မြန်မာ့ရုပ်/သံ မြန်မာ့စံ

Type

ဆောင်းပါး

=====

 

မြန်မာ့ရုပ်/သံ မြန်မာ့စံ

===========

 

ဒေါက်တာခင်မောင်လွင်(လမ်းမတော်)

===================

 

“ပြန်ကြားပေးရန်- မြန်မာ့အသံ

ပညာပေးရန်- မြန်မာ့အသံ

ဖျော်ဖြေမှုပေးရန် မြန်မာ့အသံ မြန်မာ့အသံ

လူထုအတွက် မြန်မာ့အသံ မြန်မာ့အသံ”

ဤသီချင်းကား မြန်မာ့အသံ၏မူဝါဒကို ဖော်ပြ၏။ မြန်မာ့အသံခေတ်က ဆိုသော်လည်း မြန်မာ့ရုပ်မြင်သံကြားခေတ်ရောက်လာသည့်အခါတွင်လည်း ဆက်လက်သယ်ဆောင်လာခဲ့သော မူဝါဒပင်ဖြစ်မည်ထင်ပါသည်။

ရုပ်မြင်သံကြားသည် များစွာဆွဲဆောင်နိုင်ပါ၏။ အရုပ်မမြင်ရဘဲ အသံ၏ အစွမ်းဖြင့် ဆွဲဆောင်ရသည်မှာ လွယ်ကူသောအလုပ်မဟုတ်ပေ။ ဤသို့ခက်ခဲ သော အလုပ်မျိုးကို မြန်မာ့အသံသည် ထိရောက်အောင်မြင်စွာ ပြုလုပ်ခဲ့ပါ သည်။

ကျွန်တော့်ထက်လည်းကောင်း၊ ကျွန်တော့်ဌာနဖြစ်သော ဗဟိုကျန်းမာရေး ဌာနထက်လည်းကောင်း အသက်လေးနှစ်ပိုကြီးသော မြန်မာ့အသံသည် ယခုအခါစိန်ရတုသဘင်ပွဲကို ဝင့်ကြွားစွာဆင်နွှဲနေပေပြီ။

အထူးသဖြင့် မြန်မာ့အသံဓာတ်ပြားရသီချင်း (၇၅) ပုဒ်ကို ရွေးထုတ် ဖျော်ဖြေလျက်ရှိပါသည်။ ရန်ကုန်တက္ကသိုလ်၏ ရာပြည့်ပွဲအတွက် သီချင်းအပုဒ် ပေါင်းတစ်ရာတင်ဆက်ခဲ့သကဲ့သို့ နှစ်လိုဖွယ်ဖြစ်ပါ၏။

လူထုအတွက် မြန်မာ့ရုပ်မြင်သံကြား

သို့ရာတွင် ကြက်ပျံမကျစည်ကားသင့်သော ပွဲတော်များသည် ကာလပေါ် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အကန့်အသတ်ဖြင့်သာ ဆင်နွှဲနေရ၏။ ၂၀၂၁ ဖေဖော်ဝါရီလ ၁၅ ရက်ရောက်သည်အထိလည်း ဤပုံစံအတိုင်း ဆက်လက် ဆင်နွှဲနေရဖို့ဖြစ်၏။ သို့စဉ်လျက် ပြန်ကြားရေးဝန်ကြီးဌာန၏ စေတနာ၊ ဝန်ထမ်းများနှင့် အနုပညာရှင်များ၏ ကြိုးစားအားထုတ်မှုကြောင့် လူထုကြား မှာ ကပ်ရောဂါကြောင့် ဖိစီးနေသော စိတ်ဒုက္ခများကို လျော့ပါးစေ၏။ နေ့တာ ညတာရှည်လွန်းလှသော ကိုဗစ်အချိန်ကာလကို ချုံ့ပစ်လိုက်၏။

ဤကားလူထုအတွက် မြန်မာ့ရုပ်မြင်သံကြားပင်ဖြစ်တော့၏။

Broadcasting Media ခေါ် အသံလွှင့်မီဒီယာအဖြစ် နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ လုပ်ငန်းစဉ်၊ ရည်မှန်းချက်၊ စေတနာများကို “ပြန်ကြား” ပေး၏။ ပြန်ကြားရေးလုပ်ငန်းများကို တံတားခင်းပေး၏။ ပြန်ကြားပေးရန် သတင်း အချက်အလက်များကိုလည်း ပြည်သူလူထုထံမှ ပြန်လည်ရယူရပေသည်။

