
ဇော်ထက်လင်း (ဘဓရ)
ဘူမိဥယျာဉ် (Geopark) ဆိုသည်မှာ
ဘူမိဥယျာဉ်ဆိုသည်မှာ တစ်မူ ထူးခြား၍ တစ်ပေါင်းတစ်စည်းတည်း ရှိပြီး အရေးပါသည့် သဘာဝပတ်ဝန်း ကျင်၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ရိုးရာ ယဉ်ကျေးမှု ရှေးဟောင်းအမွေအနှစ်တို့ ပါဝင်ကာ ဘူမိအမွေအနှစ်များကို ပညာ ပေးရန်၊ ကာကွယ်ထိန်းသိမ်းရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် စသည့် ရည်ရွယ်ချက်တို့ဖြင့် လွှမ်းခြုံ စဉ်းစားလျက် စီမံခန့်ခွဲထားသည့် နေရာ တစ်ခုပင် ဖြစ်ပါသည်။
ဘူမိဥယျာဉ်တစ်ခုအတွင်းရှိ ဘူမိ အမွေအနှစ်များသည် ကလေးငယ်များ၊ အရွယ်ရောက်ပြီးသူများ၊ ဒေသခံပြည်သူ များနှင့် လာရောက်လည်ပတ်သူများ အတွက် ဒေသတစ်ခု၏ သမိုင်း၊ သဘာဝ နှင့် ယဉ်ကျေးမှုအကြောင်း လေ့လာနိုင် သည့် ကမ္ဘာ့သင်ခန်းစာအနေဖြင့် အထောက်အပံ့ပြုကြောင်း တွေ့ရှိရပါ သည်။ ထို့အပြင် ဘူမိဥယျာဉ်များသည် ပညာရေးနှင့် အတွေ့အကြုံသင်ယူခြင်း အတွက် အခွင့်အလမ်းများရရှိစေရုံသာ မက ဘူမိအမွေအနှစ်နေရာများအတွက် ဘူမိနယ်မြေများ ထိန်းသိမ်းခြင်း (Geoconservation) အကြောင်း နားလည်သဘောပေါက်ရန်နှင့် အသိ ပညာတိုးပွားစေရန်အတွက် အလား အလာများကို ဖော်ဆောင်လျက်ရှိပါ သည်။ အခြားတစ်ဖက်တွင်လည်း ဘူမိနယ်မြေများကို သွားရောက် လေ့လာအပန်းဖြေခြင်းဆိုင်ရာ ဘူမိ ခရီးသွားလုပ်ငန်း (Geotourism) နှင့် ယင်းနယ်မြေအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး (Sustainable Development) ကိုလည်း အထောက် အပံ့အဖြစ် တည်ရှိနေပါသည်။
ဘူမိဥယျာဉ်များ၏အစ
ကျောက်အမျိုးမျိုးနှင့် တွင်းထွက် သတ္တုများ၊ ကျောက်ဖြစ်ရုပ်ကြွင်း၊ မြေဆီ လွှာများနှင့် ဘူမိရုပ်သွင်များသည် သဘာဝ၏ အဓိကအရေးပါသော အရာ များပင်ဖြစ်လေရာ လူသားများ၏ ဖြန့်ကြက်နေထိုင်မှု၊ သစ်ပင်ပန်းမန်နှင့် တိရစ္ဆာန်များသည် ရာသီဥတုအပေါ်တွင် သာ အမှီသဟဲပြုနေခြင်းမဟုတ်ဘဲ ဘူမိဗေဒနှင့် တောတောင်ရေမြေတို့ သည်လည်း လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုနှင့် ကမ္ဘာမြေပေါ်ရှိ ကွဲပြား ခြားနားသော ဓလေ့ထုံးစံတို့ကို နက်ရှိုင်းစွာ လွှမ်းမိုးလျက်ရှိကြောင်း တွေ့ရှိရပါသည်။
