျစရိတ်များပြားပြီး ခရီးသည်နှင့် ကုန်အနည်း ငယ်ကိုသာ သယ်ယူပို့ဆောင်ပေးနိုင်ကြောင်း၊ အလားတူ ကားဖြင့် ပို့ဆောင်မှုသည်လည်း ငွေကြေးကုန်ကျစရိတ်များပြားကြောင်း၊ ရထားဖြင့် သယ်ယူ ပို့ဆောင်မည်ဆိုပါက လူများစွာဖြင့် ကုန်တန်ချိန် ပေါင်းများစွာကို သယ်ယူပို့ဆောင်ပေးနိုင်သဖြင့် ရထားလမ်းများကောင်းမွန်စေရေး အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ရထားများ အချိန်မှန် ပြေးဆွဲပေးနိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ခရီးသွားလာမှုများ အဆင်ပြေရန်၊ ချောမွေ့ ရန်အတွက် လမ်းနှင့်တံတားများ ကောင်းမွန်ရန် လိုအပ်သဖြင့် လမ်းများကောင်းမွန်စေရေး နိုင်ငံတော် အနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ် ရေးများ ကောင်းမွန်သဖြင့် ရှိရင်းစွဲကောင်းမွန်သည့် လမ်းပန်းဆက်သွယ်ရေးများကို အသုံးပြုပြီး စီးပွား ရေး ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဆောင်ရွက်ရန် လိုကြောင်း။
ခရီးသွားများကိုဆွဲဆောင်
နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် GDP ကို စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းနှင့် ဝန်ဆောင်မှုသုံးခုဖြင့် တွက်ချက်ရကြောင်း၊ မန္တလေး ဒေသတွင် အဆိုပါအချက်သုံးခုစလုံး အားကောင်း ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းကိုအခြေခံသည့် SME လုပ်ငန်းများ ဆောင်ရွက်၍ရသည့် အခြေခံကောင်း များရှိသကဲ့သို့ ယဉ်ကျေးမှုမြို့တော်၊ ရှေးဟောင်း မြို့တော်ဖြစ်သဖြင့် ဘုရား၊ ကျောင်းကန်များ များစွာ ရှိသကဲ့သို့ ယဉ်ကျေးမှုအမွေအနှစ်များများစွာရှိ ကြောင်း၊ ဘာသာရေးဆိုင်ရာ ယဉ်ကျေးမှုများရှိသကဲ့ သို့ ရှေးဟောင်းအဆောက်အဦများနှင့် ပတ်သက်၍ လည်း ယဉ်ကျေးမှုအမွေအနှစ်များ များစွာရှိကြောင်း၊ အဆိုပါယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်း ဆောင်ရွက်၍ ခရီးသွားများကိုဆွဲဆောင်ပြီး ခရီးသွား လုပ်ငန်းဝန်ဆောင်မှုများ ပိုမိုတိုးတက်အောင် ဆောင် ရွက်၍ရကြောင်း။
အမြဲမပြတ်ကြိုးစားအားထုတ်
နိုင်ငံတိုင်းသည် ကိုယ့်နိုင်ငံကိုယ် ကြီးပွားတိုးတက် အောင် ဆောင်ရွက်နေကြကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ ရှိသကဲ့သို့ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံ Least Deve-loped Countries များ၊ စက်မှုထိပ်သီးနိုင်ငံများ G- 7 ၊ ဖွံ့ဖြိုးပြီး စက်မှုနိုင်ငံများ OECD များရှိကြောင်း၊ ထိုသို့ဆောင်ရွက်နေသော နိုင်ငံများအားလုံးရှိ အစိုးရ အဖွဲ့အစည်းများသည် မိမိတို့နိုင်ငံတိုးတက်စေရေးဦးဆောင်၍ ဆောင်ရွက်နေကြကြောင်း၊ မိမိတို့နိုင်ငံ တိုးတက်အောင် မဆောင်ရွက်နိုင်သည့် အစိုးရများ ဆိုပါက နိုင်ငံအတွင်း ပြဿနာမျိုးစုံ ဖြစ်ပေါ်နေမည် ဖြစ်ကြောင်း၊ နိုင်ငံတိုးတက်အောင် ဆောင်ရွက်နိုင် သည့် အစိုးရများသည် ပြည်သူလူထု၏ ထောက်ခံ မှုကိုရရှိကြကြောင်း၊ ထို့ကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက် စေရေးအတွက် အမြဲမပြတ် ကြိုးစားအားထုတ်နေရန် လိုကြောင်း၊ အလားတူ လူတစ်ဦးချင်းအနေဖြင့်လည်း ကြိုးစားအားထုတ်မှုရှိမှသာ ဘဝအတွက် တိုးတက်မှု ရှိမည်ဖြစ်ပြီး ကြိုးစားအားထုတ်မှုမရှိပါက နောက်ကျ ကျန်ရစ်ခဲ့မည်သာဖြစ်ကြောင်း၊ ထို့ကြောင့် ဘဝ တိုးတက်စေရေးအတွက် အမြဲမပြတ် ကြိုးစား အားထုတ်နေရန်လိုကြောင်း။
