မြန်မာသင်္ဘောသား ၅၀၀၀ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံ

ရန်ကုန်    စက်တင်ဘာ   ၂
တရုတ်ကုန်သည်များအသင်းနှင့် မီးပြတိုက်လူမှုကူညီရေးအသင်းတို့ပူးပေါင်း၍   မြန်မာသင်္ဘောသားဦးရေ   ၅၀၀၀    ကို    ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား စက်တင်ဘာ ၁  ရက်ကစ၍    သတ်မှတ်နေရာတို့တွင် ထိုးနှံပေးနေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော သင်္ဘောသားတစ်သိန်း ကျော်ရှိပြီး   ကိုဗစ်-၁၉  ရောဂါကြောင့် ကာကွယ်ဆေး ထိုးနှံပြီးသူ များကို သင်္ဘောလိုင်းများက   ဦးစားပေးခေါ်ယူနေသည့်အတွက် နိုင်ငံတကာသင်္ဘောများတွင် ပြန်လည်လိုက်ပါ၍    အလုပ်အကိုင် အခွင့်အလမ်း  ပြန်လည်ရရှိရန်နှင့် ကာကွယ်ဆေး ကြိုတင်ထိုးနှံမှု ဖြင့်   ရောဂါကူးစက်မှုကို  ကာကွယ်ထိန်းချုပ်နိုင်ရန် ထိုးနှံပေးခြင်း ဖြစ်ကြောင်း  သိရသည်။
‘‘သင်္ဘောသား ၅၀၀၀ အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူထားပြီး   မနေ့ကစပြီး ပထမအကြိမ်   လူဦးရေ ၂၅၀၀ ကို သတ်မှတ်နေရာတွေမှာ ထိုးနှံပေးနေပါတယ်။    ဆေးနှစ်ကြိမ်ထိုး ရမှာဖြစ်ပြီး တစ်ဦးကို  ငွေကျပ်  ၆၀၀၀၀ ကျပါတယ်။   လက်ရှိ သင်္ဘောလိုက်နေတဲ့  လူဦး‌ရေ ၃၀၀၀၀ နီးပါးမှာ ဆေးမထိုးရသေးတဲ့ သင်္ဘောသား  ၂၀၀၀၀ အထက်မှာရှိတယ်။ သင်္ဘောကုမ္ပဏီတွေက    ကာကွယ်ဆေးထိုးနှံထားသူတွေကို   ဦးစားပေး  သင်္ဘောတက်ဖို့  ကန့်သတ်ချက်နဲ့  နိုင်ငံတကာဆိပ်ကမ်းတွေမှာ   ထိတွေ့ဆက်ဆံ ရတဲ့အခါ ဆေးထိုးထားရင် အသက်ကိုကာကွယ်နိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်း ဆက်လက်ရှင်သန်နေမှာဖြစ်တဲ့အတွက် အဲဒါကြောင့် ကာကွယ်ဆေးထိုးနှံဖို့ ဆောင်ရွက်ခဲ့တာပါ”ဟု သင်္ဘောသားများဖြင့်  ဖွဲ့စည်းထားသော   မီးပြတိုက်လူမှုကူညီရေးအသင်းမှ   ကပ္ပတိန်  ဦးစိန်သန်းက ပြောသည်။
ကနဦးအနေဖြင့်  ကိုဗစ်-၁၉ ကာကွယ်ဆေးကို သင်္ဘောသား   ၅၀၀၀ အား   ထိုးနှံပြီးပါက  သင်္ဘောသား ၂၀၀၀၀ ကို   ဆက်လက် ထိုးနှံနိုင်ရန်    ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရသည်။                                
ညိမ်းသူ
(သတင်းစဉ်)