ဘူမိဥယျာဉ်အယူအဆ အခြေခံ အတွေးအခေါ်ကို ၁၉၉၁ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၌ ကျင်းပခဲ့သော “ဒင်း ညီလာခံ” (Digne Convention) တွင် ဘူမိဗေဒဆိုင်ရာ အမွေအနှစ်များ ထိန်းသိမ်းရေးဆိုင်ရာ ပထမအကြိမ် နိုင်ငံတကာ ဆွေးနွေးပွဲကို တက်ရောက် လာသူများက ကမ္ဘာ့မြေဘူမိအမွေအနှစ် များကို ကာကွယ်စောင့်ရှောက်ရန် နိုင်ငံ တော်နှင့် နိုင်ငံတကာအာဏာပိုင်များ အား အဆိုပြုတောင်းဆိုရာမှ စတင်ခဲ့ ကြောင်း သိရှိရပါသည်။
၁၉၉၇ ခုနှစ်တွင် ဖော်ပြပါ တောင်းဆိုချက်များကို တုံ့ပြန်မှုအနေဖြင့် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေး မှုအဖွဲ့ (ယူနက်စကို) (United Nations Educational, Scientific and Culture Organization-UNSECO) ၏ ကမ္ဘာမြေ သိပ္ပံဌာနခွဲသည် ကမ္ဘာမြေအမွေအနှစ် များ ထိန်းသိမ်းစောင့်ရှောက်ရေးတွင် နိုင်ငံတော်နှင့် နိုင်ငံတကာမှ ကြိုးပမ်းမှု များကို ပံ့ပိုးရန် ယူနက်စကို ဘူမိဥယျာဉ် အစီအစဉ် (UNESCO Geoparks Programme) ၏ အယူအဆကို မိတ်ဆက် ပေးခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် ဥရောပနယ်မြေ လေးခုဖြစ်သော ပြင်သစ်၊ ဂရိ၊ ဂျာမနီနှင့် စပိန်နိုင်ငံများမှ ကိုယ်စားလှယ်များသည် ဘူမိဗေဒ အမွေအနှစ်များ ကာကွယ်ရေးနှင့် ဘူမိ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးတို့မှ တစ်ဆင့် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို ကိုင်တွယ်ဖြေရှင်းရန် အတူတကွ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဥရောပဘူမိဥယျာဉ်ကွန်ရက် (European Geoparks Network-EGN) တည်ထောင် ကြောင်း ကြေညာချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါ သည်။
အခြားတစ်ဖက်တွင်လည်း ကမ္ဘာ့ ဘူမိဥယျာဉ်များ၏ လှုပ်ရှားမှုများသည် ၁၉၉၆ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တော်၌ ကျင်းပသော အကြိမ် (၃၀) မြောက် ဘူမိဗေဒညီလာခံ မှ ကွင်းဆင်းခရီးစဉ် (Field Trip) တစ်ခု အနေဖြင့် တရုတ်နှင့် နိုင်ငံတကာ ဘူမိ ဗေဒပညာရှင်များ သွားရောက်ခဲ့သည့် ဖန်ရှန်ခရိုင် (Fangshan District) ၏ ကျုံးခေါ်သိရန့် ဧရိယာ (Zhoukoudian Area) ခရီးစဉ်မှ စတင်ခဲ့ကြောင်းကို လည်း လေ့လာသိရှိရပါသည်။
