မြန်မာတို့ရဲ့ နှလုံးသားထဲက မြန်မာ့အသံ

Type
5

ပါမောက္ခကိုကိုအောင်(သိပ္ပံစာရေးဆရာကိုကိုအောင်)


 

ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်ဟူသော ဆောင်ပုဒ်ကို စွဲကိုင်လျက် မမှိတ်မသုန် ချီတက်ခဲ့သော၊ ချီတက်နေဆဲဖြစ်သော မြန်မာ့အသံသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်တွင်  ၇၅ နှစ် ပြည့်မြောက်တော့မည်ဖြစ်သည်။


Burma Broadcasting Service (BBS) အဖြစ် ကမ္ဘာ သိထင်ရှားခဲ့သော မြန်မာ့အသံ၏ ရေဒီယို ထုတ်လွှင့်မှုကို အစပျိုးခဲ့သော   အချိန်ကာလက   ဒုတိယကမ္ဘာစစ်ကြီး မဖြစ်ပွားမီ  ၁၉၃၇ ခုနှစ်က  ဖြစ်သည်။ အစပျိုးခဲ့သော နေရာကတော့  မင်္ဂလာဒုံ  ဝါယာလက်ပင်ဖြစ်သည်။


ထိုစဉ်ကာလက   မြန်မာနိုင်ငံနှင့်   အိန္ဒိယနိုင်ငံတို့ ဝါယာလက်ကြေးနန်း (Wireless Telegram) ဆက်သွယ် ရာတွင် အသုံးပြုသော မာကိုနီအသံလွှင့်စက်ဖြင့် မင်္ဂလာဒုံ ဝါယာလက်တွင်   မြန်မာနိုင်ငံ၏   အသံလွှင့်လုပ်ငန်းကို အစပျိုးကာ  စမ်းသပ်ထုတ်လွှင့်ခဲ့သည်။


၁၉၃၈  ခုနှစ်တွင်  ရန်ကုန်မြို့  ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ  ဗဟိုကြေးနန်းရုံးကြီး၏ မြေညီ ထပ်  အခန်းတချို့ကို  အသံလွှင့်ခန်းများအဖြစ်သို့ ဖန်တီး ကာ   စမ်းသပ်ထုတ်လွှင့်မှုကို   ဆက်လက်လုပ်ဆောင်ခဲ့ သည်။ ၁၉၄၂ ခုနှစ် ဩဂုတ်လတွင် ရန်ကုန်ုမြို့ ဖိုက်ချ် လမ်း (ယခုဗဟိုလမ်း / ရှမ်းလမ်း) ရှိ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း   အမှတ် (၄)   မှနေ၍   စမ်းသပ် ထုတ်လွှင့်မှုကို   ဆက်လက်လုပ်ဆောင်ခဲ့သည်။


အသံလွှင့်စက်ရုံနေရာအဖြစ်   ကမ္ဘာအေးစေတီအနီးရှိ ကျယ်ဝန်းပြန့်ပြူးသော  ရေကူးရွာကို  ရွေးချယ်ပြီး ဂျပန် နိုင်ငံလုပ်  ၁၀ ကီလိုဝပ်အားရှိ     လှိုင်းလတ်  (Medium Wave) အသံလွှင့်စက်တစ်လုံးနှင့်  မာကိုနီကုမ္ပဏီထုတ် ၅ ကီလိုဝပ်အားရှိ လှိုင်းတို (Short Wave) အသံလွှင့်စက် တစ်လုံးတို့ကို  တပ်ဆင်အသုံးပြုခဲ့သည်။ နောက်ပိုင်းတွင် ဂျပန်နိုင်ငံလုပ် ၅ ကီလိုဝပ်အားရှိ လှိုင်းတို (Short Wave) အသံလွှင့်စက်တစ်လုံးကိုပါ   ထပ်မံဖြည့်တင်း   တပ်ဆင် တည်ဆောက်ပြီးနောက်   နိုင်ငံရပ်ခြားတိုင်းပြည်များသို့ အထိတိုင်   တိုးချဲ့ထုတ်လွှင့်ခဲ့သည်။   တိုးချဲ့ထုတ်လွှင့်မှု အဆင်ပြေသည့်အတွက်  ဖိုက်ချ်လမ်းရှိ  မူလလူမှုဝန်ထမ်း ဦးစီးဌာနနေရာထက်  ပိုမိုကျယ်ဝန်းသော  ကမ္ဘာအေးစေတီ လမ်းပေါ်ရှိ  ချင်းချောင်းနန်းတော်နေရာ (ယခုအနုပညာ ဦးစီးဌာန)သို့     ပြောင်းရွှေ့ကာ     မြန်မာနိုင်ငံလုံးဆိုင်ရာ အသံလွှင့်ဌာန     (All Burma Broadcasting Station) ဟုခေါ်တွင်စေခဲ့သည်။  


