
ပြည်သူလူထုအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ကြေညာချက်တွေကို အားလုံးလိုက်နာတဲ့အချိန်၊ လိုက်နာမှုအားအကောင်းဆုံးအချိန်မှာ ကိုဗစ်-၁၉ ကူးစက်မှုလျော့ကျသွားမှာ ဖြစ်ပါတယ်
==========================================================
ဒေါက်တာထွန်းမြင့်
========
တွေ့ဆုံမေးမြန်း - မင်းသစ်(MNA)၊ ဓာတ်ပုံ-ဇော်မင်းလတ်(MNA)နှင့် ကျော်ဇေယျာဝင်း
============================================
ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်ဒုတိယလှိုင်း စတင်ခဲ့သည့်အချိန်မှစ၍ ရောဂါကူးစက်မှုနှုန်းမြင့်တက်လာခဲ့ပြီး လူသေဆုံးမှုများလည်း များပြားလာခဲ့သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေးနှင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရန် စီမံချက်များချမှတ်ကာ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်နှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေးတို့အား မြန်မာ့သတင်းစဉ်မှ တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြ လိုက်ရပါသည်-
ဒေါက်တာထွန်းမြင့်
ဒုတိယညွှန်ကြားရေးမှူးချုပ်
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်
ကုသရေးဦးစီးဌာန
မေး ။ ။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတဲ့သူတွေအနေနဲ့
မိမိအစီအစဉ်နဲ့ ဆေးကုသမှုပြုပြီး အခြေအနေ ဆိုးရွားမှ ဆေးရုံကို လာရောက်ပြသတဲ့အတွက် လူနာ တွေအနေနဲ့ မသေဆုံးသင့်ဘဲ သေဆုံးရတဲ့ ဖြစ်စဉ်တွေ ရှိနေပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရောဂါကူးစက်ခံရရင် ဆေးရုံကိုလာကြဖို့ လူနာတွေကို ဘယ်လိုများ တိုက်တွန်း ပြောကြားချင်ပါသလဲ။
ဖြေ ။ ။ လူနာတွေအတွက် အရည်အသွေးပြည့်ဝတဲ့
ကုသမှုရရှိရေးက အလွန်အရေးကြီးပါတယ်။ အရည်အသွေးပြည့်ဝတဲ့ ကုသမှုရရှိဖို့ဆိုတာ ဆေးရုံတွေ ပြင်ဆင်ထားရတာ ရှိပါတယ်။ လူနာတွေအနေနဲ့ အိမ်မှာ နှောင့်နှေးတဲ့ အကြောင်းရင်းကြောင့် စိုးရိမ်ရတဲ့အနေ အထားကျမှ သိရှိရတယ်။ ဆေးရုံရောက်လာတာ နောက်ကျ တယ်။ နောက်ကျတဲ့အခါကျတော့ သေဆုံးမှုတွေက ဖြစ်တာပေါ့။ ဒီအခြေအနေမှာ ဆေးရုံတွေဘက်ကလည်း အစွမ်းကုန်ပြင်ဆင်ထားပါတယ်။ ကိုဗစ်-၁၉ ကလည်း မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးမှာ တွေ့ကြုံနေရ တော့ ဒီအတွေ့အကြုံတွေအရ တစ်လှမ်းချင်းတိုးပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့နေရာ မှာ ကိုဗစ်ပထမလှိုင်းမှာ အလူးအလဲခံခဲ့ရတဲ့ ကမ္ဘာ့နိုင်ငံ တွေက တိုင်းပြည်တွေရဲ့ အခြေအနေတွေကိုလည်း မျက်ခြည်မပြတ် ကျွန်တော်တို့ လေ့လာပါတယ်။ ဒီအတွက် လည်း ကျွန်တော်တို့နိုင်ငံမှာ ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ခဲ့ပါတယ်။
