
[ ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက် (၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်) အင်္ဂါနေ့]
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ဒွါဒသမ အစည်းအဝေးသို့ ကြွရောက်တော်မူလာကြကုန်သော နိုင်ငံ တော် သံဃမဟာနာယကဆရာတော် အရှင်မြတ်တို့ဘုရား။
ဆရာတော်အရှင်မြတ်တို့သည် ကိုယ်စိတ်နှစ်ဖြာ ကြည်သာ ရွှင်လန်း ကျန်းမာချမ်းသာစွာဖြင့် “သာသနာတော် သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားရေး” ဟူသော သာသနာတော်အရေးသုံးပါးတို့ကို ကြိုးစား အားထုတ်တော်မူနိုင်ကြပါစေဟု မေတ္တာပုဗ္ဗင်္ဂမ အာသီသပတ္ထနာ ပြုလျက် နှုတ်ခွန်းဆက်သအပ်ပါသည်ဘုရား။
ဆရာတော်အရှင်မြတ်တို့ဘုရား-
တပည့်တော်တို့ သဗ္ဗညုတဉာဏ်ရှင် ဂေါတမဘုရားရှင်သည် ဒီပင်္ကရာ မြတ်စွာဘုရားပွင့်တော်မူစဉ်က သုမေဓာရှင်ရသေ့ဘဝဖြင့် နိယတဗျာဒိတ်ပန်းကို ဆင်မြန်းတော်မူစဉ်ကပင် သာဝကပါရမီ ဉာဏ်ဖြင့် နိဗ္ဗာန်သောင်နန်း တစ်ဖက်ကမ်းသို့ ကူးယူလျှင်ရနိုင်သော် လည်း တစ်ဦးတည်းကူးမြောက်လျှင် အကျိုးမများနိုင်၊ သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရယူနိုင်ပါမှ တရားမြတ်ဒေသနာဖောင်စကြာဖြင့် သတ္တဝါဝေနေယျတို့ကို သံသရာဝဲဂယက်မှ ထုတ်ဆောင်ပြီး အမတ ခေမာ ကျွန်းသာယာသို့ တင်ကာပို့မည် စိတ်ကရည်၍ “တိဏ္ဏော တာရေယျံ၊ မုတ္တော မောစေယျံ၊ ဗုဒ္ဓေါ ဗောဓေယျံ” ဟူသော သုံးခွန်း သော စကားတို့ကို ရွှေနှုတ်တော်ဖွင့် ကျူးရင့်တော်မူကာ လေးအသင်္ချေ နှင့် ကမ္ဘာတစ်သိန်း ကာလကြာအောင် လူသာမန်တို့ အလွန်တရာ ရှာမှီးနိုင်ခဲသော ပါရမီဆယ်ပါး၊ စွန့်ခြင်းကြီးငါးပါးစသော ပါရမီတော် တို့ကို ဖြည့်ကျင့်တော်မူလျက် သဘာဝတရားတို့၏ အဆုံးစွန်သော သဘောလက္ခဏာတို့ကို ဟုတ်တိုင်းမှန်စွာ သိခြင်းငှါစွမ်းနိုင်သော “သမ္မာသမ္ဗောဓိ” ဆုကြီးကို ဆွတ်ခူးအောင်မြင်တော် မူခဲ့ပါသည်ဘုရား။
သတ္တဝါဝေနေယျတို့ အကျိုးစီးပွားဖြစ်ထွန်းဖို့ရန် ထားရစ်တော် မူခဲ့သော မြတ်စွာဘုရားရှင်၏ အဆုံးအမဒေသနာတော်တို့သည် ရှေးမဟာထေရ်အစဉ်အဆက်တို့ လက်ဆင့်ကမ်း ထိန်းသိမ်းစောင့် ရှောက်ခဲ့၍သာ တပည့်တော်တို့အနေဖြင့် ယခုလို သာသနာတော်မြတ် ကြီး၏ “သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားရေး” ဟူသော တာဝန်ကြီး သုံးရပ် တို့ကို ဘုန်းကံတရားကြီးမားစွာဖြင့် ထမ်းဆောင်ခွင့်ရနေကြခြင်း ဖြစ်ပါသည်ဘုရား။