ထိုကာလအတွင်း   ၁၉၄၅ ခုနှစ်   မတ်လဆန်းမှစ၍ ရန်ကုန်မြို့ နတ်မောက်လမ်းရှိ   ယခုဂျာမနီသံရုံးနေရာတွင် မျိုးချစ်စိတ်ဓာတ်ပြင်းထန်သော   တော်လှန်ရေးရဲဘော်များ က    မြန်မာ့တော်လှန်ရေး     တပ်မတော်အသံလွှင့်ဌာန အမည်ဖြင့်   အသံလွှင့်ဌာနတစ်ခုကို  လျှို့ဝှက်တည်ထောင် ကာ မြန်မာ၊ အင်္ဂလိပ်နှင့် ဟိန္ဒူဘာသာများဖြင့် အသံလွှင့်ခဲ့ ကြသည်။


လူသိများ ထင်ရှား


၁၉၄၅ ခုနှစ် မေလဆန်းတွင် ရန်ကုန်မြို့ ရွှေတောင် ကြားအရပ်ရှိ  လောင်းဝစ္စလမ်း  (ယခု အင်းလျားမြိုင်လမ်း) ရှိ  နှစ်ထပ်တိုက်ကို  အသံလွှင့်ရုံအဖြစ်ဖန်တီးကာ ရန်ကုန် ရေဒီယို (Rangoon Radio) အမည်ဖြင့်  အသံလွှင့်ခဲ့သည်။ ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်တွင် ရန်ကုန်ရေဒီယို (Rangoon Radio)မှ  ဗမာ့အသံ (Burma Broadcasting Service)သို့   တရားဝင်  အမည်ပြောင်းလဲကာ  ထုတ်လွှင့် ခဲ့သည်။  ၁၉၄၈ ခုနှစ်   ဩဂုတ်လ ၂၃ ရက်တွင်  ဝင်ဒါမီယာ ကရက်ဆင့် (ယခုပန်းဝါလမ်း)ရှိ အသံလွှင့်ရုံသို့  ပြောင်းရွှေ့ အသံလွှင့်ခဲ့ရာ   ဝင်ဒါမီယာအသံလွှင့်ရုံအဖြစ်   လူသိများ ထင်ရှားခဲ့သည်။


ကမ္ဘာအေးစေတီအရှေ့ဘက်   ရေကူးဘူတာအနီးရှိ ဧက ၅၀၀ ကျော် ကျယ်ဝန်းသောနေရာတွင်   ထပ်ဆင့်လွှင့် စက်ရုံ  (Transmitter)ကို တည်ဆောက်ပြီး  ၅၀ ကီလိုဝပ် အားရှိ     လှိုင်းတိုအသံလွှင့်      စက်သစ်ကြီးသုံးလုံးနှင့် လှိုင်းလတ်အသံလွှင့်စက်သစ်ကြီးတစ်လုံးတို့ကို  တပ်ဆင် ကာ ၁၉၅၇ ခုနှစ်   ဧပြီလ  ၁ ရက်တွင်  စတင်၍ ထပ်ဆင့် ထုတ်လွှင့်ခဲ့သည်။


၁၉၅၈ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်တွင် ဗမာ့အသံ ဟူသောအမည်မှ  ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးကို ကိုယ်စားပြုသည့်  အဓိပ္ပာယ်ဖြစ်သော မြန်မာ့အသံ အမည်ဖြင့်   ပြောင်းလဲအသံလွှင့်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ် နိုဝင်ဘာလ   ၄ ရက်တွင်မူ  ပြည်လမ်းရှိ  အသံလွှင့်ရုံ အသစ်ကြီးသို့  ပြောင်းရွှေ့အသံလွှင့်ခဲ့သည်။


