
မိုးကေနိုင်
တစ်ရောင်တည်း၊ တစ်ပွင့်တည်း ပွင့်နေတဲ့ ပန်းခင်းထက် ပန်းပေါင်းစုံ၊ အရွယ်စုံ၊ အမျိုးစုံ၊ အပွင့်စုံ၊ အရောင်မျိုးစုံနဲ့ တင့်တယ်၊ ဝင့်ထည်နေတဲ့ပန်းခင်းက ပိုပြီးလှပပါပေတယ်။ ပန်းမျိုးစုံနဲ့ အလှတရားအစုံအစုံပွင့်နေတဲ့ ဥယျာဉ်ကြီးတစ်ခုအနေနဲ့ဆိုရင်ကော... ပို၍သာ၍ သင်းပျံ့ကြိုင်လှိုင်နေမှာပဲပေါ့၊ ပို၍ခံ့ညားနေမှာပဲပေါ့... လို့ စဉ်းစားနေမိတယ်။
အတွေးများစွာက... ဒီလို လှိုင်လှိုင် မွှေးပျံ့စေဖို့၊ မျိုးစုံအောင်လှပနေဖို့ အကြောင်းတရားများက ကြဲချခဲ့တဲ့မျိုးစေ့၊ မျိုးစေ့ကို လက်ခံတဲ့မြေကြီး၊ စေတနာ၊ ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ ဉာဏ်ပညာ အမြော် အမြင်ကြီးမားတဲ့ စိုက်ပျိုးသူ၊ ရာသီဥတု ဆိုတဲ့ ပတ်ဝန်းကျင်ကောင်းများဟာ ပန်း ဥယျာဉ်ကောင်းတစ်ခုဖြစ်ဖို့ အကြောင်း ကောင်းများသာ။ တစ်ခုတည်းနဲ့တော့ ပြည့်စုံမှာမဟုတ်။ အားလုံးအားလုံးသော အကြောင်းအချက်တွေရဲ့ ညီညွတ်မှု၊ သဟဇာတဖြစ်မှု၊ အညမညဖြစ်မှု၊ နောက် ကွယ်က ရလဒ်တွေကား မြင်ရသူအပေါင်း၊ ရှူရှိုက်ရသူအပေါင်းအတွက် ကောင်းသော ခံစားရခြင်း၊ ပီတိဆိုတဲ့ သောမနဿနဲ့ ချမ်းသာသုခ၊ ဒါကြောင့်လည်း ညီညွတ် ခြင်းဟာ ချမ်းသာခြင်းလို့ ဗုဒ္ဓမြတ်စွာ ဘုရားက ဟောတော်မူခဲ့ခြင်းဖြစ်ပါတယ်။
ငြိမ်းချမ်းရေးအတွက်
ထားရမယ့်သစ္စာ
ပန်းတို့ အရွယ်စုံမျိုးစုံ၊ အလှတရားတို့ အစုံအစုံဖြစ်သော်ငြား စိုက်ပျိုးသူက တစ်ဦးတည်းသာ။ အလှတရားကို အားလုံး ခံစားနိုင်ဖို့ အခရာအကျဆုံးဟာလည်း စိုက်ပျိုးသူတွေသာ ဖြစ်လိမ့်မယ်။ အမျိုး မတူ၊ အပွင့်မတူတဲ့ ပန်းအားလုံးကို ကိုယ်စားပြုတဲ့ ပန်းစိုက်သမားများလို့ပဲ ဆိုကြပါစို့ရဲ့။ အစွမ်းကုန် ဖူးပွင့်ဝေဆာ ကြမယ့် ပန်းအလှအားလုံး ပွင့်ဖို့အတွက် ငါတို့အားလုံးမှာ ကိုယ်စီကိုယ်စီ တာဝန် ရှိကြတယ်။ တစ်ခုတည်းသော သစ္စာ တရားကိုသာ ထားကြရမယ်။ အပေါ်ယံ အကာ ကွဲပြားပေမယ့် အနှစ်ကတော့ တစ်ခုတည်း။ တူညီသော သစ္စာတရား ကိုသာ ထားရှိသင့်ကြတယ်။ ငြိမ်းချမ်းရေး အတွက် သစ္စာတရား၊ ပြည်ထောင်စုကြီး အတွက် အမြဲတမ်းမှန်ကန်နေမယ့်တရား၊ ထိုတရားကား ငြိမ်းချမ်းရေးအတွက် ညီညွတ်ခြင်းပဲ ဖြစ်တယ်လို့ ဆိုချင်တယ်။
ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာ ရေးအတွက် ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြကုန်သော တစ်မြေ တည်းနေ တစ်ရေတည်းသောက်၊ သွေးရင်း ညီအစ်ကို တို့မောင်နှမတွေအားလုံး ညီညွတ်ကြရမယ်၊ စည်းလုံးကြရမယ် ဆိုတဲ့ သစ္စာစကားနဲ့ သစ္စာတရား။ ချစ်စကိုရှည်စေ မုန်းစကိုတိုစေတဲ့...။ ညီညွတ်ကြဖို့၊ စည်းလုံးကြဖို့ ဆိုရင် တို့တစ်တွေ တစ်ဦးနဲ့တစ်ဦးမှာရှိနေတဲ့ အမုန်းတွေ၊ အာဃာတတွေ ဖြေဖျောက် ကြရမယ်။ မတူတာတွေ၊ ကွဲပြားတာတွေ ကို ညှိနှိုင်းဆွေးနွေးကြရမယ်။ မိသားစုလို သဘောထားပြီး လက်ရည်တစ်ပြင်တည်း စားပွဲဝိုင်းမှာထိုင်ပြီး မပြတ်တွေ့ဆုံစကား ပြောကြရမယ်။ ကိုယ့်အပေါ် မှီခိုနေကြရတဲ့ ကိုယ့်တိုင်းရင်းသား၊ ကိုယ့်လူမျိုးတွေ ဘက်က ဦးစွာကြည့်သူတို့အတွက် ခံစား ပေးပြီးမှ လက်နက်တွေဘေးချ၊ တိုက်ကြ ခိုက်ကြတာတွေ ရပ်ကြရမယ်။
မွန်မြတ်သော
စိတ်ထားများနဲ့တကွ
စကားလုံးတန်ဆာဆင်၊ လက်တွေ့ မပါ၊ အပြင်က ပြောရတာတော့ လွယ်ပါ တယ်၊ ဒါပေမယ့် တိုင်းရင်းသား ညီအစ်ကို အားလုံးမှာ ကိုယ်စီကိန်းနေမယ့် အနှစ် သာရတရားတွေတော့ ရှိနှင့်ပြီးဖြစ်မယ်လို့ ယုံကြည်ပါတယ်။ တကယ်လည်း အလေး အနက်ယုံကြည်ပြီးသားပါ။ ငြိမ်းချမ်းရေး အတွက် သစ္စာတရားကို မွေးဖွားပေးတဲ့ ကောင်းမြတ်တဲ့စိတ်ထားတွေ တို့ညီ အစ်ကိုတွေမှာ နဂိုကတည်းက ကိန်းဝပ် ပြီးသားပါ။ ဘာတွေပါလဲ။ မေတ္တာ စိတ်ထား၊ ကိုယ်ချင်းစာတရားတွေ၊ ရိုးသားပွင့်လင်းမှု၊ သနားညှာတာမှုနဲ့ သည်းခံခြင်းတရားတွေ၊ ခွင့်လွှတ် နားလည်ပေးမှုတွေ၊ တစ်ဦးပေါ်တစ်ဦး ချီးမြှောက်တတ်မှု၊ နွားကွဲရင် ကျားဆွဲ ခံရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့အတူ ဘယ်သူခွဲခွဲ၊ ဘယ်လိုကွဲကွဲ အမြဲလက်တွဲ နေထိုင်ကြမယ်ဆိုတဲ့ ခံယူချက်၊ အေး အတူ၊ ပူအမျှ မိသားစုစိတ်ဓာတ်များပဲ ဖြစ်ပါတယ်၊၊
