
မော်လမြိုင် မေ ၂၈
၂၀၂၂-၂၀၂၃ ပညာသင်နှစ် မွန်ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း ရတနာမွန်ခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
အဆိုပါ အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီး ချုပ် ဦးဇော်လင်းထွန်းက အမှာစကားပြောကြား ရာတွင် ယခုနှစ်ကျောင်းအပ်နှံရေးလှုပ်ရှားမှု ဆောင်ပုဒ်မှာ “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဖြစ်ကြောင်း၊ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဆောင်ရွက်ရသည့် ရည်ရွယ်ချက်မှာ လူငယ်တိုင်း အခြေခံပညာသင်ယူခွင့်ရရှိစေရန်၊ ကျောင်းအပ်နှံရေး အခွင့်အလမ်းများရရှိပြီး ကျောင်းတက်၊ ကျောင်းနေ နှုန်း မြင့်မားလာစေရန်နှင့် အခမဲ့ပညာရေးစနစ် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ရေးတို့ ဖြစ်ကြောင်း၊ ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များ အောင်မြင်နိုင်ရေးအတွက် ဒေသဆိုင်ရာ လူမှုရေး အသင်းအဖွဲ့များ၊ မိဘပြည်သူများ၊ ဆရာ ဆရာမ များ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရန် အလေးအနက်မှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာဝင်းထွန်းက ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၏ ကျောင်းအပ်နှံရေးအခမ်းအနား လမ်းညွှန်မှာကြား ချက်များကို ထပ်ဆင့်ရှင်းလင်းတင်ပြပြီး ပြည်နယ် ပညာရေးမှူး ဒေါက်တာဒေါ်ချိုချိုမြတ်အောင်က ကျောင်းအပ်နှံမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အဆင့်မြင့် ပညာဦးစီးဌာနမှ အခမဲ့ဖြန့်ဝေသော ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံတို့ကို ထောက်ပံ့ပေးအပ်ရာ သက်ဆိုင် ရာ ပညာရေးမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာ၀န်ရှိသူများက အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၉)အခြေခံပညာအထက်တန်းများတွင် ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံနေမှု အခြေအနေ များကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)