
နေပြည်တော် ဇူလိုင် ၁၄
မြန်မာ့ရုပ်ရှင်နှင့် ဂီတပညာရှင် ထပ်ဆင့် အကယ်ဒမီ စန္ဒရား တင်ဝင်းလှိုင်သည် ရန်ကုန်မြို့ အာရှတော်ဝင် ဆေးရုံကြီး၌ အဆုတ်နှင့် ကျောက်ကပ်ဝေဒနာကို ဆေးကုသ မှုခံယူနေစဉ် ယနေ့နံနက် ၁ နာရီ မိနစ် ၂၀ တွင် ကွယ်လွန်သွားကြောင်း သိရသည်။
အကယ်ဒမီ စန္ဒရား တင်ဝင်းလှိုင်သည် အသက် ၁၀ နှစ်ကျော်အရွယ်ကတည်းကပင် စန္ဒရားလက်သံဆုကို ရရှိခဲ့သည့်အပြင် ဒါရိုက်တာ သာဓု ရိုက်ကူးသည့် “တာဝန်” ရုပ်ရှင်ဇာတ်ကားတွင်လည်း သရုပ်ဆောင် အဖြစ် ပါဝင်ခဲ့သူဖြစ်သည်။
ထို့ပြင် ၎င်းသည် မြန်မာသံ ကိုယ်ပိုင်သံစဉ် သီချင်းများစွာကို လည်း ရေးသားခဲ့သည့်အပြင် ကိုယ်တိုင်လည်း သီဆိုပြီး ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ၏ နောက်ခံတေးသီချင်းများ၊ ဇာတ်ဝင်တေး သီချင်းများကို ပုံဖော်တီးခတ် ဖန်တီးပေးခဲ့ သည့် ဂီတပညာရှင်တစ်ဦးလည်း ဖြစ်သည်။ “ချမ်းမြေ့ပါစေ” သီချင်းမှာ စန္ဒရားတင်ဝင်း လှိုင်ရေးသားခဲ့သည့် သီချင်းများအနက် လူသိ အများဆုံး သီချင်းဖြစ်သည်။
စန္ဒရားတင်ဝင်းလှိုင်သည် ၂၀၁၃ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့် သည့်အခမ်းအနားတွင် “ကြယ်စင်မော်ကွန်း” ရုပ်ရှင်ဇာတ်ကားဖြင့်လည်းကောင်း၊ ၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့် သည့် အခမ်းအနားတွင် “ကွမ်းလုံရက်၄၀” ရုပ်ရှင်ဇာတ်ကားဖြင့်လည်းကောင်း အကောင်း ဆုံး ရုပ်ရှင်တေးဂီတဆုများ ရရှိခဲ့သူဖြစ်သည်။ ထို့အတူ ၎င်းသည် ယခုနှစ်မတ်လ ၂၇ ရက် တပ်မတော်နေ့တွင် နိုင်ငံတော်မှ ချီးမြှင့်သည့် လူမှုထူးချွန် (ဒုတိယ) အဆင့်ကို ရရှိခဲ့သည်။
မြန်မာ့ရုပ်ရှင်နှင့် ဂီတပညာရှင် ထပ်ဆင့် အကယ်ဒမီ စန္ဒရား တင်ဝင်းလှိုင်သည် ကွယ်လွန်ချိန်တွင် အသက် ၇၇ နှစ်ရှိပြီဖြစ်ပြီး ၎င်း၏ဈာပနကို ဇူလိုင် ၁၆ ရက် စနေနေ့တွင် ရေဝေးသုသာန်၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့အလင်း