မွန်မြတ်လှပတဲ့ ဒီလိုစိတ်ထားမျိုးတွေ ရှိခြင်းဟာ ဘာသာ၊ ယဉ်ကျေးမှု ဘယ်လိုပဲ ကွဲပြားပါစေ၊ လူမှုရေးအမြင်၊ နိုင်ငံရေး အမြင် ဘယ်လိုပဲ မတူတာတွေရှိပါစေ အပြန်အလှန်နားလည်မှုကိုကား ပေးနိုင် စွမ်းပါတယ်၊၊ မတူတာတွေကြားက တူတာတွေ စုစည်းပြီး လိုချင်တဲ့ပန်းတိုင် အရောက် ပို့လွှတ်ပေးနိုင်ပါလိမ့်မယ်။ အားလုံးလက်ခံထားတဲ့ ပန်းတိုင်ကလည်း တစ်ခုတည်း၊ ဘုံရည်မှန်းချက်ကလည်း တစ်မျိုးတည်းပါပဲ။ ထိုရည်မှန်းချက်ကား ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုနိုင်ငံတော်ပဲ ဖြစ်ပါတယ်။ တူညီတဲ့ ပန်းတိုင်အတွက် စိတ်ဓာတ် ထက်ထက်သန်သန်နဲ့ မွန်မြတ်တဲ့စိတ် ထားများကိုသာ ရှေ့ထားကြရအောင်ပါ။ ပန်းတိုင်တူရင် လျှောက်တဲ့လမ်းကလည်း တစ်လမ်းတည်းသာ ဖြစ်ပါတယ်။
မွန်မြတ်တဲ့စိတ်ထား တစ်နည်း ညီညွတ်ခြင်းစိတ်ထားတွေ တို့မိသားစု ဝင်တွေအားလုံးမှာ ရှိနှင့်ပြီဆိုရင် တစ်ဦးနဲ့ တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြား ပေါင်းကူး ပေးဖို့ မခက်ခဲတော့ပါဘူး။ ပြဿနာကို ဖြေရှင်းရတာလည်း လွယ်ကူသွားပါတယ်။ မတူညီတဲ့ ကိုယ်စီပြဿနာတွေကိုလည်း ဝိုင်းဝန်းအဖြေရှာနိုင်မှာ ဖြစ်တဲ့အပြင် တစ်ဦးနဲ့တစ်ဦးကြားမှာရှိနေတဲ့ အားလုံး နဲ့ဆိုင်တဲ့ ပြဿနာတွေလည်း ပြေလည် သွားနိုင်ပါတယ်။
ညီညွတ်ခြင်းစိတ်ထားဟာ ပြည် ထောင်စုစိတ်ဓာတ်လည်း မည်တဲ့အတွက် ပေါင်းကူးတံတားခိုင်ခံ့ရင် တိုင်းရင်းသား တွေကြားက ခင်မင်ရင်းနှီးမှု၊ ချစ်ကြည်မှု တွေလည်း ပိုပြီးအားကောင်းလာမှာ ဖြစ်ပါတယ်။ ချစ်ခင်ရင်းနှီးမှုဟာ နားလည် မှုကို ခိုင်မာစေပါတယ်၊ ယုံကြည်မှုကို တိုးစေပါတယ်။ စိုးရိမ်သောကများကို လည်း လျော့ကျပြေပျောက်စေမှာဖြစ် သလို လျော့ပါးလာမယ့် တင်းမာမှုတွေ၊ အငြိုးတွေ၊ အာဃာတတွေကတစ်ဆင့် ပဋိပက္ခတွေ များစွာကိုလည်း လျှော့ချ လာနိုင်မှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးရဲ့
ဆန့်ကျင်ဘက် တရားဆိုးများ
