မော်လမြိုင် ဇွန် ၁၉
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ဇွန် ၁၇ ရက်က သူနာပြုသင်တန်း ကျောင်း၌ ကျင်းပသည့် အပတ် စဉ် (၄၆) သူနာပြု ဒီပလိုမာ သင်တန်းသား သင်တန်းသူများ ၏ ဦးဆောင်းနှင့် ကုတ်အင်္ကျီ အပ်နှင်းပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် မွန်ပြည်နယ် ဝန်ကြီးချုပ်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည် ချက် (၉) ရပ်တို့ကို ချမှတ်ပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို တည်ဆောက်လျက် ရှိကြောင်း၊ ကျန်းမာရေးကဏ္ဍ တိုးတက်မြင့်မား လာစေရေး အတွက်လည်း စီမံချက်များ ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ ကျန်းမာရေးကဏ္ဍတွင် အခြား နိုင်ငံများနှင့် ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်ရေးအတွက် ကျန်းမာ ရေး ပြုစုစောင့်ရှောက်မှုဆိုင်ရာ အရည်အသွေးများ တိုးတက် ကောင်းမွန်ရန် လိုအပ်သည့်အတွက် ချမှတ်ထားသော ရည်မှန်းချက် များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် သင်တန်း များ ဖွင့်လှစ်၍ သင်ကြားပို့ချ ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံ့ ၀န်ထမ်းများအဖြစ် တာ၀န် ထမ်းဆောင်ကြမည့် သင်တန်း ဆင်း သူနာပြုများအနေဖြင့် မိမိတို့ရဲ့တာ၀န်နှင့် ကျင့်၀တ်များ ကို လေးစားလိုက်နာကြရန် ပြောကြားသည်။
ထို့နောက် မော်လမြိုင် သူနာပြု သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်ညွန်ညွန့် ဟန်က သင်တန်းတက်ရောက် သူများ လိုက်နာကျင့်သုံး ဆောင် ရွက်ကြရမည့် အကြောင်းအရာ များကို ရှင်းလင်းပြောကြားခဲ့ပြီး ပြည်နယ် ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူးနှင့် သူနာပြု အုပ်များက သင်တန်းသား သင်တန်းသူ ၄၄ ဦးအား သူနာပြု အမှတ်အသားဖြစ်သည့် ဦးဆောင်း နှင့် ကုတ်အင်္ကျီများကို ချီးမြှင့် အပ်နှင်းကြပြီး ထူးချွန်ဆုရရှိသူ များနှင့် အားကစားပစ္စည်းများ အား ပြည်နယ်ဝန်ကြီးချုပ် နှင့် ဝန်ကြီးများက ဆုများ ချီးမြှင့်ခဲ့ကြသည်။
ခင်စန်းမြင့် (ပြန်/ဆက်)