ဒေတာ (Data) ကိန်းဂဏန်းအချက်အလက်များ စနစ်တကျစုဆောင်း၍ သတင်းအချက်အလက်များ (Messages) ဖြစ်ရန်စီမံ၍ လူထုထံသို့ ချောမော စွာရောက်ရှိသွားရန် “အသံ”ဟူသော မီဒီယာတစ်ခုတည်းဖြင့် တံတားခင်းပေး ခဲ့သည်။ နှစ်ပေါင်းများစွာအတွင်း လူထုထံမှ တုံ့ပြန်ချက် (Feedback) များအရ တိုးတက်ပြုပြင်ကာ “ပြန်ကြား” ခဲ့သည်ကို တွေ့ရပါသည်။

တစ်ဖက်တွင်လည်း တာဝန်ခံမှု၊ တာဝန်ယူမှုသည် အနုပညာရှင်တို့ အတွက် ခေါင်းနှင့်ပန်းနှယ်ရှိ၏။ မြန်မာ့အသံလာလျှင် ပညာပါရ၏။ ကျယ်ဝန်း နက်ရှိုင်းလှသောပညာဖြင့် သောတရှင်တို့အား “များစွာသော အကြားအမြင်” များကိုပေး၏။ ရုပ်မမြင်ရသော်လည်း အသံကြားရုံနှင့် မြင်ယောင်လာအောင် စွမ်းဆောင်ရသဖြင့် ပညာပေးရန် ပညာနှင့်ရင်းနှီးရပေသည်။

“ပေးပေးပေး၊ မပေးပေးပေး၊ ငါ့ရွှေခွက်ပေး” ဟု အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်က “ ရွဲကုန်သည်” ဇာတ်ထုပ်မှာ အသံအားထုတ်သရုပ်ဆောင်သည် ကို နားထောင်ရသည့်အခါ ဇာတ်ရုံထဲမှာသွားကြည့်နေဘိသကဲ့သို့ ခံစားရ၏။

သောတရှင်တို့ကို “ရသပညာ”ဖြင့် နှစ်ခြိုက်ပျော်မွေ့စေသကဲ့သို့ “သုတ ပညာ” ဖြင့် နားဝင်အောင်ဆွဲဆောင်ရပြန်၏။ နိုင်ငံသားအားလုံးအတွက်ပင်။

“နားဆိုတာ သနားစရာကောင်းတယ်။ မျက်စိကမကြည့်ချင်ရင် ပိတ်ထားလို့ရတယ်။ နားကပိတ်ထားဖို့ မလွယ်ဘူး” ဟု ဆရာကြီး မောင်သော်က ၏ ဆောင်းပါးတစ်ပုဒ်တွင်ဖတ်ဖူး၏။

သနားစရာကောင်းသောနားများကြောင့် ပေါက်ကွဲသွားသူများက ပေါက်ခွဲပစ်လိုက်သော ဓားစာခံရေဒီယိုလေးများလည်း တစ်ချိန်ကရှိခဲ့ဖူးပါ သည်။ မြန်မာ့အသံကြောင့် လုံးဝ(လုံးဝ) မဟုတ်ခဲ့ပါ။ တိကျသော စည်းကမ်း များဖြင့် တတ်ကျွမ်းသောနည်းပညာများကို အသုံးချ၍ လူထုကောင်းကျိုး အတွက်သာ ဆောင်ရွက်ခဲ့သော မြန်မာ့အသံ၏သမိုင်းတွင် ပညာပေးရန် မူဝါဒအတွက် ကျွန်တော်တို့ဌာနက ပူးပေါင်းဆောင်ရွက်ခဲ့ရသည်ကို အစဉ် ဂုဏ်ယူပါ၏။ ပညာတတ်အချို့၏ ပျင်းစရာကောင်းသော ဟောပြောချက်များ ကို သည်းခံခွင့်လွှတ်နားဆင်ပေးခဲ့ကြသော သောတရှင်များကိုလည်း ကျေးဇူး တင်လှ၏။

၁၉၅၀ ပြည့်နှစ်မှစ၍ ဗဟိုကျန်းမာရေးပညာဌာနသည် မြန်မာ့အသံနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ရေဒီယိုအသံလွှင့်ချက်၊ ဟောပြောချက်၊ ဆွေးနွေးခန်း များသာမက ရေဒီယိုဇာတ်လမ်းများ၊ ပညာပေးသီချင်းများကိုပါ တင်ဆက်နိုင်ခဲ့ ပါသည်။

