
ငဖဲ သြဂုတ် ၂၁
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ဘုရားကြီးတွင် နှစ်ကျိပ်ရှစ်ဆူစေတီအနီးမှ ကိုးခန်းကြီး ဘုရားကြီးအထိ တည်ဆောက်လျက်ရှိ သည့် ဓာတ်လှေကားတာဝါနှင့် Sky Walk Way Bridge တည် ဆောက်ရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့ထိ လုပ်ငန်း ၏ ၄၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ဓာတ်လှေကားတည်ဆောက်ရေး စီမံကိန်း မန်နေဂျာ ဦးသန်းလွင်ထံမှ သိရသည်။
“ကျွန်တော်တို့ ဓာတ်လှေကား တာဝါ တည်ဆောက်ရေးအနေနဲ့ ဘိုးပိုင် ၂၄ လုံး တူးခြင်းလုပ်ငန်းကို ဇူလိုင်လထဲမှာ ဆောင်ရွက်ပြီးစီးပြီး Lift Tower နှစ်စင်း ကို ဆောက်လုပ်လျက်ရှိပါတယ်။ ဘိုးပိုင် ပြီးတော့ လက်ရှိအပေါ်ပိုင်းမှာ တစ်မီတာ၊ နှစ်မီတာ အရှည်ရှိတဲ့ Lift Column ကို
ဝန်ထမ်းများနဲ့ နေ့ညမပြတ် လုပ်ငန်းဆောင်ရွက်နေပါတယ်။ ဆောက်လုပ်ရေးပစ္စည်းတွေက လုပ်ငန်းခွင်အတွင်း ပြည့်ပြည့်စုံစုံ ရောက်ရှိနေပါပြီ။ Lift Column ကို သြဂုတ်လကုန်လောက်မှာ တည်ဆောက်သွားမှာဖြစ်ပြီး တည်ဆောက်ပြီးရင် ပစ္စည်းတွေအပေါ်တင် ပြီး ဓာတ်လှေကားတည်ဆောက်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင် ရွက်သွားမှာဖြစ်ပါတယ်”ဟု တည်ဆောက်ရေးစီမံကိန်း မန်နေဂျာ ဦးသန်းလွင်က ပြောကြားသည်။
အဆိုပါ ဓာတ်လှေကားတာဝါကို အလျား ပေ ၂၁၀၊ အမြင့် ၁၁၉ ပေ၊ လျှောက်လမ်းအကျယ် ၁၂ ပေဖြင့် Kyaw Thar ကုမ္ပဏီက ငွေကျပ် သိန်းပေါင်း ၁၆၀၀၀ ခန့်ဖြင့် တာဝန်ယူတည်ဆောက်ခြင်းဖြစ်ပြီး ယနေ့အထိ လုပ်ငန်း၏ ၄၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကာ ၂၀၂၂ ခုနှစ် မန်းရွှေစက်တော် ဘုရားပွဲတော်မကျင်းပမီ ကာလအတွင်း အချိန်မီ ပြီးစီးအောင်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
မယု (ငဖဲ)