မန်းရွှေစက်တော်ဘုရားကြီးရှိ အောက်စက်တော်ရာ ဘုံခုနစ်ဆင့်ကို ပြန်လည်ပြုပြင်မွမ်းမံ၍ ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းသွားမည်

 

မင်းဘူး  ဒီဇင်ဘာ   ၂၅
မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင်   မင်းဘူး (စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီး၌ ရွှေအစစ်ဖြင့် ကပ်လှူပူဇော်ထားသော         မန်းရွှေစက်တော် အောက်စက်တော်ရာ ဘုံခုနစ်ဆင့်ကို ပြန်လည်ပြုပြင် မွမ်းမံမှုများ ဆောင်ရွက်၍ ရွှေသင်္ကန်းများ ဆက်ကပ် လှူဒါန်းသွားမည်ဖြစ်ကြောင်း     မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး     ဦးထွန်းထွန်းဝင်းထံမှ     သိရ သည်။
အဆိုပါဘုံခုနစ်ဆင့်ကို   ပြန်လည်ပြုပြင်မွမ်းမံ၍ ရွှေသင်္ကန်းများ  ဆက်ကပ်လှူဒါန်းနိုင်ရန် ရွှေချွတ်လုပ်ငန်းဆောင်ရွက်လိုသူများကို  နိုဝင်ဘာ ၂၄ ရက်မှ    ဒီဇင်ဘာ  ၈   ရက်အထိ   အဆိုပြုလွှာ    တင်ဒါ စနစ်ဖြင့်ခေါ်ယူ၍    လုပ်ငန်းရှင်ခုနစ်ဦးက   အဆိုပြု လျှောက်လွှာတင်သွင်းပြီး တင်ဒါအောင်မြင်ခဲ့သော သိဒ္ဒိရှင်ရွှေဆိုင်းလုပ်ငန်းက       ဘုရားပွဲတော်ရက် မတိုင်မီ   အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း    သိရ သည်။
အောက်စက်တော်ရာ          ဘုံခုနစ်ဆင့်သည် ရှေးယခင်ကပင် ရွှေအစစ်ဖြင့် ရွှေချကပ်လှူပူဇော် ထားပြီး ရွှေခွာခြင်းလုပ်ငန်းများကို တင်ဒါစနစ်ဖြင့် စီမံဆောင်ရွက်၍    သဘာဝဘေးကြောင့်    ပျက်စီး၊ ပျောက်ဆုံးနေသော ပန်းပုလက်ရာများကို  နဂိုမူလ ပုံစံအတိုင်း    ရှေးမူလက်ရာမပျက်    (ရွှေချခြင်း) ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း     လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း  ခရိုင်အုပ်ချုပ်ရေးမှူး က  ပြောသည်။
ထို့အပြင်      မန်းရွှေစက်တော်ဘုရားကြီးတွင် ဘက်စုံပြုပြင်မွမ်းမံမှုအနေဖြင့် အောက်စက်တော်ရာ နှင့် အထက်စက်တော်ရာ ဘုရားမျက်နှာကြက်များကို ရှေးမူလက်ရာများဖြင့်   ပုဂံဒေသမှ   ယွန်းပညာရှင် များအားခေါ်ယူ၍ ယွန်းအလှပန်းများ တပ်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အောက်စက်တော်ရာ ဘုံခုနစ်ဆင့်သည် ရှေးယခင်ကပင် သစ်သားပန်းပု လက်ရာများဖြင့် အနုပညာလက်ရာမြောက်စွာဖြင့် ဆောင်ရွက်ထားရှိပြီး     နှစ်ကာလများစွာကြာမြင့်မှု ကြောင့်     ပျက်စီးယိုယွင်းမှုများနှင့်    သဘာဝဘေး ဒဏ်ကြောင့်    ပျက်စီးပျောက်ဆုံးမှုများ     ရှိခဲ့သည့် အတွက်     ရှေးမူလက်ရာမပျက်       ပုံစံတူပြုပြင်၍ ဆောင်ရွက်မည်ဖြစ်ကြောင်း၊     မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို ၂၀၂၄ ခုနှစ်   ဖေဖော်ဝါရီ   ၁၄ ရက် (တပို့တွဲလဆန်း ၅ ရက်နေ့) တွင် စတင်ဖွင့်လှစ် ၍        စည်ကားသိုက်မြိုက်စွာ     ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
မောင်မောင် (မင်းဘူး)