စာကြည့်တိုက်များ ပြည့်စုံစွာထားရှိပေး
လူတစ်ဦးတိုးတက်စေရန်အတွက် ပညာရေး ကောင်းမွန်ရန်လိုကြောင်း၊ မန္တလေးမြို့သည် အခြေခံ အားဖြင့် ပညာရေးအားပေးသည့် မြို့တစ်မြို့ဖြစ် သဖြင့် နဂိုရှိရင်းစွဲ ကောင်းမွန်သည့်အချက်များကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြရန်လို ကြောင်း၊ အစိုးရအနေဖြင့် နိုင်ငံသားများအားလုံး ပညာတတ်မြောက်ရေးအတွက် အခြေခံပညာကျောင်း များနှင့် တက္ကသိုလ်များကို ဖွင့်လှစ်သင်ကြားပေး လျက်ရှိသကဲ့သို့ ပညာသင်ကြားရေးဆိုင်ရာကိစ္စရပ် များနှင့် ပတ်သက်၍လည်း အားပေးဆောင်ရွက်လျက် ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ပညာ သင်ကြားရေးကိုသာမက စာပေများကိုလည်း ဖတ်ရှု လေ့လာနိုင်ရေးအတွက် စာကြည့်တိုက်များ ပြည့်စုံစွာထားရှိပေးထားရန်လိုကြောင်း၊ တက္ကသိုလ်ပညာ သင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများ အတွက်လည်း ပတ်ဝန်းကျင်ကောင်းများ ဖြစ်စေရေး ဖန်တီးပေးရန်လိုကြောင်း၊ အခြေခံကောင်းများကို အသုံးချ၍ ပညာတတ်များ များစွာပေါ်ထွန်းလာစေ ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြား လိုကြောင်း၊ လူတစ်ဦးနှင့်တစ်ဦး အသိတရားနှင့် ကြိုးစားအားထုတ်မှုအပေါ်မူတည်၍ ဘဝတွင် ကွာခြားမှုများ ဖြစ်ပေါ်သွားမည်ဖြစ်ကြောင်း၊ ပညာ သင်ကြားရမည့်အရွယ်အားလုံး ပညာသင်ကြားနိုင် ရေးအတွက် အားပေးဆောင်ရွက်ကြရန်လိုကြောင်း။
ထွက်ကုန်များကိုအသုံးပြု
မန္တလေးမြို့သည် ရာသီဥတုကောင်းမွန်ပြီး ရေခံ မြေခံကောင်းမွန်သည့် ဒေသတစ်ခုဖြစ်သဖြင့် စီးပွား ရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ မိရိုးဖလာအတိုင်း ဆောင်ရွက်ခြင်းမဟုတ်ဘဲ ခေတ်နှင့်လျော်ညီစွာဆောင်ရွက်မှသာ စီးပွားရေး လုပ်ငန်းများ ယခုထက် ပိုမိုတိုးတက်အောင်မြင်မည် ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ထွက်ကုန်များကိုအသုံးပြု၍ စက်မှု ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်နိုင်ကြောင်း၊ မန္တလေးမြို့သည် မိမိတို့နိုင်ငံ၏ စီးပွားရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ဗဟိုချက်နေရာတွင် တည်ရှိပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင် ရွက်နိုင်ကြောင်း။
ဘာသာဝင်အသီးသီးအား ဝိုင်းဝန်းတိုက်တွန်း