ကိုဗစ်ကူးစက်မှု များလာမယ်ဆိုတာသိခဲ့လို့လည်း ပြည်သူတွေမပေါ့ဆဖို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကလည်း တောက်လျှောက်သတိပေး ခဲ့ပါတယ်။ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး ရောဂါလက္ခဏာ တွေကိုလည်း ပြည်သူလူထုကို အသိပေးထားပါတယ်။ ကိုဗစ်-၁၉ ရောဂါလက္ခဏာနဲ့ သက်ဆိုင်တာတွေဖြစ်ရင် နီးစပ်ရာကျန်းမာရေးဌာနကို ပြသပြီးတော့ အချိန်မီကုသမှု ခံယူပါဆိုတာ အသိပေးထားပါတယ်။ ဒီလိုကုသမှုခံယူဖို့ ဆိုတာ ဆေးရုံတွေကို နောက်ကျမှ ရောက်လာပြီး သေဆုံးမှု တွေ ဖြစ်ပွားတာကို လျှော့ချချင်လို့ပါ။
ကျွန်တော်တို့အနေနဲ့ ဒီနေရာမှာ အရည်အသွေး ပြည့်ဝတဲ့ကုသမှုရရှိဖို့ဆိုရင် အိမ်မှာ ကျိတ်ကုနေခြင်းအားဖြင့် နှောင့်နှေးမယ်။ နှောင့်နှေးရင် ကျွန်တော်တို့ရဲ့ ကုသမှုက အရည်အသွေးမမီနိုင်တော့ဘူး။ ဒါကြောင့်မို့ အရည်အသွေး မီတဲ့ ကုသမှုရရှိဖို့အတွက်ဆိုရင် အဓိကအချက်က အိမ်မှာ ကျိတ်ကုမနေဖို့ လိုပါတယ်။ အိမ်မှာကျိတ်ပြီး ကုသနေတဲ့ သူတွေအနေနဲ့တော့ ရောဂါပြင်းထန်မှ သိရတဲ့အခါ ကျတော့ အသက်ကယ်ဖို့မှာ ကျွန်တော်တို့ဘက်ကလည်း တော်တော်အခက်အခဲနဲ့ ရင်ဆိုင်ရတဲ့အခြေအနေဖြစ်ပါ တယ်။ လူနာအနေနဲ့လည်း မခံစားရမယ့်ဝေဒနာကို ပိုပြီးခံစားရတယ်။ နောက်ဆုံးမိသားစုအနေနဲ့ ဆုံးရှုံးမှု တအားကြီးလွန်းတယ်။ အဲဒါကြောင့် အိမ်မှာ ကျိတ် မကုဘဲနဲ့ ရောဂါလက္ခဏာ သံသယရှိတယ်၊ ထိတွေ့မှုရှိ တယ်၊ ဒီလိုအခြေအနေရောက်လာရင်တော့ ကျန်းမာရေး ဌာနတွေ အများကြီးရှိပါတယ်။ ဆေးရုံတွေ၊ မြို့နယ် ကုသရေးဦးစီးဌာနတွေ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တွေကို ဖုန်းဆက်ပြီး သတင်းပို့လိုက်ရင် ကျန်းမာရေး ဌာနတွေက ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်သွား မယ့် အစီအစဉ် နဂိုကတည်းက ရှိပြီးသားဖြစ်ပါတယ်။
မတ် ၂၃ ရက် ကိုဗစ်-၁၉ ရောဂါ Positive လူနာ မြန်မာနိုင်ငံမှာ စပြီးတွေ့ကတည်းက လုပ်ရမယ့် အစီအမံ တွေ ရှိပြီးသားဖြစ်ပါတယ်။ ပြည်သူလူထုက အိမ်မှာ ကျိတ်ကုမနေဖို့နဲ့ ရောဂါဖြစ်တယ်ဆိုရင် ကျန်းမာရေး ဌာနကို သတင်းပို့ဖို့လိုပါတယ်။ သတင်းပို့တယ်ဆိုတဲ့ နေရာမှာ တယ်လီဖုန်းလေး ဆက်ရုံနဲ့ကို မက္ကနစ်ဇင်က အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ လူနာကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်မှာ ဖြစ်ပါတယ်။
b စာမျက်နှာ ၈ မှ
မေး ။ ။ Positive ဖြစ်တဲ့သူကို လူနာစောင့်ထားဖို့
ဖြစ်နိုင်မဖြစ်နိုင် သုံးသပ်ပေးပါခင်ဗျ။
ဖြေ ။ ။ တစ်ကယ်တော့ Positive ဖြစ်တဲ့လူနာကို
Negative ဖြစ်တဲ့သူက အတူတူရှိရေးဆိုတာ ဒါတကယ်ကို မဖြစ်သင့်တဲ့ကိစ္စပါ။ Positive ဖြစ်တဲ့ သူကနေ Negative ဖြစ်တဲ့သူကို အချိန်မရွေးကူးသွား နိုင်တယ်။ ကူးသွားနိုင်တဲ့အတွက် ဘယ်လောက်ထိ ဖြစ်နိုင်သလဲဆိုရင် ကိုဗစ်ရောဂါ ကူးစက်ခံရပြီဆိုရင် ရုတ်တရက်လည်း သေဆုံးနိုင်တယ်။ ဒါလတ်တလော ပေါ့။ လတ်တလော ရောဂါလက္ခဏာတွေပြ၊ အသက်ရှူ ခက်၊ အောက်ဆီဂျင်တွေကျ။ ဒါတွေနဲ့ ဆေးကုသမှု ခံယူရတဲ့အချိန်တွေက လတ်တလောအခြေအနေ။ နောင်နေကောင်းသွားပြီဆို နာတာရှည်နှလုံးရောဂါတို့၊ အဆုတ်ထဲကျန်ခဲ့မယ့်ဟာတွေက နာတာရှည်အနေနဲ့ ကျန်ခဲ့မယ့်ဟာတွေပဲ။