ဆရာကြီး ဦးသုခကိုယ်တိုင် စင်တင်ပြဇာတ်ကပေးခဲ့သော “ဆေးရုံပေါ်က ဘဝသံသရာ” အသံလွှင့်ဇာတ်လမ်းသည် တီဘီရောဂါအကြောင်း ထိရောက်စွာ ပညာပေးနိုင်ခဲ့၏။ ဆရာ ဒေါက်တာဦးသောင်း၏ “သစ်ခွပန်းလေး နီနီ” ဇာတ်လမ်း သည်လည်း အကယ်ဒမီ ဝင်းဦး၏အသံဖြင့် သရုပ်ဆောင်မှု၊ သီဆိုပေးမှုကြောင့် ကာလသားရောဂါ၏အန္တရာယ်ကို လူထုစိတ်ဝင်စားနားလည်၍ သတိပြုနိုင်ရန် စွမ်းဆောင်ပေးခဲ့ပါသည်။

“ကိုယ်တိုင်သန့်ရှင်းရမည်။ နေအိမ်သန့်ရှင်းရမည်

တစ်ဦးချင်းသန့်ပါမှ တစ်အိမ်ချင်းသန့်ရှင်းမည်

အိမ်တိုင်းလည်းသန့်မှသာ ရွာတိုင်းလည်းသန့်ရမည် ---”

ဟူသော သီချင်းလေးမှာ ယနေ့ ကိုဗစ်ကပ်ရောဂါကာကွယ်ရေးအတွက်ပါ ကွက်တိဖြစ်နေသော ခေတ်ရှေ့ပြေး ပညာပေးသီချင်းပင် ဖြစ်တော့၏။

ဤနည်းဖြင့်ဖျော်ဖြေရင်း ပညာပေးခြင်းများကို ရှေးအခါကပင် မြန်မာ့အသံ က စီစဉ်ခဲ့ပါသည်။ ပညာပေးခြင်း (Education)နှင့် ဖျော်ဖြေခြင်း (Entertainment) တို့ကို ယခုခေတ်တွင် Edutainment ဟု အမည်သစ်တပ်လာသော်လည်း “လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်” ကြခြင်းသာဖြစ်ပါ၏။

မည်မျှစာတတ်သည်ဖြစ်စေ ကောင်းကျိုးလိုရာဆန္ဒမရှိလျှင် ငြိမ်းချမ်းမှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်နိုင်မည့် ကျန်းမာသောလူ့အဖွဲ့အစည်း မဖြစ်နိုင်ပေ။ လူထု၏ ဆင်ခြင်တုံတရားကိုမြင့်မားစေမည့် Emotional Education အစီအစဉ်များကို မြန်မာ့အသံမှ မြန်မာ့ရုပ်မြင်သံကြားခေတ်အထိ လက်ဆင့်ကမ်း ခဲ့သည်ကို ရှုထောင့်စုံမှ ကြည့်နိုင်သည်။ တိုင်းရင်းသားပေါင်းစုံ၏ သဘာဝအလှ ဖြင့် မှုန်းခြယ်ထားသော မြန်မာ့အလှကို မြန်မာ့ရုပ်/သံက ပေးစွမ်း၏။

ကိုယ်တိုင်ကိုယ်ကျပါဝင်

ကျွန်တော်သည် အသက် ၁၅ နှစ်အရွယ်ကတည်းက မြန်မာ့အသံနှင့် ဆက်စပ်ထိတွေ့ခဲ့၏။ ယနေ့အထိလည်း မြန်မာ့ရုပ်/သံနှင့် သံယောဇဉ်မပြတ်၊ သီချင်းရေး၊ သီချင်းဆို၊ အသံသွင်းဖို့လည်း မြန်မာ့ရုပ်/ သံသို့ ရောက်ခဲ့၏။ အသံ လွှင့်ချက်၊ ဆွေးနွေးခန်းများတင်ဆက်မှုအတွက်လည်း မြန်မာ့ရုပ်/သံသို့ ဝင်ထွက် ခဲ့၏။ မြန်မာ့အသံကို မြန်မာ့ရုပ်မြင်သံကြားအဖြစ် စတင်လေ့ကျင့်သည့်အစီအစဉ် များတွင်လည်း ဆက်စပ်ပါဝင်ခဲ့၏။ မြန်မာ့ရုပ်/သံမှ MRTV-4 အဖြစ် ခွဲထုတ်၍ ပျိုးထောင်ခဲ့ရာတွင်လည်း ဌာနတာဝန်အရ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ရပါသည်။ Channel အသစ်အတွက် လိုအပ်သောသတင်းများ ဆွေးနွေးခန်းများကိုပါ ရိုက်ကူးပေးပို့ရာ၌ ပါဝင်ခဲ့၏။

