
ရန်ကုန် မေ ၁၀
(၃၂) ကြိမ်မြောက် ဆီးဂိမ်း ဝူရှူးပြိုင်ပွဲ ပထမနေ့ကို မေ ၁၀ ရက်က ကမ္ဘောဒီးယားနိုင်ငံ၌ စတင်ကျင်းပရာ မြန်မာဝူရှူးအဖွဲ့ က ငွေတစ်ခု၊ ကြေးတစ်ခု စတင်ဆွတ်ခူးရရှိခဲ့သည်။
ဝူရှူးပြိုင်ပွဲ ပထမနေ့တွင် ထောက်လုနှင့် ဆန်းဆို (အတိုက်) ပွဲစဉ်များ ကျင်းပခဲ့ပြီး ဆုတံဆိပ်ချီးမြှင့်မည့် ထောက်လုပြိုင်ပွဲအမျိုးအစား လေးမျိုးအနက် မြန်မာဝူရှူးအဖွဲ့ က ပြိုင်ပွဲနှစ်မျိုးတွင် ဆုတံဆိပ်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာ ဝူရှူးအဖွဲ့အတွက် ငွေတံဆိပ်ဆုကို အမျိုးသမီးအတွဲအတိုက် အပြပြိုင်ပွဲတွင် စန္ဒီဦးနှင့် အေးသစ္စာမြင့်အတွဲက ၉ ဒသမ ၄၀၃၀ မှတ်ဖြင့် ရရှိခဲ့ပြီး ရွှေတံဆိပ်ဆုကို အိမ်ရှင်ကမ္ဘောဒီးယား အတွဲက ၉ ဒသမ ၄၄၃၀ မှတ်ဖြင့်လည်းကောင်း၊ ကြေး တံဆိပ်ဆုကို စင်ကာပူအတွဲက ၉ ဒသမ ၃၉၃၀ မှတ်ဖြင့် ရရှိခဲ့သည်။ ကြေးတံဆိပ်ဆုကိုမူ အမျိုးသမီး နန်းချွမ်ပြိုင်ပွဲတွင် အေးသစ္စာမြင့်က ၉ ဒသမ ၁၄၃၀ မှတ်ဖြင့် ရရှိခဲ့ပြီး ရွှေ တံဆိပ်ဆုကို မလေးရှားကစားသမား တန်ချောင်မင်က ၉ ဒသမ ၆၂၆၀ မှတ်၊ ငွေတံဆိပ်ဆုကို အင်ဒိုနီးရှားကစားသမား ဒေဝီက ၉ ဒသမ ၅၉၃၀ မှတ်ဖြင့် ရရှိခဲ့သည်။ မြန်မာဝူရှူးအဖွဲ့ သည် အမျိုးသားအတွဲအတိုက်ပြိုင်ပွဲတွင် ကျော်ဇေဝင်းနှင့် မြတ်ကိုကိုအတွဲ၊ အမျိုးသားနန်းချွမ်ပြိုင်ပွဲတွင် သိန်းသန်းဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ဆုတံဆိပ်နှင့် လွဲချော်ခဲ့သည်။
ဝူရှူးပြိုင်ပွဲ ဒုတိယနေ့ကို မေ ၁၁ ရက် (ယနေ့) ဆက်လက် ကျင်းပမည်ဖြစ်သည်။
ရဲရင့်လွင်