မန်းရွှေစက်တော်ဘုရားတွင် တည်ဆောက်သော ဓာတ်လှေကားတာဝါ စမ်းသပ်အသုံးပြုမည်

 

မင်းဘူး    ဇန်နဝါရီ         ၃၀

 


မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ်ရှိ  မန်းရွှေစက်တော် ဘုရားကြီးတွင်    တည်ဆောက် လျက်ရှိသော     ဓာတ်လှေကား တာဝါအတွင်း၌  ဓာတ်လှေကား အိမ်ကို တပ်ဆင်ဆောင်ရွက်နေ ပြီးမကြာမီရက်ပိုင်းအတွင်း စတင် စမ်းသပ်   အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း      ဓာတ်လှေကား ဆောက်လုပ်ရေးကုမ္ပဏီ   Project    မန်နေဂျာ ဦးသန်းလွင်ထံမှ သိရ သည်။

 


ဓာတ်လှေကားတာဝါ    (Lift Tower နှင့်  Walk  Way  Bridge)      တည်ဆောက်ရေး     လုပ်ငန်းကို ပြီးခဲ့သည့်နှစ်     ဇွန်   ၂၉  ရက်မှ   စတင်ကာ Phase-1 နှင့်  Phase-2  ဟူ၍   နှစ်ပိုင်းခွဲ  ဆောင်ရွက်ခဲ့ပြီး  ယခုအခါ        ဓာတ်လှေကား အဆောက်အအုံ တည်ဆောက်ရေး Phase-1 အပိုင်းမှာ  အချောသပ် ဆေးသုတ်ခြင်း၊   ငြမ်းဖြုတ်ခြင်း၊   ဓာတ်လှေကား     ပတ်လမ်းနှင့် ကားပါကင်    ကွန်ကရစ်လောင်း ခြင်းလုပ်ငန်းများသာ ကျန်ရှိတော့ ကြောင်း၊     တည်ဆောက်ရေး       လုပ်ငန်းအားလုံး  ၉၅ ရာခိုင်နှုန်း ကျော်    ဆောက်လုပ်ပြီးစီးနေပြီး ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း အပြီး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း    Kyaw  Thar  Engineering   Construction Group  ကုမ္ပဏီမှ  Project  မန်နေဂျာ ဦးသန်းလွင်က ပြောသည်။

 


ဓာတ်လှေကားတာဝါ  တည်ဆောက်ရေး  Phase-2 အပိုင်းတွင် ဓာတ်လှေကားအိမ်တပ်ဆင်ရန်  ကားဖရိန်နှင့် ကောင်တာဝိတ်ဖရိန် တပ်ဆင်ခြင်းများကို   ဇန်နဝါရီ ၁၆ ရက်က  စတင်ဆောင်ရွက်ခဲ့ပြီး  မှာယူထားသော    စပိန်နိုင်ငံထုတ်    Orona  ဓာတ်လှေကားအမျိုးအစားနှင့် ဆက်စပ်ပစ္စည်းများမှာ  ဇန်နဝါရီ  ၂၂  ရက်တွင်  ရောက်ရှိခဲ့ကြောင်း၊    ဓာတ်လှေကားအိမ်ဆင်ရန်   ၆  မီလီမီတာ  စတီးကြိုးတစ်ဖက်လျှင်  ခုနစ်ကြိုးဖြင့်  စုစုပေါင်း ၁၄ ကြိုး  တပ်ဆင်ထားပြီး  ယခုလကုန်တွင် အပြီးတပ်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဓာတ်လှေကား စတင် အသုံးပြု စမ်းသပ်မောင်းနှင်ခြင်း (EI စစ်ဆေးခြင်း) များကို ဖေဖော်ဝါရီ ၁ ရက်မှ  ၄ ရက်အထိ  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း      ဓာတ်လှေကား တပ်ဆင်ရေး  AGT ကုမ္ပဏီမှ  တာဝန်ခံ  Assistant Chief Engineer ဦးသိန်းဝင်းအောင်က ပြောသည်။

 


မန်းရွှေစက်တော်ဘုရား ဓာတ်လှေကားတာဝါကို Phase-1 အပိုင်း အဖြစ်    နှစ်ကျိပ်ရှစ်ဆူစေတီတော်အနီးမှ    ကိုးခန်းကြီးဘုရားအထိ (အလျား ပေ ၂၁၀ x အမြင့် ၁၁၉ ပေ  x အကျယ် ၁၂ ပေ)ရှိပြီး ဘုရားကြီး ဘဏ္ဍာငွေမှ ခွင့်ပြု‌ငွေကျပ်သိန်းပေါင်း ၁၆၀၀၀ ခန့်ဖြင့် တည်ဆောက် နေကြောင်း၊  ဓာတ်လှေကား  Phase-2 အပိုင်းကို  AGT ကုမ္ပဏီက စပိန်နိုင်ငံထုတ် Orona ဓာတ်လှေကားအမျိုးအစား Lift Tower နှစ်စင်း ကို ခွင့်ပြု‌ငွေကျပ်သိန်းပေါင်း ၂၃၀၀ ခန့်ဖြင့် မှာယူကာ အတက်နှင့် အဆင်းဟူ၍ ဇန်နဝါရီ ၂၃ ရက်က စတင်တပ်ဆင်ဆောင်ရွက်နေပြီး မကြာမီရက်ပိုင်းအတွင်း စတင်စမ်းသပ် အသုံးပြုနိုင်တော့မည်ဖြစ်သည်။

 


ဓာတ်လှေကား တည်ဆောက်နိုင်ခဲ့သည့်အတွက်     သက်ကြီးဘိုးဘွား များ၊  ကလေးသူငယ်များနှင့်  မသန်စွမ်းသူများအပြင်  ဘုရားဖူးမိဘ ပြည်သူများအနေဖြင့်  အလွယ်တကူ တက်ရောက်ဖူးမြော်နိုင်တော့ မည်ဖြစ်ကြောင်း၊ ဓာတ်လှေကားတစ်စင်းကို လူ ၂၀ နှုန်းဖြင့် စုစုပေါင်း လူ ၄၀ လိုက်ပါစီးနင်းနိုင်မည်ဖြစ်ပြီး  ဓာတ်လှေကား တည်ဆောက်ရေး လုပ်ငန်းအားလုံး  ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း အပြီးဆောင်ရွက် နိုင်မည်ဟု ခန့်မှန်းထားကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။                                             
မောင်မောင်(မင်းဘူး)