
၁။ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ နှောင်းတန်ခူးလဆန်း ၁၄ ရက် နေ့မှ နှောင်းတန်ခူးလပြည့်ကျော် ၁ ရက်နေ့သည် နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့် မဟာသင်္ကြန်အခါတော် ဖြစ်ပါသည်။
၂။ ဤအခါသမယတွင် မြန်မာလူမျိုးတို့သည် သက်ကြီးဝါကြီးများအား ပူဇော်သက္ကာယပြုခြင်း၊ ရှင်ပြုရဟန်းခံအလှူမင်္ဂလာများ ကျင်းပခြင်း နှင့် တိရစ္ဆာန်များ ဘေးမဲ့လွှတ်ခြင်းစသော မင်္ဂလာအမှုတို့ကို ပြုမြဲ ဖြစ်ပါသည်။
၃။ ထို့အပြင် နှစ်ဟောင်းတွင် ကိုယ်စိတ်နှစ်ပါးတို့၌ အညစ်အကြေး များရှိခဲ့ပါက ဆေးကြောသန့်စင်သည့်အနေဖြင့် တစ်ဦးနှင့်တစ်ဦး ကြည်လင်သန့်ရှင်းမွှေးပျံ့သင်းသည့် နံ့သာရည်များကို သပြေခက်ဖြင့် ပက်ဖျန်းကြသည့် ဓလေ့အစဉ်အလာလည်း ရှိပါသည်။
၄။ သို့သော် လူငယ်တို့သဘာဝ အပျော်လွန်ရာမှ ကြမ်းတမ်းစွာ ရေကစားခြင်းဖြင့် တစ်ဖက်သားကို အနာတရဖြစ်စေခြင်း၊ တစ်ဖက်သား မခံမရပ်နိုင်သည်အထိ နောက်ပြောင်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ ယာဉ်အန္တရာယ် ကျရောက်ခြင်းစသည့် အမင်္ဂလာများလည်း သက်ရောက် တတ်ပါသည်။
၅။ ထို့ကြောင့် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်ကို အောက်ပါရည်ရွယ်ချက်များနှင့်အညီ ကျင်းပသွားရန် ဖြစ်ပါသည်-
(က) မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းရန်၊
(ခ) ပြည်သူများ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာဖြင့် ရေသဘင်ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင် ဆင်နွှဲနိုင်ရန်၊
(ဂ) ပြည်သူများသည် မိမိတို့ ပင်ပန်းနွမ်းနယ်သမျှကို အတာရေပက်ဖျန်း လန်းဆန်းစေခြင်းဖြင့် နှစ်သစ်တွင် နိုင်ငံတော်၏ တာဝန်များကို စွမ်းအားပြည့် ဆောင်ရွက် နိုင်ကြစေရန်၊
(ဃ) မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အနှစ်သာရများ၊ အမျိုးသားရေးစရိုက်လက္ခဏာများကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်တတ်ကြစေရန်။
၆။ သို့ဖြစ်ပါ၍ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်၏ မွန်မြတ်သော ရည်ရွယ်ချက်များကို ထိန်းသိမ်းသောအားဖြင့် အောက်ပါ တို့ကို ရှောင်ကြဉ်ကြပါရန် နှိုးဆော်အပ်ပါသည်-
(က) မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်နှင့် ဖီလာဆန့်ကျင်ပြီး မြန်မာလူမျိုးများ၏ အမြင်တွင် မတင့်တယ်သည့် နေထိုင်မှု၊ ပြုမူမှုများ ရှောင်ကြဉ်ကြပါရန်၊
(ခ) ဘာသာတရား၏ အဆုံးအမနှင့် မလျော်ညီသည့် ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုမှုများ ရှောင်ကြဉ်ကြပါရန်၊
(ဂ) သူတစ်ပါးအား ဒဏ်ရာအနာတရဖြစ်စေပြီး အန္တရာယ် ဖြစ်စေမည့် ကြမ်းတမ်းသည့် ရေကစားမှု၊ ထိပါး နှောင့်ယှက်မှုများ ရှောင်ကြဉ်ကြပါရန်၊
(ဃ) သူတစ်ပါး သို့မဟုတ် အဖွဲ့အစည်းတို့၏ ဂုဏ်သိက္ခာ ပျက်ပြားထိခိုက်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပြောဆိုခြင်း၊ သံချပ်ထိုးခြင်း၊ သီဆိုခြင်း၊ လှုပ်ရှား ဆောင်ရွက်ခြင်းစသည့် အပြုအမူများ ရှောင်ကြဉ်ကြပါရန်၊
(င) မြန်မာ့ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းမြတ်နိုးတတ် သော အများပြည်သူတို့၏ အမြင်အာရုံတွင် အနှောင့် အယှက်ဖြစ်စေတတ်သည့် မြန်မာ့ယဉ်ကျေးမှုလွန် ဝတ်စားဆင်ယင်မှုမျိုး ဝတ်ဆင်ခြင်းမှ ဆင်ခြင် ရှောင်ကြဉ်ကြပါရန်၊
(စ) မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ကို ချစ်ခင်၍ ပျော်ရွှင်ကြလိုသူများဖြစ်သည်နှင့်အညီ အခြားနိုင်ငံ သားများက မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာ မဟာသင်္ကြန်ကို လေးစားတန်ဖိုးထားမှု လျော့ပါးစေသော စရိုက်လက္ခဏာများ၊ အပြောအဆို၊ အဝတ်အစား၊ အစားအစာ၊ အကအခုန်များကို အလွန်အမင်း လိုက်စား ပြုမူခြင်း၊ အရက်သေစာကို သိက္ခာကျလောက်အောင် သောက်စားမူးယစ်ခြင်းများ၊ ဆင်ခြင်ရှောင်ကြဉ်ကြပါရန်။