၁၉၇၂ ခုနှစ် မတ်လ ၁၆ ရက်တွင် ပြန်ကြားရေး ဌာနခွဲနှင့် ပူးပေါင်းခဲ့ပြီးနောက် ၁၉၈၀ ပြည့်နှစ် နိုဝင်ဘာ လ   ၁   ရက်တွင်    ရုပ်မြင်သံကြားထုတ်လွှင့်မှုကိုပါ ဆောင်ရွက်နိုင်ခဲ့သည်မှာ   ယနေ့ထိတိုင်ပင်   ဖြစ်သည်။ အသံလွှင့်ဌာနခွဲ၊   ပြန်ကြားရေးနှင့်  အသံလွှင့်ဦးစီးဌာန၊ ပြန်ကြားရေး၊  အသံလွှင့်နှင့်   ရုပ်မြင်သံကြားဦးစီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားစသည်ဖြင့်    အမည်နာမ အမျိုးမျိုးပြောင်းလဲခဲ့သည်။    


မြန်မာ့အသံ၏   ရေဒီယိုထုတ်လွှင့်မှု  အသိုင်းအဝိုင်း ထဲသို့    ပြင်ပပညာရှင်တစ်ဦး အနေဖြင့်   စတင်ရောက်ရှိခဲ့ ရသော   အချိန်ကတော့  လွန်ခဲ့သော  ၁၉  နှစ်တာကာလ ၂၀၀၂ ခုနှစ်၏  ဇန်နဝါရီလဆန်းပိုင်း ဖြစ်သည်။ ထိုစဉ်က (၅၆) နှစ်မြောက် မြန်မာ့အသံရေဒီယို အထိမ်းအမှတ်အဖြစ် ဟောပြောပို့ချပေးရန်အတွက်  ပထမဦးဆုံး  အသံသွင်းပေး ခဲ့ရသည်ကို   ယနေ့ထိတိုင်  မျက်စိထဲ၌  မြင်ယောင်လျက် ရှိနေဆဲ ဖြစ်သည်။


ပထမဦးဆုံး  အသံသွင်းပေး


အဆိုပါ အသံသွင်းမည့်  အစီအစဉ်ကို ကမကထပြုကာ စီစဉ်ပေးသူများကတော့    မြန်မာပိုင်းအစီအစဉ်မှ    ဦးစီး အရာရှိ   ဒေါ်ခင်မာလာထွန်းနှင့်   အသံဖမ်းအင်ဂျင်နီယာ ဒေါ်ဖြူဖြူခိုင်တို့ပင်    ဖြစ်ကြသည်။ မြန်မာ့အသံရေဒီယို၏ ၅၆ နှစ်မြောက်   အထိမ်းအမှတ်အတွက်   သိပ္ပံသုတေသန ပညာရှင်နှင့် သိပ္ပံစာရေးဆရာတစ်ဦး အနေဖြင့် ရေဒီယို သိပ္ပံဆိုင်ရာ    ဗဟုသုတဖြစ်ဖွယ်    အကြောင်းအရာများကို ဟောပြောပို့ချထုတ်လွှင့်ပေးဖို့  တကူးတကလာရောက်ကာ မေတ္တာရပ်ခံခဲ့သည့်အတွက်   ပထမဦးဆုံး  အသံသွင်းပေး ခဲ့ရခြင်းဖြစ်သည်။


၎င်းတို့နှစ်ဦးစလုံးမှာ   မြန်မာ့အသံ၏  ဝန်ထမ်းများ ဖြစ်ကြသည့်အလျောက်   တာဝန်အရဆောင်ရွက်ပေးကြခြင်းမျိုးမဟုတ်ဘဲ   တာဝန်ကျေပွန်ခြင်းဆိုသည်ထက်ပိုသော   ၎င်းတို့နှစ်ဦး၏   ပြင်းပြသည့်   စိတ်စေတနာကို တလေးတစားအသိအမှတ်ပြုရင်း    ရေဒီယိုသိပ္ပံဆိုင်ရာ အကြောင်းအရာများကို  အသံသွင်းဖြစ်ခဲ့သည်။ ထုတ်လွှင့် ဖြစ်ခဲ့သည်။


