
မန္တလေး မေ ၃
မန္တလေးမြို့ရှိ မန္တလေးဗဟို အကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၅၇၂ ဦး လွတ်ငြိမ်းခွင့် ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ မန္တလေးဗဟိုအကျဉ်း ထောင်မှ လွတ်ငြိမ်းခွင့်ရရှိခဲ့သည့် အကျဉ်းသား ၅၂၅ ဦး၊ အကျဉ်း သူ ၄၇ ဦး စုစုပေါင်း ၅၇၂ ဦး တို့ကို တိုင်းဒေသကြီး လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ယနေ့မွန်းလွဲပိုင်းတွင် မန္တလေး ဗဟိုအကျဉ်းထောင်၌ တွေ့ဆုံ၍ ဆုံးမ ဩဝါဒစကားများ ပြောကြားခဲ့သည်။
ထို့နောက် လွတ်ငြိမ်းခွင့်ရ အကျဉ်းသား၊ အကျဉ်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ နေ့တွက်စရိတ်နှင့် ခရီးစရိတ်ပေးအပ် ခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေး၍ အကျဉ်းထောင်မှ လွှတ်ပေး ခဲ့သည်။
တိုင်းဒေသကြီး အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချိုဝင်းထွန်း က “ဒီနေ့လွတ်မြောက်တဲ့သူ အားလုံးဟာ ပုဒ်မ ၅၀၅-က နဲ့ ပြစ်ဒဏ် ကျခံနေရတဲ့သူတွေထဲကမှ ထိုက်သင့်တဲ့ ပြစ်ဒဏ်ခံစားပြီး ကျန်ကာလ တစ်နှစ်အောက်သူတွေကို လွတ်ငြိမ်းခွင့်ပြုခြင်းဖြစ်ပါတယ်။ ကျွန်တော် တို့ အကျဉ်းဦးစီးဌာနက ထိန်းသိမ်းထားတဲ့ မည်သူ့ကိုမဆိုသူ့ရဲ့ ပြစ်ဒဏ် ကာလ ပြည့်တဲ့အချိန်မှာ လွတ်မြောက်စေချင်တဲ့ ဆန္ဒရှိပါတယ်။ ဒါကြောင့် ဒီနေ့လွတ်မြောက်တဲ့သူတွေကိုယ်စား နိုင်ငံတော်က တာဝန် ရှိသူတွေကို ကျေးဇူးတင်ရှိပါတယ်။ လွတ်မြောက်သွားတဲ့ အကျဉ်း သား၊ အကျဉ်းသူတွေအနေနဲ့လည်း နိုင်ငံတော်ရဲ့ စေတနာအမှန်ကို သိရှိနားလည်မယ်လို့လည်း ယူဆပါတယ်” ဟုပြောသည်။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိခဲ့သူ တစ်ဦးကလည်း “အကျဉ်းထောင် ထဲမှာ နေလာတာလည်း တစ်နှစ်ကျော်ပြီဆိုတော့ အိမ်ကိုပြန်ချင်နေ ပါပြီ။ အခုလိုလွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး မိသားစုနဲ့ အမြန်ဆုံးတွေ့ရ တဲ့အတွက်လည်း ရင်ထဲမှာ ပြောမပြတတ်အောင် ပျော်ရွှင်မိနေပါတယ်။ လူသားချင်းစာနာထောက်ထားပြီး လွတ်ငြိမ်းခွင့်ပေးတဲ့ နိုင်ငံတော် တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ရှိပါတယ်” ဟုပြောသည်။
၉၅၁ ဦး လွတ်မြောက်လာခဲ့
ယနေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင် ငါးခုမှ အကျဉ်းသား ၈၀၃ ဦး၊ အကျဉ်းသူ ၁၄၈ ဦး စုစုပေါင်း ၉၅၁ ဦး လွတ်မြောက်လာခဲ့ကြောင်း သိရသည်။
မောင်အေးချမ်း