
မန္တလေး-ကျောက်ဖြူ ရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်း ဖြစ်မြောက်နိုင်ခြေ လေ့လာမှုဆောင်ရွက်ရန် မြန်မာ့မီးရထားနှင့် China Railway Eryuan Engineering Group Co.,Ltd.(CREEC) တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး
=================================================================================================================================================
နေပြည်တော် ဇန်နဝါရီ ၁၂
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား နှင့် China Railway Eryuan Engineering Group Co.,Ltd. (CREEC) တို့အကြား မန္တလေး-ကျောက်ဖြူရထားလမ်းသစ် ဖောက်လုပ်ရေး စီမံကိန်းဖြစ်မြောက်နိုင်ခြေလေ့လာမှု (Feasibility Study) ဆောင်ရွက်ရန်အတွက် နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၀ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပသည်။
အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်၊ မြန်မာ့ မီးရထား ခေတ္တဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ဝင်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်နှင့် တာဝန်ရှိသူများ၊ CREEC မှ Chief Representative of CREC Myanmar, Mr. Wang Guoliang နှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ One Belt- One Road အစီအစဉ်အရဖြစ်ပေါ်လာသည့် China-Myanmar Economic Corridor တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ စီမံကိန်းများထဲတွင် တစ်ခုအပါ အဝင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခု ဖြစ်သည်နှင့်အညီ ယခုကဲ့သို့ ငွေကြေးကုန်ကျမှုများစွာ ရင်းနှီးမြှုပ်နှံ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် စီမံကိန်းတစ်ခုအပေါ် စီမံကိန်း၏ ဖြစ်နိုင်စွမ်းအခြေအနေ များကိုလည်း သတိကြီးစွာ အသေးစိတ်လေ့လာမှုပြုလုပ်ရန် လိုအပ်ပါကြောင်း၊ ထို့ပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းနှင့် လူမှုရေးထိခိုက်မှု ဆန်းစစ်ခြင်းများကိုပါ တစ်ပါတည်း အသေးစိတ်လေ့လာရမည်လည်း ဖြစ်ပါ ကြောင်း။
ယခု မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်းဖြစ် မြောက်နိုင်ရေးလေ့လာမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရခြင်းဖြစ် ပါကြောင်း၊ မန္တလေး-မူဆယ် ရထားလမ်းဖြစ်မြောက်နိုင်စွမ်း အခြေအနေများ လေ့လာပြီးစီးခဲ့မှုနှင့်ပတ်သက်၍ တစ်ဆက် တစ်စပ်တည်း သုံးသပ်မှုများ ပြုလုပ်နိုင်ရန် ဆောင်ရွက်ခြင်း လည်း ဖြစ်ပါကြောင်း၊ အဆိုပါ ရထားလမ်းစီမံကိန်း အကောင် အထည်ဖော်နိုင်ရေးအတွက် ဆွေမျိုးပေါက်ဖော်ချစ်ကြည် ရေး စိတ်ဓာတ်နှင့်အညီ ညီအစ်ကိုမောင်ရင်းစိတ်ဓာတ်ဖြင့် နှစ်ဦးနှစ်ဖက် ယုံကြည်မှု၊ သစ္စာရှိမှု၊ ချစ်ခင်ရင်းနှီးမှု၊ နှစ်ဦး နှစ်ဖက်၏ အကျိုးရှိမှု၊ နှစ်ဦးနှစ်ဖက် အပြန်အလှန် နားလည်မှုများဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ကြလိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်သည် လည်း သမိုင်းဝင်ခရီးစဉ် ဖြစ်ခဲ့ပါကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကို ပြန်ကြည့်မည်ဆိုပါက သမ္မတရှီကျင့်ဖျင်၏ မြန်မာနိုင်ငံ ခရီးစဉ်ရလဒ်များကို တက်ကြွစွာ အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၂၁ ခုနှစ်သည် တရုတ်နိုင်ငံ၏ (၁၄) ကြိမ်မြောက် (၅)နှစ်စီမံကိန်းဖြစ်ပါ ကြောင်း၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ Dali မှ ရွှေလီ (Ruili) ထိ ရထားလမ်းသည် ၂၀၂၃ ခုနှစ်တွင် ဆောက်လုပ် ပြီးစီးပါက စတင်ပြေးဆွဲနိုင်မည်ဖြစ်၍ တရုတ်-မြန်မာ ရထားလမ်းချိတ်ဆက်ပြီးပါက မြန်မာနိုင်ငံအနေဖြင့် လူဦးရေ ၁ ဒသမ ၄ ဘီလီယံ စျေးကွက်ကို ဝင်ရောက်နိုင်မည်ဖြစ်ပါ ကြောင်း၊ ကျယ်ပြန့်သည့်အာရှနှင့် ဥရောပဒေသကို ပိုမို နီးကပ်စွာချိတ်ဆက်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေး နှင့် လူမှုဘဝကိုလည်း တိုးတက်ရရှိစေမည်ဖြစ်ပါကြောင်း၊ ယခုလိုစီမံကိန်း ဖြစ်မြောက်နိုင်ခြေ လေ့လာဆောင်ရွက်မည့် တရုတ်နိုင်ငံမှ CREEC ကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီ ၅၀၀ စာရင်းတွင်ပါဝင်သော China Railway Group Co.,Ltd.(CRGC)၏ အဓိကနည်းပညာကုမ္ပဏီဖြစ်ပါ ကြောင်း၊ CREEC ကုမ္ပဏီက ကြိုးပမ်းမှုနှင့်အတူ မန္တလေး- ကျောက်ဖြူရထားလမ်း ဖြစ်မြောက်နိုင်ခြေလေ့လာမှု လုပ်ငန်းများ ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်မည်ဖြစ် ပါကြောင်း၊ နှစ်ဦးနှစ်ဖက် အတူတကွကြိုးစား၍ ဖြစ် မြောက်နိုင်ခြေလေ့လာမှုအပေါ် အခြေခံကာ ရထားလမ်းဖောက်လုပ်ရေးစီမံကိန်းကို အကောင်အထည် ဖော်ဆောင် ရွက်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာ့မီးရထား ခေတ္တဦးဆောင်ညွှန်ကြား ရေးမှူးနှင့် CREEC မှ Chief Representative of CREC Myanmar တို့က ပြည်ထောင်စုဝန်ကြီးနှင့် သံအမတ်ကြီးတို့ ရှေ့မှောက်၌ နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုး ကြပြီး စာချုပ်များကို အပြန်အလှန်လဲလှယ်ကြသည်။
အဆိုပါ နားလည်မှုစာချွန်လွှာသက်တမ်းအား နှစ်နှစ် သတ်မှတ်ထားရှိပြီး စီမံကိန်းလေ့လာမှု အစီရင်ခံစာအား ၁၈ လအတွင်း ပြန်လည်တင်ပြရမည်ဖြစ်ကာ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း၊ လူမှုရေးထိခိုက်မှု ဆန်းစစ်ခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်မှု ဆန်းစစ်ခြင်းတို့ကိုပါ တစ်ပါတည်း ထည့်သွင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်