၂၀၁၅ ခုနှစ်တွင် ယူနက်စကို ကမ္ဘာလုံးဆိုင်ရာ ဘူမိဥယျာဉ် (UNESCO Global Geopark) အတွက် အပြည်ပြည် ဆိုင်ရာ ဘူမိသိပ္ပံနှင့် ဘူမိဥယျာဉ်များ အစီအစဉ် (International Geosciences and Geoparks Programme-IGGP) ကို အဆိုပြုပြဋ္ဌာန်းခဲ့ကာ ရည်ရွယ်ချက် အားဖြင့် ဒေသအတွင်းရှိ အတိတ်သမိုင်း နှင့် ဘူမိအမွေအနှစ်များ၏ အရေးကြီးပုံ တို့ကို တိုးမြှင့်အသိပေးခြင်းဖြင့် ယူနက် စကို ကမ္ဘာလုံးဆိုင်ရာ ဘူမိဥယျာဉ်များ သည် ဒေသခံလူထုအား ယင်းတို့ဒေသ အပေါ် ဂုဏ်ယူတတ်စေရန်၊ ဒေသ အတွင်း ဘူမိအမွေအနှစ်များ ထိန်းသိမ်း ရေးတွင် ပူးပေါင်းပါဝင်မှု မြင့်မားလာစေ ရန်နှင့် ဘူမိခရီးသွားလုပ်ငန်းမှ အလုပ် အကိုင်အခွင့်အလမ်းများနှင့် ဝင်ငွေ ရရှိစေရန် ရည်ရွယ်ခဲ့ကြပါသည်။
ထိုအချက်များကို အခြေပြု၍ ယူနက်စကို ကမ္ဘာလုံးဆိုင်ရာ ဘူမိ ဥယျာဉ်များသည် ပထဝီဝင်အနေအထား အရ ထူးခြားသည့် နေရာဒေသများတွင် ရှိပြီး ဘူမိဗေဒအရ ကမ္ဘာ့အဆင့် ထူးခြား သော နေရာဒေသများကို ထိန်းသိမ်းခြင်း၊ ပညာပေးခြင်းနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်စေခြင်းတို့ကို ခြုံငုံမိသည့် သဘောတရားဖြင့် စီမံခန့်ခွဲရေးတို့ကို ဆောင်ရွက်သွားနိုင်ရန် သတ်မှတ်ထား သော နေရာများပင်ဖြစ်ပေသည်။
သတ်မှတ်ပြီး ကမ္ဘာ့အဆင့် ဘူမိဥယျာဉ်များ
ကမ္ဘာပေါ်တွင် ၂၀၀၄ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ၁၈ နှစ်အတွင်း နိုင်ငံပေါင်း ၄၆ နိုင်ငံ၌ ယူနက်စကို ကမ္ဘာ့ဘူမိ ဥယျာဉ်များ ၁၇၇ ခုအထိ သတ်မှတ် ထားပြီးဖြစ်ပါသည်။ ယင်းတို့တွင် ဥရောပတိုက်၌ ၉၄ ခု၊ အာရှနှင့် ပစိဖိတ် ဒေသတွင် ၆၆ ခု၊ တောင်-မြောက် အမေရိကနှင့် ကာရေဗီယန်ဒေသတွင် ၁၅ ခုနှင့် အာဖရိကတိုက်တွင် နှစ်ခု သတ်မှတ်ထားပြီးလည်း ဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်တွင်လည်း ၁၈ ခု ထပ်မံ တိုးမြှင့်လာကြောင်းကိုလည်း သိရှိရ သဖြင့် လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံ ပေါင်း ၄၈ နိုင်ငံတွင် UNESCO Global Geopark စုစုပေါင်း ၁၉၅ ခု ရှိလာပြီး ဖြစ်ပါသည်။
မြန်မာ့ပထမဆုံး အမျိုးသားဘူမိ ဥယျာဉ်ဖြစ်မြောက်ရေးနှင့် ပုပ္ပားတောင်
မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံဘူမိ သိပ္ပံအသင်းနှင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ၏ သစ်တောဦးစီးဌာန၊ ဘူမိဗေဒ လေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာနတို့က ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်နိုင်ရေး အလားအလာကောင်း များရှိသည့် နေရာများကို သွားရောက် ရှာဖွေဖော်ထုတ်ထားခဲ့ပြီး ယင်းတို့ အနက် အလားအလာအကောင်းဆုံး ဖြစ်သည့် ပုပွားတောင်ဒေသကို ကမ္ဘာ့ အဆင့် ဘူမိဥယျာဉ်အဖြစ် အမည်စာရင်း အဆိုမပြုမီ ရှေးဦးစွာ အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် သတ်မှတ်ခဲ့ပါ သည်။
ကမ္ဘာ့အဆင့်မီ ဘူမိဗေဒဆိုင်ရာ အရေးပါမှုများ၊ ကျောက်ဖြစ်ရုပ်ကြွင်း ဆိုင်ရာ တွေ့ရှိချက်များ၊ ယဉ်ကျေးမှုနှင့် ရှေးဟောင်းအမွေအနှစ်များ၊ ဇီဝမျိုးကွဲ များ၊ ဒေသခံလူဦးရေနှင့် အသက်မွေး ဝမ်းကျောင်းမှုများကို အခြေခံ၍ မြန်မာ့ရာဇဝင်သမိုင်းကြောင်းများနှင့် ယဉ်ကျေး မှုတို့ဖြစ်တည်ကာ မီးတောင်ဟောင်း တစ်ခုဖြစ်ခဲ့ဖူးသည့် ဘူမိရုပ်သွင်ထူးခြား သော ပုပ္ပားတောင်ဒေသကို မြန်မာ နိုင်ငံ၏ ပထမဆုံး ပုပ္ပားတောင်အမျိုးသား ဘူမိဥယျာဉ် (Mount Popa National Geopark) အဖြစ် အဆိုပြုရွေးချယ်ကာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း လည်းဖြစ်ပါသည်။
ပုပ္ပားဆိုသည်မှာ ပါဠိဘာသာ “ပုပ္ပ” ဟူသော ဝေါဟာရမှ ဆင်းသက်လာသော စကားဖြစ်ပြီး ‘ပန်း’ ဟူသော အဓိပ္ပာယ် ဖွင့်ဆိုယူဆချက်နှင့် ပုဂံခေတ် အမည် မသိ ရှေးစာဆိုတစ်ဦး၏ ပုပ္ပား နတ်တောင်ဘွဲ့ လင်္ကာတွင် ပါဝင်သော “ရွှေနှင့်ယိုးမှား ပန်းစကား” တို့နှင့်အညီ စကားဝါပန်းများသည် မြန်မာတို့ အစဉ်အဆက် အလေးအမြတ်ထားရာ ပုပ္ပားတောင်ကလပ်တောင်မြတ်၏ အလှ သင်္ကေတပင်ဖြစ်ပါသည်။
ပုပ္ပားတောင် ပတ်ဝန်းကျင်ဒေသ သည် “ပုပ္ပ” ဟူသော အမည်နာမနှင့် အညီ ရာသီအလိုက် ပန်းပေါင်းဝေဆာ ဖူးပွင့်လျက်ရှိပြီး ပူပြင်းခြောက်သွေ့သော အပူပိုင်းဇုန်တွင် တည်ရှိနေသော်လည်း သဘာဝစိမ့်စမ်း ရေတံခွန်တို့ဖြင့် အမြဲ ထာဝရ စိမ်းလန်းစိုပြည်နေပြီး မြင်ရသူ များအဖို့ ချမ်းမြေ့ကြည်နူးဖွယ်ရာ ဖြစ်သဖြင့် ပုပ္ပားနယ်မြေကို အပူပိုင်း ဒေသ၏