ကြည်လင်ပြတ်သားနေဆဲ


ထိုစဉ်က    အသံဖမ်းအင်ဂျင်နီယာ   ဒေါ်ဖြူဖြူခိုင်၏ စီစဉ်ပေးမှုကြောင့် လက်ခံရရှိခဲ့သော (မူရင်းမှ ပွားပေး ထားသည်) မိမိ၏ ထုတ်လွှင့်ပို့ချချက် ကက်ဆက်တိပ် ခွေကလေးကို  စနစ်တကျသိမ်းဆည်းထားခဲ့ရာ ယနေ့ထိ တိုင်ပင်   အဆိုပါ  ကက်ဆက်တိပ်ခွေကလေးက   အသံ ကြည်လင်ပြတ်သားနေဆဲ  ဖြစ်သည်။    နောက်ပိုင်းတွင် မြန်မာ့အသံမှ   စီစဉ်ထုတ်လွှင့်သော   မှတ်ဖွယ်မှတ်ရာ သုတအဖြာဖြာ  အစီအစဉ်အတွက်  သိပ္ပံပညာရပ်ဆိုင်ရာ အကြောင်းအရာများကို  အခါအားလျော်စွာ  သွားရောက် အသံသွင်းပေးခဲ့ပြီး    မြန်မာ့အသံရေဒီယိုမှ   လစဉ်ပုံမှန် အားဖြင့် ထုတ်လွှင့်ပေးခဲ့သည်မှာ နှစ် နှစ်ကျော်ခန့်ဖြစ် သည်။


ထို့နောက်တွင်မူ    တာဝန်အမျိုးမျိုးဖြင့်    ပြည်ပသို့ အကြိမ်ကြိမ်သွားရောက်ရခြင်းနှင့်  ပြည်တွင်းခရီးစဉ်များ စိပ်လာခြင်းကြောင့်   မြန်မာ့အသံနှင့်  အဆက်အသွယ် ပြတ်ခဲ့ရသည်။   သို့ရာတွင်  ရေစက်မကုန်သေးသောကြောင့် ၂၀၁၈ ခုနှစ်တွင်  မြန်မာ့အသံနှင့်  တစ်ဖန်ပြန်လည်ဆုံတွေ့ ရပြန်သည်။ လက်ရှိအားဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ၏  ခေတ္တ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ်  တာဝန်ယူ ဆောင်ရွက်နေသော   ဦးဇေယျာ၏   ကမကထပြုမှုအရ မြန်မာပိုင်းအစီအစဉ်မှ   လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီလာသန်း၊  ဦးစီးအရာရှိ ဒေါ်အေးအေးထွန်း၊ အသံ လွှင့်ကျွမ်းကျင်-၁ ဒေါ်မြမြင့်မိုရ်ဦး တို့၏      စီစဉ်ပေးမှု ကြောင့် ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်းက ရန်ကုန်မြို့ ရှိ  မြန်မာ့အသံ ရေကူးထပ်ဆင့်လွှင့်စက်ရုံ၏  အသံသွင်း စတူဒီယိုတွင်    သိပ္ပံပညာ သင့်ကမ္ဘာ    ပုံမှန်ထုတ်လွှင့်မှု   အစီအစဉ်အတွက်    ပြန်လည်စတင်   အသံသွင်းပေး ခဲ့ရသည်မှာ ယနေ့ထိတိုင်ပင်ဖြစ်သည်။