မြန်မာ့ရုပ်/သံနှင့်ဆက်ဆံရတိုင်း ကျွန်တော်တို့သတိထားရသည်မှာ “မြန်မာ့စံ”ဖြစ်ပါသည်။ မြန်မာနိုင်ငံသားတို့အတွက် သတ်မှတ်ထားသော အပြော အဆို၊ အရေးအသားများကို အတိအကျ လိုက်နာရပေသည်။ အထူးသဖြင့် စိစစ် ရေးဘုတ်အဖွဲ့က လက်ခံမှသာ ဆိုရ၊ တီးရ၊ အသံလွှင့်ခွင့်ရသည်။ ဤကိစ္စအတွက် အဆိုတော်ကြီး ဦးမြကြီးက စိတ်ချရ၏။

သူ့ချည်းလားဆိုလျှင်မဟုတ်ပါ။ အနည်းဆုံး ကျန်းမာရေးပညာပေး ဟောပြောချက်တစ်ခုကို လွှင့်ထုတ်ဖို့ပင်မလွယ်။ စာမူကြိုတင်ရ၏။ ဘုတ်အဖွဲ့က စိစစ်ပြီးခွင့်ပြုမှ အသံသွင်းရ၏။ “မြန်မာ အသံထွက်”မှားသွားလျှင်ပင် ချက်ချင်း ရပ်၍ ပြင်ရ၏။ ဥပမာ “တိရစ္ဆာန်”ကို “တလိတ်ဆန်”ဟု အသံထွက်၍မရ။

ယခုခေတ်အခြေအနေကိုမူ ဒီဇင်ဘာလ ၁ ရက်နေ့ထုတ် ပေါ်ပြူလာဂျာနယ် တွင် “ဂျူနီယာ စာအိုး”ကလောင်ရှင်က-

“ဇာတ်လမ်းတွဲစာတန်းထိုးအမှားအကြောင်း ပြောရမယ်ဆိုရင် စာတစ်အုပ်လောက်ရပါလိမ့်မယ်။ စာအမှားတွေ ပြခွင့်တော့မရှိပါဘူး။ ပရိသတ်ကြည့်တဲ့ မီဒီယာလုပ်ငန်းဖြစ်သွားရင် သတင်းစာဂျာနယ်ရဲ့ အချပ်ပို ကလေးကအစ သုံးလေးငါးလပြသတဲ့ ရုပ်/သံဇာတ်လမ်းတွဲအဆုံး လိုက်နာ ကြရမယ့်ကျင့်ဝတ်က အတူတူပါပဲ”ဟု ရေးသားထားသည်ကို ထပ်ဆင့်တင်ပြ လိုပါ၏။ ဤအချက်ကို ဆရာကြီး မောင်ခင်မင်(ဓနုဖြူ)လည်း သဘောတူမည် ဟုယုံကြည်၏။

“စံ”အဖြစ်ရပ်တည်လာ

ဗမာ့အသံ(BBS)မှ မြန်မာ့အသံ၊ မြန်မာ့ရုပ်မြင်သံကြားဟူ၍ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာခဲ့သော (၇၅) နှစ်အတွင်း မြန်မာတစ်မျိုးသားလုံး၏ “စံ”အဖြစ်ရပ်တည်လာခဲ့သည်ကို အလေးအမြတ် အသိအမှတ်ပြုပါ၏။ လူထု အား အင်အားအကြီးဆုံးလွှမ်းမိုးထားသောကဏ္ဍမှာ ဂန္ထဝင်စာဆိုတော်ကြီး များ၏ ကဏ္ဍပင်ဖြစ်ပါသည်။ သောတရှင်တိုင်းကို ရင်ခုန်လှုပ်ရှားစေ၏။