ယင်းသို့ထမ်းဆောင်ကြရာ၌လည်း ရှေ့တန်းမှ မားမားရပ်၍ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့တွင် တာဝန်ယူထမ်းဆောင်ခွင့် ရကြခြင်းသည် ဘဝသံသရာဝယ် ကြီးကျယ်မြင့်မြတ်လှသော တာဝန် ကြီးကို ထမ်းဆောင်နေကြရခြင်းဖြစ်သည်ဟု မှတ်ယူစေချင်ပါသည် ဘုရား။ ဘုရားရှင်၏ တပည့်သား သာဝက အဆက်ဆက်တို့ ခေတ်အဆက်ဆက် တာဝန်ကျေကျေ ထမ်းဆောင်ခဲ့ကြ၍သာ ယနေ့ အချိန်ထိတိုင်အောင် ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ ဟူသော သာသနာ တော်သုံးရပ် တည်ရှိနေခြင်းဖြစ်ကြောင်း လျှောက်ထားလိုပါသည် ဘုရား။
ဆရာတော်အရှင်မြတ်တို့ဘုရား-
ထိုသို့ သဗ္ဗညုတဘုရားရှင်၏ သာသနာတော်မြတ်ကြီး နှစ်ငါးထောင်မက တည်တံ့နေစေရန် သံဃာ့အဖွဲ့အစည်းကြီးတွင် ထိပ်ဆုံးနေရာမှ ပါဝင်ကာ တာဝန်ယူ ထမ်းဆောင်နေကြသော ဘုရား တပည့်တော်တို့ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်များ အနေဖြင့်လည်း ကိုယ်တိုင်လည်း စွမ်းအားရှိသမျှ လုံ့လကြိုးကုတ် အားထုတ်ကြသလို တပည့်တော်တို့၏ မျိုးဆက်သစ် ရှင်ငယ်၊ ရဟန်း ငယ်တို့အား လိုက်နာကျင့်သုံးစေရာ၌ဖြစ်စေ၊ တပည့်ဒါယကာ၊ ဒါယိကာမတို့အား ကမ္မဋ္ဌာန်းပေးရာ၌ဖြစ်စေ အမှားအယွင်း အတိမ်း အစောင်း ကင်းစေရန်နှင့် ရှင်ငယ်၊ ရဟန်းငယ်တို့အား ထိန်းကျောင်း ရာ၌ လွယ်ကူချောမွေ့စေရန် “ပဋိပတ် မကင်းသော ပရိယတ်ဖြစ်ရန် လိုအပ်သလို ပရိယတ်မကင်းသော ပဋိပတ်ဖြစ်ရန်လည်း အထူး လိုအပ်လျက်ရှိသည်” ဆိုသည့်အချက်ကို သတိချပ်ရမည်ဖြစ်ပါသည် ဘုရား။
ထို့အတူ တပည့်တော်တို့ နိုင်ငံတော်သံဃမဟာနာယက အရှင် မြတ်တို့အနေဖြင့် ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် မှန်ကန်တည့်မတ်စေဖို့အတွက် အပ္ပမာဒတရား လက်ကိုင်ထားကာ သတိသမ္ဗဇဉ် ဉာဏ်ယှဉ်၍ ဆောင်ရွက်ရမည်ဖြစ် သည်ကိုလည်း အထူးအလေးထား လျှောက်ထားလိုပါသည်ဘုရား။
ဆရာတော်အရှင်မြတ်တို့ဘုရား-
တပည့်တော်တို့ နိုင်ငံတော်သံဃမဟာနာယကဆရာတော် အရှင် မြတ်တို့သည်-
