မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ နှစ်သစ်ကူးအခါသမယတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားသည့် မြန်မာနှစ်သစ်ကူးနှုတ်ခွန်းဆက် မင်္ဂလာစကား

 

(မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့) 
(၂၀၂၂ ခုနှစ် ၊ ဧပြီလ ၁၇ ရက်)

 

နှစ်ဟောင်းကနေ  နှစ်သစ်ကိုကူးတဲ့ ဒီလိုအချိန်ခါမှာ ပြည်ထောင်စု  အတွင်းမှာရှိတဲ့  တိုင်းရင်းသားပြည်သူ ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ  ကျန်းမာချမ်းသာကြပါစေ၊ ကောင်းကျိုးလိုအင် ဆန္ဒများပြည့်ဝကြပါစေလို့   ဆုမွန်ကောင်း    တောင်းအပ်ပါတယ် ခင်ဗျား။

 


ဖြတ်သန်းခဲ့တဲ့ တစ်နှစ်တာကာလအတွင်း ပြန်ကြည့်မယ်ဆိုရင်  ကိုဗစ်-၁၉ ကပ်ရောဂါ  ဖြစ်ပွားလာခဲ့တဲ့ စိန်ခေါ်မှုအခက်အခဲတွေ၊    ပါတီစုံဒီမိုကရေစီလျှောက်လှမ်းမှုမှာ  ရိုးသားတဲ့ ဒီမိုကရေစီအစား ရည်ရွယ်ချက်ရှိရှိ    ဖောက်ဖျက်ကျူးလွန်မှုတွေကြောင့်   ဖြစ်ပေါ် လာတဲ့ နိုင်ငံရေးအကျပ်အတည်းများကို ကျော်ဖြတ်ခဲ့ရပါတယ်။

 


ကိုဗစ်-၁၉    ကပ်ရောဂါကို     မိဘပြည်သူတွေနဲ့ပူးပေါင်းပြီး   ကျွန်တော်တို့ ကျော်လွှားနိုင်လိမ့်မယ်လို့  ကျွန်တော်ယုံကြည်ကြောင်း  မနှစ်က   နှစ်သစ်ကူး  ဆုတောင်းစကားမှာ  ထည့်ပြောခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်ဟာ ကျွန်တော်တို့ နိုင်ငံအတွက် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှု    အဆိုးရွားဆုံးဖြစ်ပွားခဲ့ရပြီး     အခက်အခဲပေါင်းများစွာ အတွင်းကနေ ကျော်လွှားနိုင်ခဲ့ပါပြီ။

 

သို့သော်လည်း အိမ်နီးချင်းနိုင်ငံ များအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဖြစ်ပွားမှုနှုန်း မြင့်မားနေဆဲ ဖြစ်ပြီး   ကမ္ဘာမှာ  လုံးဝကင်းစင်ပြီလို့   မပြောနိုင်သေးတဲ့အတွက်  ကျွန်တော်တို့တစ်တွေ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးအတွက်   လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းများ   အပြည့်အဝလိုက်နာမှု လိုအပ်ပါကြောင်း ပြောလိုပါတယ်။

 


ဒီနှစ်ဟာ   စိန်ရတုလွတ်လပ်ရေးနေ့ရဲ့  အကြိုနှစ်ဖြစ်ပါတယ်။    ဒါကြောင့် လွတ်လပ်ရေးရဲ့ အသီးအပွင့်များ၊  ဒီမိုကရေစီအုပ်ချုပ်ရေးရဲ့   အနှစ်သာရများ   အပြည့်အဝခံစားရစေဖို့    ကျွန်တော်တို့အားလုံး အစွမ်းကုန်ကြိုးစားကြရပါဦးမယ်။  ဒါကြောင့်   ဒီနှစ်ကို  ငြိမ်းချမ်းရေး နှစ်လို့   သတ်မှတ်ပြီး  တစ်နိုင်ငံလုံး   ငြိမ်းချမ်းသာယာမှုရှိစေရေး အစွမ်းကုန် ကြိုးစားနေပါတယ်။

 


ကျွန်တော့်ရဲ့ အမျိုးသားရေး ရည်မှန်းချက် ၂ ခုရှိပါတယ်။ 


၁။    နိုင်ငံတော်ကြီး သာယာဝပြောရေး
၂။    တိုင်းပြည် စားရေရိက္ခာပေါများရေး တို့ဖြစ်ပါတယ်။

 


ပြည်ထောင်စုကြီး    တစ်ခုလုံး   အေးချမ်းသာယာစွာနဲ့   လူတိုင်း  လူတိုင်း ကိုယ်စိတ်ချမ်းသာစွာနဲ့ လုပ်ကိုင်စားသောက်နိုင်ပြီး နိုင်ငံ တကာနဲ့ ရင်ပေါင်တန်းနိုင်ရပါမယ်။

 


မြေပေါ်မြေအောက် သဘာဝအရင်းအမြစ်များ အသုံးချပြီး တိုင်းသူ ပြည်သားအားလုံးအတွက်   စားရေရိက္ခာ     မပူမပင်   မကြောင့်မကြ ပြည့်စုံနေအောင် ဆောင်ရွက်ရေးပဲ ဖြစ်ပါတယ်။

 


တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာပဲ ရှိပါတယ်။ ပြည်သူလူထုရဲ့ စွမ်းအားနဲ့   အကောင်းဆုံးဖြစ်အောင်   ကျွန်တော်   ကြိုးစားသွား ပါမယ်။ အောင်မြင်မယ်လို့လည်း အပြည့်အဝယုံကြည်ပါတယ်။

 


ယခုလို  ၁၃၈၄ ခုနှစ် ကျက်သရေမင်္ဂလာရှိတဲ့ နှစ်သစ်ဦးအချိန် ကာလသမယမှာ  ကျွန်တော်တို့   ဖြတ်သန်းလာခဲ့ရတဲ့   နှစ်ဟောင်း တွေက  အားနည်းချက်တွေကို ပြုပြင်၊ အားသာချက်တွေကို ဆင်ခြင် သုံးသပ်မြှင့်တင်ပြီး   နိုင်ငံတော်နဲ့  နိုင်ငံသားတို့အတွက်    ပေးဆပ် သယ်ပိုးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 


ပြည်ထောင်စုဖွား     တိုင်းရင်းသား      ညီအစ်ကိုမောင်နှမများ အားလုံး ကျန်းမာရွှင်လန်းစွာဖြင့် ဒီနှစ်သစ်မှာ ကျွန်တော်တို့နဲ့အတူ ပြည်ထောင်စုအကျိုးကို      လက်တွဲ   ဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ရပါတယ်။
အားလုံး ကျန်းမာရွှင်လန်းကြပါစေ ခင်ဗျာ။