မိမိတို့၏ရည်ရွယ်ချက်မှာ တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာပေါများရေးပင်ဖြစ် ကြောင်း၊ တိုင်းပြည်သာယာဝပြောရေးဆိုသည်မှာ နိုင်ငံသားအားလုံး မိမိတို့ဒေသတွင် ပျော်ပျော်ရွှင်ရွှင် ဖြင့် နေထိုင်လုပ်ကိုင်နိုင်ပြီး တရားဥပဒေများ စိုးမိုး မှု ရှိရမည်၊ ငြိမ်းချမ်းရမည်၊ လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်ရမည်၊ ကျောင်းနေအရွယ်အားလုံး ပညာ သင်ကြားနိုင်ရမည်ဖြစ်ကြောင်း၊ “အူမတောင့်မှ သီလစောင့်နိုင်မည်” ဆိုသည့်အတိုင်း စားရေရိက္ခာ ပေါများအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့ နိုင်ငံသည် ရေခံမြေခံကောင်းမွန်သည့် နေရာများစွာ ရှိပြီး အပြည့်အဝအသုံးချနိုင်မည်ဆိုပါက စားရေရိက္ခာ များပေါများမည်ဖြစ်ကြောင်း၊ နိုင်ငံသာယာဝပြော ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မန္တလေးမြို့ရှိ ဘာသာရေးဆိုင်ရာ ခေါင်းဆောင်များအားလုံးအနေ ဖြင့် မိမိတို့ဘာသာဝင်အသီးသီးအား ဝိုင်းဝန်းတိုက်တွန်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလို ကြောင်း၊ ဒီမြေမှာမွေး၊ ဒီမြေမှာကြီးပြင်းပြီး ဒီအရိပ် ကို ခိုနေသူများဖြစ်သဖြင့် နိုင်ငံသာယာဝပြောရေးနှင့် စားရေရိက္ခာပေါများစေရေး အားလုံးမှ ဝိုင်းဝန်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က မန္တလေး မြို့ရှိ ဘာသာရေးအသင်းအဖွဲ့များအတွက် မေတ္တာ လက်ဆောင်ပစ္စည်းများနှင့် အသင်းရန်ပုံငွေအဖြစ် တစ်သင်းလျှင် ငွေကျပ်သိန်း ၁၅၀ ထောက်ပံ့ပေးအပ် ရာ ဘာသာရေးခေါင်းဆောင်များက လက်ခံရယူကြ သည်။
အချင်းချင်း တိုင်ပင်ညှိနှိုင်း
ထို့နောက် ဘာသာရေးအသင်းအဖွဲ့များကိုယ်စား အထက်မြန်မာပြည် ဟိန္ဒူဘာသာရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင်လွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် ဘာသာရေးအသင်းအဖွဲ့ များအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် အမှတ်တရ လက်ဆောင်ပစ္စည်းများ၊ အသင်းရန်ပုံငွေများ ပေးအပ်ချီးမြှင့်သည့်အတွက် များစွာကျေးဇူးတင်ရှိ ပါကြောင်းနှင့် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ဘာသာပေါင်းစုံအဖွဲ့များ၏ ခေါင်းဆောင်များအနေ ဖြင့် သက်ဆိုင်ရာဘာသာရေးကိစ္စရပ်များ၊ နိုင်ငံ့ အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ရာ၌ အချင်းချင်းတိုင်ပင်ညှိနှိုင်း၍ အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
အတူတကွ သုံးဆောင်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများ၊ ဘာသာပေါင်းစုံအဖွဲ့များ၊ မြို့မိ၊ မြို့ဖများ၊ မန္တလေး စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ၊ မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများနှင့်အတူ တည်ခင်း ဧည့်ခံထားသည့် လက်ဖက်ရည်ဝိုင်းကို အတူတကွ သုံးဆောင်ကြသည်။
ရင်းရင်းနှီးနှီး နှုတ်ဆက်
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် တက်ရောက်လာကြသူများကို ရင်းရင်း နှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်