ပိယော ဂရု ဘာဝနီယော၊ ဝတ္တာ စ ဝစနက္ခ မော။
ဂမ္ဘီရဉ္စ ကထံ ကတ္တာ၊ နော စဋ္ဌာနေ နိယောဇကော - ဟူသော အင်္ဂုတ္တရ ပါဠိတော်၊ သတ္တကနိပါတ်၊ ဒေဝတာဝဂ်၊ ဒုတိယမိတ္တသုတ်၌ လာသော ပိယ၊ ဂရု၊ ဘာဝနီယ စသော ဂုဏ်အင်္ဂါအရည်အချင်း (၇)ရပ်တို့နှင့် ပြည့်စုံအောင် ကျင့်ကြံကြိုးကုတ် အားထုတ်ဆောင်ရွက် သင့်ပါကြောင်း လျှောက်ထားလိုပါသည်ဘုရား။ ယင်းဂုဏ်အင်္ဂါ (၇) ရပ်တို့တွင်-
(၁) ပိယဂုဏ်ဆိုသည်မှာ သီတင်းသုံးဖော်တို့က ချစ်ခင်နှစ်လို ကြည်ညိုအပ်သော ဂုဏ်ဖြစ်ပါသည်။ ဘုရားတပည့်တော်တို့ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်များသည် သံဃာ့ အဖွဲ့အစည်းအဆင့်ဆင့်၏ ချစ်ခင်နှစ်လိုကြည်ညိုမှု၊ ရဟန်း ရှင်လူ ပြည်သူပြည်သားများ၏ ချစ်ခင်နှစ်လို ကြည်ညိုမှုကို ခံထိုက်သောပုဂ္ဂိုလ်များ ဖြစ်စေကြရပါမည်ဘုရား။
(၂) ဂရုဂုဏ်ဆိုသည်မှာ သီတင်းသုံးဖော်တို့က ရိုသေလေးစား အပ်သော ဂုဏ်ဖြစ်ပါသည်ဘုရား။ ဘုရားတပည့်တော်တို့ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်များသည် သံဃာ့ အဖွဲ့အစည်း အဆင့်ဆင့်၏ ရိုသေလေးစားမှု၊ ရဟန်းရှင်လူ ပြည်သူပြည်သား အများစု၏ ရိုသေလေးစားမှုကို ခံထိုက် သော ဂရုဂုဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်များ ဖြစ်စေကြရပါမည် ဘုရား။
(၃) ဘာဝနီယဂုဏ်ဆိုသည်မှာ “ဘာဝနီယောတိ အဒ္ဓါ အယမာ ယသ္မာ ဇာနံ ဇာနာတိ၊ ပဿံ ပဿတီတိ သမ္ဘာဝနီယော” ဟူသော အဋ္ဌကထာအဖွင့်အရ “ဤအရှင်သည် မချွတ်ဧကန် သိသင့်သည်ကို သိတတ်၊ မြင်သင့်သည်ကို မြင်တတ်ပါပေ သည်” ဟု ချီးမွမ်းထိုက်သော ဂုဏ်ဖြစ်ပါသည်ဘုရား။ တပည့်တော်တို့ နိုင်ငံတော်သံဃမဟာနာယက ဆရာတော် များသည် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်နှင့် ရဟန်းရှင်လူ ပြည်သူပြည်သားအများစုက “ဤဆရာတော်များသည် ဓမ္မဝိနယနှင့် ညီ/မညီစသည့် သိမြင်သင့် သိမြင်ထိုက်သည် များကို သိမြင်တော်မူကြသည့် ဆရာတော်များ ဖြစ်ကြ ပါပေသည်။ သိမြင်တော်မူကြသည့်အတိုင်း ဓမ္မဝိနယနှင့် အညီ ဆောင်ရွက်တော်မူကြသော ဆရာတော်များဖြစ်ကြပါ ပေသည်” ဟု ချီးမွမ်းထိုက်သည့် ဘာဝနီယဂုဏ်နှင့် ပြည့်စုံ စေကြရပါမည်ဘုရား။
