မန်းရွှေစက်တော်ဘုရား ဓာတ်လှေကားလျှောက်လမ်းသံပေါင်များ တပ်ဆင်

 

မင်းဘူး    စက်တင်ဘာ         ၂၆


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး (စကု)မြို့နယ်ရှိ   မန်းရွှေစက်တော်ဘုရား ကြီးတွင်      တည်ဆောက်လျက်ရှိသော ဓာတ်လှေကားတာဝါ (Lift Tower နှင့် Walk Way Bridge) လျှောက်လမ်းအတွက် သံပေါင် များတပ်ဆင်နေပြီဖြစ်ကြောင်း ဓာတ်လှေကား ဆောက်လုပ်ရေးကုမ္ပဏီ Project မန်နေဂျာ ဦးသန်းလွင်ထံမှ သိရသည်။


မန်းရွှေစက်တော်ဘုရား ဓာတ်လှေကား တာဝါကို အလျား ပေ ၂၁၀၊ အမြင့် ၁၁၉ ပေ၊   အကျယ် ၁၂ ပေဖြင့် အတက်နှင့်  အဆင်းဟူ၍ Lift Tower နှစ်စင်းကို ဘုရားရန်ပုံငွေမှ ခွင့်ပြု‌ ငွေကျပ်  သိန်းပေါင်း   ၁၆၀၀၀   ခန့်ဖြင့် တည်ဆောက်နေကြောင်း၊ ယခုအခါ ဓာတ်လှေ ကားနားနေဆောင်   ဆောက်လုပ်ခြင်းနှင့် လျှောက်လမ်းသံပေါင် (၃)ခန်းအနက် (၂)ခန်း တပ်ဆင်ပြီးစီးသွားပြီဖြစ်ကြောင်း၊  လုပ်ငန်းကာလမှာ  ၂၉-၆-၂၀၂၁ ရက်နေ့မှ   ၉-၁-၂၀၂၂  ရက်နေ့အထိဖြစ်ပြီး  ၆၃  ရာခိုင်နှုန်းကျော် ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း  Kyaw  Thar  Engineering Construction Group ကုမ္ပဏီမှ Project မန်နေဂျာ ဦးသန်းလွင်က ပြောသည်။ 


အဆိုပါဓာတ်လှေကား၏ လျှောက်လမ်းအကျယ်မှာ ၁၂ ပေရှိပြီး အတက်နှင့် အဆင်းဟူ၍ နှစ်စင်းဖြစ်သည့်အတွက် ဓာတ်လှေကား တစ်စင်းလျှင် လူ ၂၀ နှုန်းဖြင့် စုစုပေါင်း လူ ၄၀  လိုက်ပါစီးနင်းနိုင်မည် ဖြစ်ပြီး ဘုရားပွဲတော်ချိန်မတိုင်မီ အပြီးတည်ဆောက်မည်ဖြစ်သည်။


မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ကြွရောက်တော်မူခဲ့သော  ထူးကဲ လှသည့်    သမိုင်းဝင်မြတ်ဗုဒ္ဓ၏    ပါဒခြေတော်ရာ   နှစ်ဆူတည်ရှိရာ မန်းရွှေစက်တော်ဘုရားကြီးအား   အနယ်နယ်အရပ်ရပ်မှ   ဘုရားဖူး ရဟန်းရှင်လူ မိဘပြည်သူများအပြင် သက်ကြီးဘိုးဘွားများ၊ ကလေး သူငယ်များနှင့်    မသန်စွမ်းသူများအနေဖြင့်    နှစ်ကျိပ်ရှစ်ဆူဘုရား စေတီတော်အနီးမှ အထက်ကိုးခန်းကြီးဘုရား ရင်ပြင်အထိ အလွယ် တကူ တက်ရောက်ဖူးမြော်ကြည်ညိုနိုင်စေရန်အတွက် တည်ဆောက် ရခြင်းဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။ 


မောင်မောင်(မင်းဘူး)