အိုအေစစ်ဟု တင်စားခေါ်ဝေါ်ကြပါ သည်။ အခြားတစ်ဖက်တွင်လည်း မြေပြန့်လွင်ပြင်တွင် ထီးတည်းရှိနေ သဖြင့် မြင့်မားလှသော တောင်ကြီး တစ်ခုအသွင် ပေါ်နေခြင်းကြောင့်လည်း ပါဠိဘာသာဖြင့် မဟာဂီရိ (တောင်ကြီး) ဟူ၍လည်း ဆိုကြပြန်လေသည်။ ခေတ်သမိုင်းအဆက်ဆက် မြန်မာတို့ ကိုးကွယ်ယုံကြည်ရာ နတ် ၃၇ မင်းတို့ ပျော်စံရာအဖြစ် တစ်နှစ်ပတ်လုံး ယုံကြည်ကိုးကွယ်သူများနှင့် စည်ကား လျက်ရှိပေသည်။
ပုပ္ပားမီးတောင်ကြီး၏ ပထဝီဝင်အခြေအနေနှင့်
ဘူမိနောက်ခံ
ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ် သည် မန္တလေးတိုင်းဒေသကြီး ညောင်ဦး ခရိုင် ကျောက်ပန်းတောင်းမြို့နယ် အတွင်းတည်ရှိပြီး ပုပ္ပားတောင်မကြီး၏ အမြင့်မှာ ၄၉၈၁ ပေရှိကာ တောင်ကလပ် မှာ အမြင့် ၂၄၁၇ ပေဖြင့် သီးခြား မတ်စောက်စွာ တည်ရှိနေပါသည်။ တောင်ခြေဧရိယာမှာ ၂၅ စတုရန်းမိုင် ရှိပြီး အနိမ့်ဆုံး ပေ ၉၈၀ မှ ၄၉၈၁ ပေ အထိ မြင့်မားသော မီးတောင်ချော် ကျောက်များဖြင့် ဖွဲ့စည်းထားသော တောင်ကုန်းတောင်တန်းများ ပါဝင် ပါသည်။ ပုပ္ပားတောင်ဒေသ၏ သဘာဝ ပတ်ဝန်းကျင်သည် အပူပိုင်းမိုးနည်း ရပ်ဝန်းဒေသတွင် ထူးခြားစွာ ရပ်တည် နေသော မီးတောင်တစ်ခုဖြစ်သဖြင့် ပတ်ဝန်းကျင်လွင်ပြင် ဒေသထက် မြင့်မားပြီး သစ်တောသစ်ပင်များ ဖုံးအုပ်လျက်ရှိသဖြင့် ပိုမိုအေးမြသော သဘာဝပတ်ဝန်းကျင်ရှိသည့် နေရာ တစ်ခုပင်ဖြစ်ပါသည်။
ပုပ္ပားတောင်ဒေသ၏ ယဉ်ကျေးမှု အမွေအနှစ်တို့မှာ ပုဂံခေတ်မှသည် ရှေးမင်းအဆက်ဆက်တို့ စိတ်ဝင်စား သည့် နေရာတစ်ခုဖြစ်သဖြင့် ရာဇဝင် သမိုင်းကြောင်းများနှင့်အတူ ယဉ်ကျေးမှု တို့ ထွန်းကားရာ နယ်မြေတစ်ခုဖြစ်ပါ သည်။ ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်များအဖြစ် ပုဂံခေတ်စစ်လက်နက် များပြုလုပ်ရာ မြန်မာ့ရိုးရာ သံချက်ဖိုများ၊ ဆင်ကျုံးများနှင့် ရှင်ဘုရင်တို့၏ စစ်စခန်း များချရာ အဆောက်အအုံအုတ်မြစ်များ လည်း ပုပ္ပားဒေသတွင်ရှိကြောင်း လေ့လာသိရှိရပါသည်။