(၄) ဝတ္တာဂုဏ်ဆိုသည်မှာ “ဝတ္တာတိ ဝစနကုသလော” ဟူသော အဋ္ဌကထာ အဖွင့်အရ စကားအရာ၌ လိမ္မာပါးနပ်စွာ ပြောဆို တတ်သော ဂုဏ်ဖြစ်ပါသည်။ တပည့်တော်တို့ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်များသည် သံဃာ့အဖွဲ့ အစည်း အဆင့်ဆင့်၊ ရဟန်းရှင်လူ၊ ပြည်သူအများနှင့် ဆက်ဆံပြောဆိုနေကြရသော ပုဂ္ဂိုလ်များဖြစ်သည့် အားလျော်စွာ စကားပြောဆိုရာတွင် လိမ္မာပါးနပ်စွာ ပြောဆို ဆက်ဆံနိုင်သော ဂုဏ်နှင့် ပြည့်စုံစေကြရပါမည်ဘုရား။
(၅) ဝစနက္ခမဂုဏ်ဆိုသည်မှာ “ဝစနက္ခမောတိ ဝစနံ ခမတိ၊ ဒိန္နံ သြဝါဒံ ကရောတိ” ဟူသော အဋ္ဌကထာအဖွင့်အရ ပညာရှိသူများ၏ ပြောဆိုဆုံးမမှုကို နာခံနိုင်သည့်ဂုဏ်၊ ပြောဆိုဆုံးမ သြဝါဒကို လိုက်နာပြုကျင့်နိုင်သည့်ဂုဏ် ဖြစ်ပါသည်ဘုရား။ တပည့်တော်တို့ နိုင်ငံတော်သံဃမဟာ နာယကဆရာတော်များသည် နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီးများ၊ အခြားသြဇာတိက္ကမရှိသော ပညာရှိ ဆရာတော်ကြီးများ၏ ပြောဆိုဆုံးမမှုကို ခံယူနိုင်သည့်ဂုဏ်၊ ပြောဆိုဆုံးမသြဝါဒကို လိုက်နာကျင့်ဆောင် နိုင်သည့်ဂုဏ် နှင့် ပြည့်စုံစေကြရပါမည်ဘုရား။ ထို့အပြင် ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်းကြီးနှင့် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင် အဖွဲ့တို့က ပြဋ္ဌာန်းထားသော စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အဆက်ဆက်က ထုတ်ပြန်ထားသော ညွှန်ကြားချက်၊ ညွှန်ကြားလွှာများကိုလည်း မိမိတို့ကိုယ်တိုင်က လေးလေး စားစား တိတိကျကျ လိုက်နာဆောင်ရွက်ကြရမည် ဖြစ်ပါ သည်ဘုရား။
(၆) ဂမ္ဘီရကထာကတ္တုဂုဏ်ဆိုသည်မှာ “ဂမ္ဘီရန္တိ ဂုယှံ ရဟဿံ ဈာန နိဿိတံ ဝိပဿနာမဂ္ဂဖလနိဗ္ဗာနနိဿိတံ ” ဟူသော အဋ္ဌကထာ အဖွင့်အရ သိမ်မွေ့နက်နဲသော ဈာန်၊ ဝိပဿနာ၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်နှင့် စပ်သောစကားကို ပြောဆိုသမှုပြုလုပ် တတ်သော ဂုဏ်ဖြစ်ပါသည်။ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ရှိ သံဃနာယကအဖွဲ့များ၏ လုပ်ငန်းအရ စဉ်းစားတွေးခေါ်မှု၊ မိန့်ကြားပြောဆိုမှု၊ ပြုမူဆောင်ရွက်မှုတို့ကိုလည်း အလျော် အားဖြင့် သွင်းယူသင့်ပါသည်ဘုရား။ သို့ဖြစ်၍ တပည့်တော် တို့ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်များ၏ စဉ်းစားတွေးခေါ်မှု၊ မိန့်ကြားပြောဆိုမှု၊ ပြုမူ ဆောင်ရွက်မှု ဟူသမျှတို့သည် မဟာနာယကအဖွဲ့၏ ဂုဏ်ရည်နှင့် ညီမျှ အောင် လေးနက်မှု၊ လျော်ကန်သင့်မြတ်မှုရှိစေရန် သတိ ထားပြုသင့်ပါကြောင်း လျှောက်ထားလိုပါသည်ဘုရား။
