
နေပြည်တော် ဖေဖော်ဝါရီ ၁၀
မြန်မာတို့၏ ရိုးရာအမွေအနှစ် ကိုယ်ခံပညာရပ်ဖြစ်သည့် မြန်မာ့ သိုင်း အားကစားနည်း ဖွံ့ဖြိုး တိုးတက်စေရန်နှင့် မြန်မာ့ရိုးရာ သိုင်းပညာရပ်ကို လူငယ်/လူရွယ် တိုင်း စိတ်ပါဝင်စားလာစေရန် ရည်ရွယ်၍ “၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနား” ကို ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကိုဗစ်- ၁၉ ရောဂါ စည်းမျဉ်း စည်းကမ်း များနှင့်အညီ ကျင်းပသည်။
ကြည့်ရှုအားပေး
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာမျိုးသိန်းကျော်၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာ သက်သက်ခိုင်၊ ဒေါက်တာ ဌေးအောင် နှင့် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိ သူများ၊ ဝန်ထမ်းများ
တက်ရောက် ကြည့်ရှုအားပေး ကြသည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံက မြန်မာတို့၏ ရိုးရာအမွေအနှစ် ဖြစ်သည့် မြန်မာ့သိုင်း အားကစား နည်းကို စိတ်ပါဝင်စားပြီး လူငယ် မျိုးဆက်သစ် အားကစားသမား များ မွေးထုတ်ပေးနိုင်ရေး၊ လူငယ်လူရွယ် အချင်းချင်း ချစ်ခင်စည်းလုံး ညီညွတ်မှုရရှိကာ ကျန်းမာကြံ့ခိုင်သော လူငယ်များ အဖြစ် နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ် အားကစားသမား များနှင့် ရွက်ပုန်းသီး အားကစား သမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ယခုပြိုင်ပွဲကို ကျင်းပ ပေးရခြင်းဖြစ်ကြောင်း၊ မြန်မာ့ သိုင်းပညာရပ်များ နိုင်ငံတကာသို့ ပျံ့နှံ့ရောက်ရှိစေရန်နှင့် အရှေ့ တောင်အာရှနှင့် ကမ္ဘာ့အားကစား ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်အနိုင် ရရှိရေးတို့အတွက် အထောက် အကူဖြစ်စေရန် ဝန်ကြီးဌာန အနေဖြင့် ကြိုးပမ်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာ့ သိုင်းပညာရပ်သည် တန်ဖိုးမဖြတ် နိုင်သော ယဉ်ကျေးမှုအမွေအနှစ် ဖြစ်သောကြောင့် ထိန်းသိမ်း စောင့်ရှောက် သွားကြရန်နှင့် ခေတ်နှင့်အညီ ပြန့်ပွားတိုးတက် စေရေးအတွက် နိုင်ငံသားတိုင်း၏ အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ် သတ်မှတ်ဆောင်ရွက် ရန်လိုကြောင်း၊ သိုင်းပညာရပ် သည် နိုင်ငံတော်ကာကွယ်ရေး အတွက် အရေးပါသည့်အပြင် ရိုးရာအမွေအနှစ် ကိုယ်ခံပညာ တစ်ရပ်အနေဖြင့် အလေးအနက် ထား လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ကြောင်း၊ ထိုပညာရပ်ကို မတိမ်ကော ပပျောက် မသွားစေရန်အတွက် လူငယ်လူရွယ်တိုင်း၏ စိတ်ထဲ နှလုံးသားထဲတွင် ခံယူပြီး ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက်သွားကြရန်လိုကြောင်း၊ ယခုပြိုင်ပွဲတွင် ဒိုင်လူကြီးများ အနေဖြင့် ဘက်လိုက်မှုမရှိဘဲ တရားမျှတ စွာဖြင့် မှန်မှန်ကန်ကန်ဆုံးဖြတ်ဆောင်ရွက်ပေးရန်နှင့် ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် အားကစားသမားများ အနေဖြင့် လည်း တစ်ဦးနှင့်တစ်ဦး ချစ်ခင် ရင်းနှီးစွာဖြင့် ပြောဆိုနေထိုင်၍ မိမိတို့ အသင်းအောင်နိုင်ရေး အတွက် အနိုင်မခံအရှုံးမပေးဘဲ ဇွဲ၊ စိတ်ဓာတ်အပြည့်အဝဖြင့် မိမိ တို့၏ အစွမ်းအစများကို အစွမ်း ကုန်ဖော်ထုတ် ယှဉ်ပြိုင်ကစား ကြရန် တိုက်တွန်းပြောကြား သည်။
အခမဲ့ကြည့်ရှုအားပေးနိုင်
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြိုင်ပွဲအမျိုးအစား ဝိတ်တန်း အလိုက် ဗန်ဒိုပြိုင်ပွဲနှင့် ဓားအတိုက် ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာ့ သိုင်းပြိုင်ပွဲအား ဖေဖော်ဝါရီ ၁၀ ရက် မှ ၁၄ ရက် အထိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B) ၌ ပြိုင်ပွဲ အမျိုး အစားအလိုက် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကာ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အသင်း ၁၂ သင်း၊ အားကစား သမား ၁၄၅ ဦး ဝင်ရောက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ရာ အားကစား ကို စိတ်ပါဝင်စားသည့် မည်သူ မဆို အခမဲ့လာရောက် ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်