သူတို့နှင့်တွဲဖက်၍ မြန်မာ့ရုပ်သံကို အသက်ဝင်စေသူများစွာရှိပါသေး၏။ အဘ ဦးသန်းမြင့်၏ “ကမ္ဘာ့ဂီတ”၊ ဒဂုန်ဆရာတင်၏ “ကွက်စိပ်”များသည် အလွန်တန်ဖိုးရှိ၏။ “ကွက်စိပ်” ဆိုလျှင် ယခုကွက်ပျောက်ဖြစ်သွားသော မြန်မာတို့၏ “ဒြပ်မဲ့ယဉ်ကျေးမှု”တစ်ရပ်ပင် ဖြစ်ပါသည်။ ဆရာကြီးကနီ ဦးလူညွန့်၊ ဦးဂုဏ်ဘဏ်တို့၏ မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ အသံလွှင့်ချက်များ၊ ဆရာမောင်ဆုရှင်၏ သိပ္ပံဆိုင်ရာအသံလွှင့်ချက်များကိုလည်း မကြားနိုင် တော့ပြီ။

မြန်မာ့ရုပ်/သံကား ကျွန်တော့်အတွက် အမှန်ပင် မြင်ဆရာ၊ ကြားဆရာ များကို ကြားမြင်နိုင်ရန် အခွင့်အရေးပေး၏။ ထိုအထဲတွင် နှုတ်မှုအတတ် ပညာကို သတိပြုကာသင်ယူမိပါ၏။ မြန်မာ့အသံ ဦးဇော်ဝင်း၊ ဦးအောင်မြင်တို့၏ နှုတ်မှုပညာနှင့် ဝမ်းစာကို ကျွန်တော်အတုခိုး၍ ရုပ်သံဆွေးနွေးခန်းများကို တင်ဆက်ခဲ့ပါသည်။

ဆရာကြီး ဦးသုခ၊ ဗိုလ်ကလေးတင့်အောင်၊ ဒါရိုက်တာ ဦးမောင်မောင်မြင့်၊ ဒါရိုက်တာ ဦးကြည်စိုးထွန်း၊ အကယ်ဒမီ ဒေါ်နွဲ့နွဲ့စန်း၊ အကယ်ဒမီ မို့မို့မြင့်အောင်၊ အကယ်ဒမီ ဆွေဇင်ထိုက်၊ ဝေဠုကျော်၊ စိုင်းစိုင်းခမ်းလှိုင်၊ ခိုင်သင်းကြည်၊ မေကဗျာ၊ ရတနာခင် စသည့် ရုပ်ရှင်ပညာရှင်များ၊ စာရေးဆရာကြီး ဦးချစ်စံဝင်း၊ ဦးချစ်ဦးညို၊ ဦးဟိန်းလတ်၊ အကယ်ဒမီ ဦးငြိမ်းမင်း စသည်တို့နှင့်လည်း မြန်မာ့ ရုပ်သံမှတစ်ဆင့် သူတို့၏ကျန်းမာရေးဆိုင်ရာ အတွေ့အကြုံအသိအမြင်များကို တင်ပြခွင့်ရခဲ့ပါ၏။

၂၀၂၀ ကိုဗစ်ကပ်ရောဂါအစတွင်ပင် အဆိုတော် တင်ဇာမော်၊ ဖြူဖြူကျော် သိန်း၊ ဖြိုးပြည့်စုံ၊ စိုင်းစိုင်းခမ်းလှိုင်နှင့် စာရေးဆရာမကြီးဂျူးတို့၏ အသိပညာ ပေးစကားများကို လွှင့်ထုတ်ရန် ကူညီခဲ့ရပါသည်။ ကိုယ်တိုင်လည်း Sunday Talk အစီအစဉ်များတွင် ဆရာမောင်ကိုကို (စက်မှုတက္ကသိုလ်)၏ အစီအစဉ် ဖြင့် ကပ်ရောဂါပညာပေးအစီအစဉ်များစွာ တင်ဆက်ခွင့်ရခဲ့ပါသည်။

အနှစ်သာရအားဖြင့် မြန်မာ့ရုပ်သံသည် “မြန်မာ့စံ”ဖြစ်ပါသည်။ မြန်မာ တစ်မျိုးသားလုံး၏ ဂုဏ်ယူစရာပြယုဂ်လည်း ဖြစ်ပါသည်။

မြန်မာ့ရုပ်/သံမှ သုတ/ရသများကို ထုတ်နုတ်ယူ၍ မကုန်နိုင်ပါ။

အရေးအကြီးဆုံးအချက်ကား မြန်မာပြည်မှာနေလျှင် မြန်မာစံတော်ချိန်ကို မသိ၍မဖြစ်။ စံတော်ချိန်ကို သိချင်လျှင် မြန်မာ့ရုပ်သံကိုကြည့်ရှုနားဆင်ပါ။