နွေးထွေးစွာ ရင်းနှီးခွင့်ရရှိ


သိပ္ပံပညာ သင့်ကမ္ဘာ   အစီအစဉ်ကို  တစ်ပတ်ခြား တနင်္လာနေ့   နံနက် ၇ နာရီ ၁၅ မိနစ်နှင့်  တစ်ပတ်ခြား စနေနေ့ညနေ    ၅ နာရီ ၄၅ မိနစ်တို့တွင်   မိမိအနေဖြင့် ပုံမှန်ထုတ်လွှင့်  ပို့ချပေးလျက်ရှိပြီး  မြန်မာ့အသံပရိသတ် များနှင့် နွေးထွေးစွာရင်းနှီးခွင့် ရရှိနေသည်။ ထို့ပြင် ဦးစီး အရာရှိ   ဒေါ်အေးအေးထွန်း၏   သီးသန့်စီစဉ်ပေးမှုဖြင့် မြန်မာ့အသံရေဒီယို၏   ခေတ်သစ်အစီအစဉ်တစ်ခုဖြစ်သော မျှဝေခံစား     လူမှုစီးပွား အစီအစဉ်တွင်လည်း    သိပ္ပံ သုတေသနပညာရှင်နှင့်      ဘေးအန္တရာယ်လေ့လာ ဆန်းစစ်ရေးပညာရှင် တစ်ဦးအနေဖြင့် အခါအားလျော်စွာ ပါဝင်ကူညီအားဖြည့်၍   ဆွေးနွေးထုတ်လွှင့်ပေးခဲ့သည် မှာလည်း နှစ်နှစ်ခန့်ပင်ရှိနေပြီ   ဖြစ်သည်။ အထူးသဖြင့် မြေငလျင် လှုပ်ခတ်မှု၊ ရေကြီး ရေလျှံ ဖြစ်မှု၊ ကိုဗစ်ကူးစက် ရောဂါကာကွယ်ရေး စသော  သဘာဝဘေးနှင့် လူဖန်တီး သော  ဘေးအန္တရာယ်များဆိုင်ရာ  အကြောင်းအရာများပင် ဖြစ်ကြသည်။  
အဆိုပါ     သိပ္ပံပညာသင့်ကမ္ဘာ   အစီအစဉ်နှင့် မျှဝေခံစား လူမှုစီးပွား အစီအစဉ်များအတွက် အသံသွင်း၊ တည်းဖြတ်၊ အသံလွှင့်လုပ်ငန်းကိစ္စအဝဝကို    မြန်မာပိုင်း အစီအစဉ်မှ ဦးစီးအရာရှိ   ဒေါ်အေးအေးထွန်းနှင့်အတူ   ဦးစီးအရာရှိ ဒေါ်ငုဝါခိုင်၊ အသံလွှင့်ကျွမ်းကျင်-၂ ဒေါ်ခင်ရူပါ ထွေးတို့က လည်းကောင်း၊ လက်ထောက်အင်ဂျင်နီယာ ဒေါ်ဖြူဖြူခိုင် နှင့်အတူ      လက်ထောက်အင်ဂျင်နီယာ     ဒေါ်ဝင်းမိုးအေး၊ အငယ်တန်းအင်ဂျင်နီယာ        ဒေါ်စန္ဒာဝင်း တို့ကလည်းကောင်း၊ အသံလွှင့်ကျွမ်းကျင်- ၁  ဒေါ်မြမြင့် မိုရ်ဦးနှင့်အတူ အသံလွှင့်ကျွမ်းကျင် -  ၁    ခေါ်ခင်သက်ဆွေ တို့ကလည်းကောင်း စနစ်တကျဖြင့် ဝိုင်းဝန်းကူညီပံ့ပိုး ဆောင်ရွက်ပေးခဲ့ကြသည့်အတွက်   လက်ရှိအချိန်တွင် မိမိ၏ သိပ္ပံပညာ သင့်ကမ္ဘာ အစီအစဉ်သည်လည်းကောင်း၊  မျှဝေခံစား လူမှုစီးပွား အစီအစဉ်သည်လည်းကောင်း    နိုင်ငံတစ်ဝန်းရှိ     မြန်မာ့အသံပရိသတ်တို့က           နှစ်ခြိုက် အားထားရာ   အစီအစဉ်ကောင်းများအဖြစ်      ရပ်တည် လျက်ရှိနေပြီ  ဖြစ်သည်။