ညီညွတ်ခြင်းကို ဦးတည်တဲ့ အထက်ပါ မွန်မြတ်သော စိတ်ကောင်းစိတ်မြတ်တွေ ဟာ ဆောင်ရမယ့် တရားများဖြစ်ပြီး စည်းလုံးမှုရဲ့ဆန့်ကျင်ဘက် ရှောင်သင့်တဲ့ စိတ်ဓာတ်တွေကိုတော့ ဖယ်ရှားပစ်ရမှာ ဖြစ်ပါတယ်။ သို့မှသာ ပို၍ပို၍ညီညွတ် ခြင်းမှသည် သွေးစည်းခိုင်မာမှုအဆင့် သို့ပါ တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ မတန်တဆတောင်းဆိုမှုတွေနဲ့ မိမိသာ အသာစီးရချင်တဲ့ အလိုဆန္ဒများမှု၊ လောဘ၊ မေတ္တာတရားရဲ့ ဆန့်ကျင်ဘက် အမျက် ဒေါသနဲ့ ပညာဉာဏ်ကင်းမဲ့တဲ့ မောဟ တို့ဟာ တရားဆိုးများစွာရဲ့ အမြစ်ပါပဲ။
အတ္တစွဲ၊ အယူဝါဒစွဲနဲ့ မာန်မာန စတဲ့ တရားဆိုးများကတော့ ညီညွတ်ရေးရဲ့ ဆန့်ကျင်ဘက် စိတ်ထားများဖြစ်လို့ ငြိမ်းချမ်းရေးခရီးလမ်းမှာ ဆူးနဲ့ အမှိုက်ပါ။ အတ္တနဲ့ မာန်မာနကြီးသူဟာ ကိုယ့်ရဲ့ အားနည်းချက်ကိုမမြင် အခြားသူတွေကို တော့ ပုတ်ခတ်တတ်ကြတယ်။ တစ်ဘို့ တည်း အတ္တသမား မာန်တက်နေသူတွေ ကြောင့် ညီညွတ်ရေးရဖို့ကား မလွယ်။ မတည်မငြိမ်မှုများဖြင့် ပဋိပက္ခအဖြစ် ကိုသာ ဦးတည်မိပြီး တိုက်ကြ၊ ခိုက်ကြ အဖြစ်ကို ရောက်ကြရပါတယ်။
မျှတမှုမရှိ၊ အတ္တကြီးစိုးသူတွေ အောက်မှာ အပြစ်မဲ့ပြည်သူတိုင်းရင်းသား များစွာ သားကောင်ဖြစ်နေကြတာကို မျက်ကွယ်ပြုပြီး ဘာသာစွဲ၊ လူမျိုးစွဲ အတ္တ ကြီးစွာနဲ့ သူ့အယူ ငါ့အယူ၊ သူ့အယူဝါဒက အမှား၊ ငါ့အယူဝါဒသာအမှန် အငြင်းအခုန် ဖြစ်ကြဆဲပါ။ အယူစွဲ၊ ဝါဒစွဲကား ဆင်ခြင်တုံ တရားကို အမှောင်ဖုံးသကဲ့သို့ ဖြစ်စေတဲ့ အတွက် ငြိမ်းချမ်းရေးရဲ့ ရန်သူအဖြစ်သာ သတ်မှတ်ထိုက်ပါတယ်။
ပညာပါတဲ့ စေ့စပ်ညှိနှိုင်းခြင်း
စွမ်းရည်လိုအပ်
ငြိမ်းချမ်းရေးအတွက် အသက်က ကျိုးကြောင်းဆင်ခြင်နိုင်တဲ့ စေ့စပ်ညှိနှိုင်း ခြင်းစွမ်းရည်ပဲ ဖြစ်ပါတယ်။ ပညာဉာဏ် မပါ၊ မမျှတတဲ့ စေ့စပ်ညှိနှိုင်းခြင်းကြောင့် ငြိမ်းချမ်းရေးခရီး နှောင့်နှေးရတဲ့ အတွေ့ အကြုံတွေကို သက်သေပြုပြီးဖြစ်ပါတယ်။ ရှုပ်ထွေးပြီး သိမ်မွေ့လှတဲ့ အခြေအနေတွေ အောက်မှာ သူ့ဘက်ကိုယ့်ဘက် အပေး အယူလုပ်နိုင်စွမ်းရှိပြီး ကိုယ်လည်းအနိုင်၊ သူလည်းအနိုင်၊ ကိုယ်လည်းမရှုံး၊ သူလည်း မရှုံး အနေအထားတစ်ခုအထိ သွားနိုင် ဖို့က အမြော်အမြင်ကြီးစွာဖြင့် ညှိနှိုင်းခြင်း စွမ်းရည်ရှိဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်း ရေးမှာ ပါဝင်သူတိုင်းက အကျိုးအမြတ် တစ်ခု ရရှိခံစားနေရတယ်လို့ မှတ်ယူနိုင် သရွေ့ ညှိနှိုင်းမှုဟာ အဓိပ္ပာယ်ရှိ၊ အသက် ဝင်နေမှာဖြစ်ပါတယ်။ ကိုယ့်ဘက်က ပေးဖို့ထက် သူ့ဆီကရယူဖို့သာ အားသန် နေသရွေ့၊ ခံစားချက်ကို ဦးစားပေးလွန်း ပြီး စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်သရွေ့ စေ့စပ်ညှိနှိုင်းမှုဟာ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ ဆွေးနွေးပွဲစကားဝိုင်းများကတစ်ဆင့် မျှတမှုရှိသော၊ ဆက်ဆံရေး မပျက် နှစ်ဦးနှစ်ဖက် အဆင်ပြေပြီး အပြန်အလှန်အကျိုးရှိသော ရလဒ်များ ပေါ်ထွက်လာဖို့ က ကောင်းမွန်တဲ့ညှိနှိုင်းမှု များအပေါ်မှာသာ တည်မှီပါတယ်။
ဖွံ့ဖြိုးမှုအမြင်နဲ့ အနာဂတ်ကို
မြော်မြင်တတ်သူသည်သာ
စည်းလုံးညီညွတ်ရေးကို အမှန် တကယ်လိုလားသူ၊ ငြိမ်းချမ်းရေးကို အလွန်ချစ်မြတ်နိုးသူတွေဟာ အပြောနဲ့ မဟုတ်၊ အလုပ်နဲ့ သက်သေပြတတ်ကြ ပါတယ်။ ငြိမ်းချမ်းရေးအတွက် ရှေ့က ဦးဆောင်ဦးရွက်အဆိုပြုပြီး အများ အတွက် နှလုံးရည်သတ္တိကို ပြသလေ့ရှိ ကြပါတယ်။ အမှောင်ထဲမှာ မနေချင်ကြ တော့တဲ့ ပြည်သူတွေ၊ တိုင်းရင်းသားတွေ ကတော့ ငြိမ်းချမ်းတဲ့ပြည်ထောင်စုကြီးအတွက် အလင်းဆောင်နိုင်မယ့်ငြိမ်းချမ်း ရေးဗိသုကာ၊ သူတို့အတွက် တာဝန်ယူ တာဝန်ခံပေးမယ့်သူ၊ တိုင်းရင်းသားတွေနဲ့ တစ်သားတည်းရှိသူ၊ အနစ်နာခံပေးမယ့် သူကိုသာ မျှော်မှန်းတမ်းတတတ်ကြ ပါတယ်။ ငြိမ်းချမ်းရေးအတွက် အမြော် အမြင်ကြီးခြင်းဆိုတာ ဖွံ့ဖြိုးတိုးတက်ရေးအမြင်ရှိခြင်းနဲ့ နောင်သားစဉ်မြေးဆက် အထိ အနာဂတ်ကို ရှုမြင်တတ်ခြင်းပါပဲ။
ဒီနေ့ငါတို့လုပ်နေတဲ့ ငြိမ်းချမ်းရေး ဆိုတာ ငါတို့အတွက်ချည်းမဟုတ်၊ ပစ္စုပ္ပန် အတွက်ပါသလို အနာဂတ်အတွက်လည်း မြင်တတ်၊ ကြည့်တတ်ခြင်းကို ဆိုလိုပါ တယ်။ နောင်မျိုးဆက်သစ်တွေ၊ ငါတို့ သားသမီး မြေးမြစ်တွေအထိ ကြည့်ပေးရ မှာပါ။ ယခုငါတို့စီမံခန့်ခွဲနေတဲ့ သယံ ဇာတ အရင်းအမြစ်တွေကို နောင်မျိုးဆက် လူငယ်တွေ ခံစား၊ စံစားနိုင်လောက်တဲ့ အထိ ချန်ထားရစ်နိုင်အောင် စီမံနိုင်စွမ်း ရှိရမှာပါ။ တိုင်းရင်းသားအားလုံးပိုင်ဆိုင် တဲ့ သယံဇာတ အရင်းအမြစ်ဆိုတာ စည်းလုံးညီညွတ်ရေးကို