မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို လာမည့်နှစ် ဇန်နဝါရီ ၂၅ ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

 

မင်းဘူး     ဒီဇင်ဘာ      ၃


မကွေးတိုင်းဒေသကြီး   မင်းဘူး(စကု)မြို့နယ်ရှိ    မန်းရွှေစက်တော် ဘုရား  ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို  ၂၀၂၃  ခုနှစ်  ဇန်နဝါရီ ၂၅ ရက် (တပို့တွဲလဆန်း ၅ ရက်)  နေ့မှစတင်ကာ   စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ  ခရိုင်အုပ်ချုပ်ရေးမှူး  ဦးထွန်းထွန်းဝင်းထံမှ သိရသည်။

 


မန်းရွှေစက်တော်     ဘုရားပွဲတော်ကြီးကို     အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်နိုင်ရန် မန်းရွှေစက်တော်ဘုရား ဩဝါဒါ စရိယ ဆရာတော်များထံမှ ဩဝါဒခံယူပြီးဖြစ်ကာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၅ ရက် (တပို့တွဲလဆန်း ၅ ရက်) နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများ အဆင်ပြေစေရန် တည်းခိုဆောင်  အလုံး ၁၀၀၀ ခန့်နှင့် ဈေးဆိုင်ခန်းပေါင်း ၅၀၀ ကျော် ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း၊    ရပ်ဝေး/ရပ်နီးမှ  ဘုရားဖူး လာရောက်ကြမည့်   ဘုရားဖူးရဟန်းရှင်လူ   မိဘပြည်သူများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ တည်းခိုဆောင်များ၌ စနစ်တကျ ညအိပ်တည်းခိုခွင့်ပြုမည်ဖြစ်ကြောင်း     မန်းရွှေစက်တော်ဘုရား ပွဲတော်ကျင်းပရေး     လုပ်ငန်းကော်မတီဥက္ကဋ္ဌ  ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။

 


မန်းရွှေစက်တော်   အောက်စက်တော်ရာ   (ခြေတော်ရာ)အား ဘုရားဖူးလာရောက်ကြသူများ    ရာသီမရွေး    အဆင်ပြေချောမွေ့စွာ   သွားရောက်ဖူးမြော်နိုင်စေရန်အတွက်  မန်းချောင်းတံတား  (အထူး တံတား)ကို  ယခင်ဘေလီသစ်သားတံတားအစား  ယခုအခါ   ဘေလီ သံပေါင်တံတားအဖြစ်   အမှတ်(၉၆၇)   ဆောက်လုပ်ရေးတပ်ခွဲ အင်ဂျင်နီယာတပ်မှ   ဘုရားပွဲတော်ဖွင့်ပွဲမတိုင်မီ     အပြီးတည်ဆောက် ပေးသွားမည်ဖြစ်ကြောင်း  မန်းရွှေစက်တော်   ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ    ဦးဝင်းဌေးက ရှင်းပြသည်။

 


မန်းရွှေစက်တော်ဘုရားကြီးသည်  မြန်မာနိုင်ငံ၏ (က) စာရင်းဝင် ဘုရားကြီးဖြစ်ပြီး မန်းရွှေစက်တော်   ရာပါဒစေတီတော်  ဗုဒ္ဓပူဇနိယ ပွဲတော်ကို နှစ်စဉ်တပို့တွဲလဆန်း ၅ ရက်မှ   မြန်မာနှစ်ဆန်း  ၁ ရက် အထိ    ရက်ပေါင်း  ၈၀  ကြာ   စည်ကားသိုက်မြိုက်စွာ   ကျင်းပလေ့ရှိ ကြောင်း၊ မြန်မာနိုင်ငံအတွင်း  မြတ်စွာဘုရားရှင် ကြွရောက်တော်မူပြီး ထူးကဲလှသော        သမိုင်းဝင်ဘုရားပွဲတော်ကြီးဖြစ်သည့်အတွက် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးရဟန်းရှင်လူ  မိဘပြည်သူများ   နှစ်စဉ် စည်ကားများပြားစွာ လာရောက်ဖူးမြော်လေ့ရှိကြောင်း သိရသည်။ 

 


မောင်မောင်(မင်းဘူး)