ပုပ္ပားတောင်သည် မြန်မာနိုင်ငံ၏ သက်နှောင်းကပ် (Cenozoic Era) နောက်ပိုင်းတွင် ပေါ်ပေါက်ခဲ့သော အလယ်မီးတောင်ရပ်ဝန်း (Central volcanic line) တွင် ပါဝင်သည့် မီးတောင်ဟောင်း တစ်ခုဖြစ်ကာ သမိုင်းမတင်မီခေတ်ကပင် မီးတောင် ဖြစ်စဉ် ပြီးဆုံးခဲ့ဟန်ရှိပါသည်။ ပုပ္ပား တောင်မကြီးသည် မူလက မီးတောင် ကတော့ ပုံသဏ္ဌာန်ရှိနေရာမှ နောက်ဆုံး အကြိမ် ပေါက်ကွဲမှုကြောင့် မြောက်ဘက် မျက်နှာသည် ပွင့်ထွက်သွားပြီး မြင်းခွာပုံ (တစ်ဖက်ပွင့် မီးတောင်) အဖြစ် တည်ရှိ နေခြင်းဖြစ်ပါသည်။ ပွင့်ထွက်နေသော မီးတောင်ဝ နှုတ်ခမ်းတစ်လျှောက်တွင် တောင်ထွတ်များအနေဖြင့် ဆေးမွှေ တောင် ပင်လယ်ပြင်ထက်အမြင့် ၄၅၀၁ ပေ၊ စပါးပုံတောင် ၄၈၀၁ ပေ၊ မှန်ပြတောင် ၄၉၈၁ ပေ အသီးသီး တွေ့ရှိရပါသည်။ မီးတောင်ခုံး၏ အခြေ သည် ပေ ၃၀၀၀ ခန့်တွင် တည်ရှိပါသည်။ ပုပ္ပားတောင်မကြီး၏ အနောက်ဘက် တောင်စောင်းတွင် မီးတောင်ပွားတစ်ခု၏ လည်တိုင်ဖြစ်သော မတ်စောက်ပြီး ထီးတည်းဖြစ်နေသည့် တောင်ကလပ် တစ်ခုလည်း တည်ရှိပါသည်။ ပုပ္ပား တောင်ကလပ်သည် အရှေ့တောင်အာရှ အတွင်း ဘူမိရုပ်သွင်ထူးခြားသော ရင်သပ်ရှုမောဖွယ်လှပသော မီးတောင် လည်တိုင်တစ်ခုဖြစ်ပါသည်။ မြန်မာ နိုင်ငံအတွင်းမှလွဲ၍ အခြားအာရှနိုင်ငံ များတွင် ယင်းကဲ့သို့လှပပြီး ဘူမိဖြစ်စဉ် အရ စိတ်ဝင်စားဖွယ် မီးတောင် လည်တိုင်မျိုး မတွေ့ရှိရပေ။
ပုပ္ပားတောင်မကြီးသည် ယခင်က မီးတောင်ကြီး ဖြစ်ခဲ့ခြင်းကြောင့် အဓိက မီးတောင်ကျောက်များအနေဖြင့် အင်ဒီဆိုက် (Andesite)၊ ဗဆော့ (Basalt)၊ ချော်စပေါင်းကျောက် (Pyroclastic rock)၊ မီးတောင်ပြာ (Volcanic Ash) များကို တွေ့ရှိရပြီး မီးတောင်ထိပ်ဝနှင့် မြောက်ဘက် ပွင့်ထွက်ရာအပိုင်းတွင် ချော်မှုန့်ကျောက် (Tuff)၊ ချော်ခဲကျောက် (Agglomerate)၊ မီးတောင် ဗရက်ရှာကျောက် (Volcanic Breccia) နှင့် ချော်စီးကြောင်း (Lava flow)၊ တို့ကို တွေ့ရှိရပါသည်။ တချို့ နေရာများတွင် မီးတောင်ပြာလွှာများကို ချော်ခဲကျောက်လွှာများနှင့် လွှာထပ် လျက်တွေ့ရှိရပါသည်။
ပုပ္ပားမီးတောင်၏ သက်တမ်းနှင့်
ဒေသအတွင်း
တွေ့ရှိရသော ကျောက်များ
ပုပ္ပားမီးတောင်၏ သက်တမ်းနှင့်