(၇) အဋ္ဌာန အနိယောဇနဂုဏ် ဆိုသည်မှာ စေခိုင်းတိုက်တွန်းသင့် သော အရာဌာနမဟုတ်သည့် အကျိုးမဲ့လုပ်ရပ်များ၌ “မစေ ခိုင်း၊ မတိုက်တွန်းသည့် ဂုဏ်” ဖြစ်ပါသည်။ တပည့်တော်တို့ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်များသည် သံဃာ့ အဖွဲ့အစည်း၊ ရဟန်းရှင်လူတို့ကို သင့်လျော်ရာဌာနမဟုတ် သည့် အကျိုးမဲ့ကိစ္စများ၌ မစေခိုင်း မတိုက်တွန်းမိစေရန် လျှောက်ထားလိုပါသည်ဘုရား။
နိုင်ငံတော်သံဃမဟာနာယက ဆရာတော်အရှင်မြတ်တို့ဘုရား-
ဤဂုဏ်အင်္ဂါအရည်အချင်း (၇) ရပ်တို့သည် တပည့်တော်တို့ နိုင်ငံတော် သံဃမဟာနာယကဆရာတော်များ အမြဲလက်ကိုင်ပြုကာ လိုက်နာကျင့်သုံးရမည့် မြတ်စွာဘုရားရှင်၏ နည်းပေးလမ်းညွှန်ချက် များ ဖြစ်ပါကြောင်း လျှောက်ထားလိုပါသည်ဘုရား။
ဆရာတော်အရှင်မြတ်တို့ဘုရား-
နိဂုံးချုပ်အနေဖြင့် လျှောက်ထားလိုသည်မှာ ဘုရားရှင်နှင့် ရှေးရှေး ကျေးဇူးတော်ရှင် ဆရာထေရ်ရှင်တို့၏ ကျေးဇူးဂုဏ်များကို တတ်နိုင် သမျှ ကျေပွန်အောင် ဆပ်နိုင်ဖို့ဆိုလျှင် သဒ္ဓမ္မသုံးဖြာသာသနာတော် မြတ်ကြီး အဓွန့်ရှည်အောင် ထမ်းဆောင်နေကြရန်သာ ဖြစ်ပါသည် ဘုရား။ သို့ဖြစ်ရာ ဘုရားတပည့်တော် လျှောက်ထားခဲ့သော ပိယ၊ ဂရု၊ ဘာဝနီယ စသော ဂုဏ်အင်္ဂါ အရည်အချင်း (၇) ရပ်တို့နှင့် ပြည့်စုံ အောင် ကိုယ်တိုင်လည်းကြိုးစားအားထုတ်၍ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်နှင့် ရဟန်းရှင်လူ ပြည်သူပြည်သားအများကိုလည်း ပြည့်စုံ စေရေး တိုက်တွန်းဆုံးမနိုင်ကြရန် လိုအပ်ပါကြောင်း လျှောက်ထားရင်း ဘုရားတပည့်တော်၏ အစည်းအဝေးဖွင့် သာရဏီယ သြဝါဒကထာ ကို နိဂုံးကမ္ပတ် အဆုံးသတ်အပ်ပါသည် ဆရာတော် သံဃာတော် အရှင်မြတ်တို့ဘုရား။
ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ
ဥက္ကဋ္ဌဆရာတော်
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့