ကျွမ်းကျင်ပညာရှင်များ


မြန်မာ့အသံဝန်ထမ်းများထဲမှ       မိမိနှင့်လက်တွဲ ဆောင်ရွက်ခဲ့ကြသော        အသံရှင်များဖြစ်ကြသည့် ဒေါ်ခင်မာလာထွန်း၊ ဒေါ်အေးအေးထွန်း၊ ဒေါ်မြမြင့်မိုရ်ဦး၊ ဒေါ်ခင်သက်ဆွေနှင့် ဒေါ်ခင်ရူပါထွေးတို့သည် အသံဩဇာ ကောင်းသော  ပါရမီရှင်များဖြစ်ကြကြောင်း  ကောင်းစွာ သတိပြုမိခဲ့သလို  အသံဖမ်း အင်ဂျင်နီယာများဖြစ်ကြသည့် ဒေါ်ဖြူဖြူခိုင်၊  ဒေါ်ဝင်းမိုးအေးနှင့်  ဒေါ်စန္ဒာဝင်းတို့ကလည်း ကျွမ်းကျင်ပညာရှင်များ  ဖြစ်ကြသည်ကို  သတိပြုမိခဲ့သည်။


တစ်ဖက်တွင်လည်း   ညွှန်ကြားရေးမှူး   (ရုပ်မြင် သံကြား)   ဒေါ်မိုးသူဇာအောင်၏   ကမကထပြုမှုအရ ရုပ်မြင်သံကြားဌာနခွဲမှ   ညွှန်ကြားရေးမှူး   ဦးကြည်ထွန်း၊ လက်ထောက်ညွှန်ကြားရေးမှူး       ဦးအောင်ဝင်းနှင့် ဒေါ်ရီရီလွင်တို့၏  စီစဉ်ပေးမှုဖြင့် သိပ္ပံပညာနှင့် ယနေ့ကမ္ဘာ ရုပ်မြင်သံကြားအစီအစဉ်၏ ပင်တိုင်ပညာရှင်အဖြစ် ၂၀၁၉ ခုနှစ်  အောက်တိုဘာလမှစ၍   ရိုက်ကူးထုတ်လွှင့်လာခဲ့ သည်မှာလည်း   ယနေ့ထိတိုင်ပင်  ဖြစ်သည်။
အဆိုပါ   ရုပ်မြင်သံကြားအစီအစဉ်တွင်   မိမိအား မေးမြန်းတင်ဆက်သူအဖြစ်     ဒေါ်ရွှေရည်ဝင်းအောင်၊ ဆက်တင်တာဝန်ခံ    ဒေါ်ချိုမာခိုင်နှင့်   ဒေါ်အေးအေးစိုး၊ မိတ်ကပ်ပညာရှင်   ဒေါ်သူဇာလွင်၊  ရုပ်သံဆိုင်ရာစက်မှု ပညာရှင် ဒေါ်စန်းသီတာဦး၊ တည်းဖြတ်ပညာရှင် ဒေါ်ရဲစော ကြည်သာအောင်တို့နှင့်အတူ  စက်မှုပိုင်းဆိုင်ရာကျွမ်းကျင် ပညာရှင်များ၊ ကင်မရာနှင့်ဆလိုက်မီး ကျွမ်းကျင်ပညာရှင် များစွာတို့ကပါ  စေတနာအပြည့်အဝထားကာ ဝိုင်းဝန်း ကူညီပံ့ပိုးပေးကြသည့်အတွက်  ပရိသတ်နှစ်ခြိုက် အားပေး သော အောင်မြင်သည့်  ရုပ်မြင်သံကြားအစီအစဉ်တစ်ခု အဖြစ် ရပ်တည်နိုင်ခဲ့သည်။


မြန်မာတို့၏   နှလုံးသားထဲသို့   ဆယ်စုနှစ်ပေါင်းများ စွာတိုင်အောင် ရောက်ရှိ  စွဲငြိစေခဲ့သော  မြန်မာ့အသံရေဒီယို အစီအစဉ်များနှင့်  မြန်မာ့ရုပ်မြင်သံကြားအစီအစဉ် ပေါင်း များစွာထဲတွင်     မိမိအနေဖြင့်   တစ်ထောင့်တစ်နေရာက တတ်စွမ်းသရွေ့  ပါဝင်ကူညီအားဖြည့်ခွင့်  ရရှိနေခြင်းအပေါ် အထူးပင်   ဂုဏ်ယူမိသလို    စိန်ရတုကာလသို့ရောက်ရှိ နေပြီဖြစ်သည့်  မြန်မာတို့ရဲ့နှလုံးသားထဲက မြန်မာ့အသံ ကိုလည်း          လှိုက်လှိုက်လှဲလှဲဖြင့်           ဂုဏ်ပြုလိုက်ချင်ပါ သည်။       ။