ပတ်သက်၍ အစောဆုံးခန့်မှန်းမှုအနေ ဖြင့် Dr.H.L. Chhibber ၏ ၁၉၂၇ ခုနှစ် ခန့်မှန်းချက်မှာ ပုပ္ပားတောင်၏ နောက်ဆုံးပေါက်ကွဲမှုမှာ နှစ်ပေါင်း သုံးသိန်းခန့်ကဟု ခန့်မှန်းခဲ့ပါသည်။ ဘူမိဗေဒအရ အချို့နေရာများတွင် နှစ်ပေါင်းနှစ်သန်းမှ သုံးသန်းခန့် သက်တမ်းရှိသော ဧရာဝတီကျောက်လွှာ စု (Irrawaddy Formation) အထက်ပိုင်း ရှိ သဲကျောက်လွှာများနှင့် ပုပ္ပားမီးတောင် ကျောက်လွှာစဉ်၏ အောက်ပိုင်းရှိ မီးတောင်ပြာလွှာများ၊ ချော်မှုန့် ကျောက်လွှာများ၊ ချော်ခဲကျောက်လွှာ များနှင့် လွှာထပ်လျက်တွေ့ရှိရခြင်း ကြောင့် ပုပ္ပားဒေသ၏ မီးတောင်ဖြစ်စဉ် သည် လွန်ခဲ့သောနှစ်ပေါင်း နှစ်သန်းမှ သုံးသန်းခန့်ကာလ ပလိုင်အိုဆင်းယုဂ် (Pliocene Epoch) အတွင်းက စခဲ့သည် ဟု ယူဆရပါကြောင်း ဒေါက်တာဦးသိန်း ၏ ၁၉၈၁ ခုနှစ် တောင်တော်ပုပ္ပား ဆောင်းပါးတွင် ဖော်ပြထားပါသည်။
အခြားတစ်ဖက်တွင်လည်း ပုပ္ပား မီးတောင်သည် အကြိမ်ကြိမ်ပေါက်ကွဲ ခဲ့သဖြင့် နောက်ဆုံးပေါက်ကွဲချိန်မှာ နှစ်ပေါင်း ၈၀၀၀ မှ ၁၀၀၀၀ ခန့်က ဖြစ်ကြောင်းနှင့် ပုပ္ပားတောင်မကြီး၏ အရန် မီးတောင်လည်တိုင် တစ်ခုဖြစ်သော တောင်ကလပ်သည် လွန်ခဲ့သော နှစ်ပေါင်း ရှစ်သိန်းမှ ခြောက်သိန်း ဝန်းကျင်ခန့်အတောအတွင်းက ဖြစ်ပေါ် ခဲ့ကြောင်း ဘူမိဗေဒပညာရှင်များ ဖြစ်သော A. Belousov et. al., (၂၀၁၈) နှင့် Takashi Sano et. al., (၂၀၂၂) တို့၏ သုတေသနစာတမ်းများတွင် ဖော်ပြ ထားသည်ကိုလည်း လေ့လာတွေ့ရှိရပါ သည်။
ပုပ္ပားမီးတောင်ကြီး၏ အောက်ခြေခံ ကျောက်လွှာတစ်ခုဖြစ်သည့် ဧရာဝတီ ကျောက်စဉ်စုမှ သဲကျောက်လွှာများသည် ဘူမိဥယျာဉ်အတွက် အရေးပါသော ကျောက်ပင်ဖြစ်သည်။ ထို့အတူ ဧရာဝတီ ကျောက်စဉ်စု၏ သဲကျောက်လွှာများ အတွင်း ဘူမိဗေဒနှင့် ကျောက်ဖြစ် ရုပ်ကြွင်းပညာရှင်တို့အတွက် တန်ဖိုး မဖြတ်နိုင်သည့် ကျောက်ဖြစ်ရုပ်ကြွင်း သစ်ပင်များ (အင်ကြင်းကျောက်) နှင့် ကျောရိုးရှိသတ္တဝါများ အထူးသဖြင့် ရှေးဟောင်းဆင်ကြီးများ၏ မေးရိုး၊ သွားနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ၊ ကျွဲ၊ နွားအနွယ်ဝင်သတ္တဝါတို့၏ ရုပ်ကြွင်း များနှင့် မိကျောင်း၊ လိပ်တို့၏ ကျောရိုး များကို တွေ့ရှိရပါသည်။