ထာဝရတည်တံ့ စေပါတယ်။ သို့မှသာ ပညာဉာဏ်နဲ့ ပြည့်စုံခြင်း၊ အမြော်အမြင်ကြီးခြင်းလို့ ဆိုနိုင်ပါလိမ့်မယ်။ တစ်ဆက်တည်း ပဋိပက္ခတွေကို ချန်ထားရစ်သူ၊ ငြိမ်းချမ်း ရေးအတွက် တာဝန်မကျေသူ၊ ဘယ်သူ ဘယ်လိုလူမျိုးကိုမဆို တိုင်းပြည်အနာဂတ် နဲ့ အနာဂတ်မျိုးဆက်တွေကို ဖျက်ဆီး နှိပ်စက်သူများအဖြစ် ကင်ပွန်းတပ်ခြင်း ခံရမယ်ဆိုတာ သတိပြုရပါလိမ့်မယ်။
အချိုးအကွေ့ကြားက
အခွင့်အလမ်းများ
စစ်မှန်ပြီး ထာဝရတည်တံ့မယ့် ငြိမ်းချမ်းရေးကို လိုချင်သူများအတွက် ယခုအချိန်က အချိန်အခါကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ ငြိမ်းချမ်းရေးကို ထပ်ခါ ကမ်းလှမ်း၊ အပစ်အခတ်ရပ်စဲရေးကို ထပ်ပြီးတိုးမြှင့်လိုက်တဲ့ အခွင့်အလမ်းက ဖွင့်ပေးလာတဲ့ ငြိမ်းချမ်းရေးတံခါးဝကို လှမ်းမြင်နေရတဲ့ အတွက်ကြောင့်ပါ။ မြင်ကွင်းကောင်းကောင်းဖြစ်ဖို့ ကြည့်နိုင် စွမ်းရှိဖို့တော့ လိုပါလိမ့်မယ်။ ပိတ်နေတဲ့ တံခါး ပွင့်နေဆဲမို့ ဖွင့်တတ်ဖို့တော့ လိုပါမယ်။
အချိုးအကွေ့တိုင်းဟာ သတိကြီးကြီး ထားရမယ်ဆိုပေမယ့် အခွင့်အလမ်း ကောင်းကို ဆုပ်ကိုင်နိုင်သူတွေအတွက် တော့ ကောင်းသောချိုးခြင်း၊ ကောင်းသော ကွေ့ခြင်း ဖြစ်မှာပါပဲ။
အခွင့်အလမ်းတစ်ခုကို ရယူတတ်သူ ဟာ ကိုယ့်ရဲ့အားနည်းချက်ကို အားသာ ချက်အဖြစ် ပြောင်းပေးနိုင်ပါတယ်။ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဦးထိပ် ထားပြီး မိမိတို့ရဲ့ သံသယမျက်လုံးတွေကို ခေတ္တပိတ်ထားသင့်ပါတယ်။ ငြိမ်းချမ်း ခြင်းရဲ့ ဆန့်ကျင်ဘက်က လူသတ် လက်နက်တွေဖြစ်တဲ့အတွက် လက်နက် ကိုင်ထားသရွေ့ တည်မြဲတဲ့ အပစ်အခတ် ရပ်စဲရေးဖြစ်ဖို့ အခက်အခဲရှိနိုင်ပါတယ်၊၊ ကိုယ့်လူမျိုးတွေရဲ့ အကျိုးစီးပွားနဲ့ လူမှု ဘဝတွေအတွက်ကော လမ်းဖောက်ခြင်း၊ တံတားဆောက်ခြင်း၊ ကျောင်း ဆေးရုံ စသည်ဖြင့် တို့တွေ ဘယ်လောက်တာဝန် ကျေခဲ့ပြီလဲ၊ ပြန်လည်ဆန်းစစ်စေချင် ပါတယ်။ တိုင်းရင်းသားတွေအားလုံး လိုချင်တာ ထာဝရငြိမ်းချမ်းရေးဖြစ်တဲ့ အတွက် ကိုယ့်လူမျိုးတွေရဲ့ အသံကို လေးလေးစားစားနားထောင်ပြီး ငြိမ်းချမ်း ခြင်းရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ကိုယ့်လူမျိုး တွေအတွက် ဘယ်လိုမှ အကျိုးမရှိတဲ့ လက်နက်အားလုံးကို စွန့်လွှတ်ကြဖို့သာ မေတ္တာရပ်ခံချင်ပါတယ်။
ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်၊
ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ
တိုင်းရင်းသား ပြည်သူအားလုံး လိုလားတောင့်တတဲ့အရာက ဖက်ဒရယ် နဲ့ ဒီမိုကရေစီသာ ဖြစ်တယ်ဆိုတာ အားလုံးကသိရှိပြီး လက်ခံအသိအမှတ် ပြုထားပြီးလည်း ဖြစ်ပါတယ်။ သတိပြု သင့်တာက ဖက်ဒရယ်နဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းခြင်းဟာ အချင်းချင်း အပြိုင် သဟဇာတဖြစ်သလို တစ်ခုနဲ့ တစ်ခုလည်း အပြန်အလှန် အထောက် အကူ အမှီသဟဲပြု၊ အညမညသဘော လည်းဆောင်ပါတယ်။
တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး စည်းလုံးညီညွတ်မှ၊ ငြိမ်းချမ်းရေးရရှိမှသာ ဖက်ဒရယ်ဆိုတာ ပီပြင်ပါမယ်။ ဒီမိုကရေစီ လမ်းစဉ်လည်း ဖြောင့်ဖြူးသာယာမှာ ဖြစ်ပါတယ်။ မငြိမ်းချမ်းဘဲနဲ့တော့ သာယာဝပြောတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ဘယ်လိုမှ မဖြစ်ပေါ် လာနိုင်ပါဘူး။ ယခုဆိုရင် နိုင်ငံတော် အစိုးရက ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက် ရေးအတွက် ရွေးကောက်ပွဲတွေကို တစ်နိုင်ငံလုံးမှာ အကြားအလပ်မရှိ ကျင်းပနိုင်အောင် ကြိုးပမ်းဆောင်ရွက်နေ ပါတယ်။ လက်နက်နဲ့ ဖက်ဒရယ်၊ သတ်ဖြတ်တိုက်ခိုက်မှုတွေနဲ့ ဒီမိုကရေစီ ဘယ်လိုမှ သဟဇာတမဖြစ်တဲ့အချက်ကို ကောင်းစွာသတိပြုမိဖို့ လိုအပ်လှပါ တယ်။
လက်နက်ရဲ့အရသာထက် ငြိမ်းချမ်း ခြင်းရဲ့အရသာက ပိုပြီးချိုမြိန်ပါတယ်။ ထိုနည်းတူ ပန်းပွင့်တစ်ပွင့်ရဲ့အဆင်းအလှ ထက် ပန်းပေါင်းစုံတို့ရဲ့အဆင်းအလှက ပိုပြီး လှပတင့်တယ်ပါလိမ့်မယ်။ ပိုပြီး လည်း မွှေးပျံ့သင်းကြိုင်ပါတယ်။ ပန်း ပေါင်းစုံ ဖူးပွင့်ဝေဆာနေတဲ့ ပန်းခင်းကြီး လို ငြိမ်းချမ်းရေးကမ်းဆင့်လက်များနဲ့ ထာဝရငြိမ်းချမ်းတဲ့ ပြည်ထောင်စုကြီး ဟာလည်း မဝေးတော့တဲ့ အနာဂတ်မှာ မလွဲမသွေ ဖြစ်တည်လာတော့မယ်ဟု အလေးအနက်ယုံကြည်လျက်ဖြင့် . . . ။