ပုပ္ပားတောင် အနောက်ပိုင်းရှိ ကိုးကွေ့နှင့် ဒေါင်းယူကြိုးဝိုင်းတို့သည် ကျောက်ဖြစ် ရုပ်ကြွင်းသစ်ပင်များ၊ သစ်တောကြီးနှင့် ရှေးဟောင်းသတ္တဝါ တို့၏ ကျောက်ဖြစ်ရုပ်ကြွင်းများဖြင့် ဖုံးလွှမ်းနေသော ဒေသကြီးဖြစ်ပါသည်။ ထို့ပြင် ပုပ္ပားတောင် အမျိုးသားဘူမိ ဥယျာဉ်အတွင်း မီးတောင်ဖြစ်ထွန်းမှုနှင့် ဆက်စပ်၍ သတ္တုဖြစ်ထွန်းမှုများ အနေဖြင့် စက်မှုကုန်ကြမ်းများဖြစ်သည့် မင်းဂနိစ်၊ မြေဖယောင်း၊ ပိုဇိုလန် (မီးတောင်ပြာ) တို့ကို တွေ့ရှိရပြီး တန်ဖိုးရှိ ရွှေနှင့် ကြေးနီသတ္တုသိုက် များလည်း ဖြစ်ထွန်းနိုင်ပါကြောင်း ဘူမိ ဗေဒဆိုင်ရာ လေ့လာတွေ့ရှိချက်များအရ သိရှိရပါသည်။
သစ်တောနှင့် ဇီဝမျိုးကွဲကဏ္ဍ
သစ်တောဦးစီးဌာနအနေဖြင့် ပုပ္ပား တောင် သစ်တောဥယျာဉ်ကို ၁၉၉၃ ခုနှစ်တွင် အများပြည်သူများ လေ့လာ အပန်းဖြေရန် စတင်ဖွင့်လှစ်ခဲ့ပြီး ဥယျာဉ် အတွင်း ပရဆေးဥယျာဉ်နှင့် ပြခန်း တည်ထောင်၍ ပုပ္ပားတောင်ဒေသ၏ ဆေးဖက်ဝင်အပင်များကို စိုက်ပျိုး ပြသထားပါသည်။ စန္ဒကူးတောအနေဖြင့် ၁၉၅၇-၅၈ ခုနှစ်တွင် သစ်တောမင်းကြီး ဟောင်း ဦးစု စတင်စိုက်ပျိုးရာမှ ဖြစ်ပေါ် လာသော စန္ဒကူးတောအတွင်း မြန်မာ့ ရွှေသမင်များ မွေးမြူ၍ ကာကွယ် ထိန်းသိမ်းထားရှိပါသည်။ ထို့အပြင် ပုပ္ပားမီးတောင် ချိုင့်ဝှမ်းအတွင်း ကမ္ဘာ့ ရှားပါးမျိုးစိတ်ဝင် ပုပ္ပားမျောက်မြီးရှည် (Popa Langur) များကို ကာကွယ် ထိန်းသိမ်းထားသည်ကိုလည်း လေ့လာ တွေ့ရှိရပါသည်။
ရှေးဟောင်းယဉ်ကျေးမှု နယ်မြေများ
ပုပ္ပားဒေသသည် ပုဂံခေတ်သမိုင်း ကြောင်းများနှင့် နီးကပ်စွာ ဆက်စပ် လျက်ရှိရာ ပုပ္ပားတောင်၏ အနောက် တောင်ဘက်ရှိ သံဖိုရွာဝန်းကျင်တွင် ပုဂံခေတ်ကဟု ယူဆရသော သံချက် ဖိုဟောင်းနေရာများကိုလည်း လေ့လာ တွေ့ရှိရပါသည်။ ကျေးရွာဝန်းကျင်ရှိ ဧရာဝတီကျောက်လွှာစုမှ သဲကျောက် လွှာများအတွင်း၌လည်း တိရစ္ဆာန်များနှင့် အပင်များ၏ ကျောက်ဖြစ်ရုပ်ကြွင်း များကိုလည်း အရွယ်အစားအမျိုးမျိုး ဖြင့် တွေ့ရှိရခြင်းကြောင့် အတိတ်သမိုင်း ဆိုင်ရာဘူမိပတ်ဝန်းကျင်နှင့် ရှေးဟောင်း ယဉ်ကျေးမှုဆိုင်ရာ သုတေသနလုပ်ငန်း များအတွက် များစွာ စိတ်ဝင်စားစရာ ကောင်းသော နေရာတစ်ခုအနေဖြင့် တွေ့ရှိရပါသည်။ ။
(ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ် တည်ထောင်ခြင်းဆိုင်ရာနှင့် ဘူမိ ဥယျာဉ်အတွင်းရှိ ဘူမိနယ်မြေ (Geosites) များဆိုင်ရာ အကြောင်း အရာများကို အပိုင်း-၂ တွင် ဆက်လက်ဖော်ပြပါမည်)
- Log in to post comments