နောက်တစ်ခု စိတ်ပိုင်းဆိုင်ရာပေါ့။ ရောဂါကူးစက်မှု ခံရပြီဆိုတာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေက များပါတယ်။ ဒါတွေအတွက်ကို အတူတူတွဲမရှိသင့်တဲ့ အတွက် လူနာတော့ ပေးမစောင့်သင့်ဘူး။ သို့သော် လည်းပဲ စောင့်သင့်တဲ့အခြေအနေလည်း ရှိနေတယ်။ ဆေးရုံစောင့်ရမယ့် သူတွေကတော့ ဆွေမျိုးရင်းခြာ၊ မိတ်ဆွေရင်းခြာတို့ ဒါတွေကတော့ စောင့်ပေးရတော့မှာ ပဲ။ ဘယ်လိုလူနာတွေကို စောင့်ရှောက်ပေးရမလဲဆိုတော့ အိပ်ရာပေါ်လဲနေတဲ့သူတွေ၊ သူငယ်ပြန်နေတဲ့သူတွေ၊ ကလေးသူငယ်တွေ၊ အော်တစ်ဇင်ဖြစ်နေသူတွေ၊ အမြင် အာရုံချို့တဲ့နေသူတွေ၊ အကြားအာရုံ ချို့တဲ့နေသူတွေ ဒါတွေမှာတော့ လူနာစောင့်လိုအပ်ပါတယ်။ ဒါကို ခြွင်းချက်အနေနဲ့ ခွင့်ပြုထားတယ်။ ခွင့်ပြုတဲ့ အခြေအနေ မှာလည်း ငယ်ရွယ်တဲ့ကလေးတွေတော့ လူနာလာစောင့် လို့မရဘူး။ ကျန်းကျန်းမာမာနဲ့ အသက် ၁၈ နှစ်ကနေ အသက် ၄၅ နှစ်ကြား ဒီလိုလူတွေကို စောင့်ရှောက်ခွင့် ပေးမယ်။
ICU ထဲ ထည့်ရတဲ့လူနာကိုတော့ သက်ဆိုင်ရာ မေ့ဆေးဆရာဝန်ကြီးက ကြီးကြပ်ဆုံးဖြတ်ရတာရှိမယ်။ ဆေးရုံတွေမှာလည်း စီမံခန့်ခွဲမှုကော်မတီတွေရှိတယ်။ ဒီကော်မတီတွေက ဆုံးဖြတ်ရပါတယ်။ လူနာစောင့်ခွင့် အထိုက်အလျောက်ပြုထားရတယ်။ ဒီလိုဆုံးဖြတ်တာတွေက အရေးပေါ် ဆုံးဖြတ်လိုက်ရတာဆိုရင်လည်း အနီးစပ်ဆုံး ကော်မတီအစည်းအဝေးမှာ တင်ပြပြီး အတည်ပြုချက်ယူရ ပါတယ်။
မေး ။ ။ ရန်ကုန်တိုင်းဒေသကြီးမှာ ကိုဗစ်-၁၉ ရောဂါ
ကူးစက်ခံရတဲ့လူနာ ဘယ်လောက်ရှိပါသလဲ။ ကုသရေးစင်တာတွေကိုရော ဘယ်နှခုလောက်ပြင်ဆင် ဆောင်ရွက်ထားပါသလဲ။
ဖြေ ။ ။ ရန်ကုန်တိုင်းဒေသကြီးမှာ Positive လူနာ
ငါးသောင်းကျော် ရှိပါတယ်။ ဒီအထဲမှာ ၁၄၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ Positive လူနာ ငါးသောင်းကျော်က မြန်မာတစ်နိုင်ငံလုံး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုရဲ့ ၈၀ ရာခိုင်နှုန်းကျော်ရှိပါ တယ်။ ဒါအတွက်ကို ကုသမှုစင်တာတွေကို တိုးချဲ့ပြီးတော့ ဖွင့်လှစ်ရပါတယ်။
ကနဦး ဝေဘာဂီဆေးရုံမှာ ပြင်ဆင်တယ်။ ထပ်ပြီး တောင်ဥက္ကလာပဆေးရုံကြီးကိုလည်း ကိုဗစ်-၁၉ ရောဂါ ကုသရေးဆေးရုံအနေနဲ့ ဖွင့်လှစ်ခဲ့ပါတယ်။ မလုံလောက် တဲ့အတွက် ဖောင်ကြီး ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာ အနေနဲ့ ဖွင့်လှစ်ရပါတယ်။ အခုဆိုရင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရန်ကုန်မှာ ဆောင်ရွက်နေတဲ့ ကုသရေးစင်တာအားလုံးပေါင်း ၁၇ ခု ရှိပါတယ်။ တပ်မတော်ဘက်ကဆိုရင်လည်း တပ်မတော်အသည်း အထူးကုဆေးရုံကြီး အပါအဝင် ခုနစ်နေရာ အားလုံး ၂၄ နေရာ ရှိပါတယ်။ ခရိုင်ဆေးရုံ၊ မြို့နယ်ဆေးရုံတွေမှာလည်း ကုသနိုင်အောင် အဆင့်မြှင့်တင်မှုတွေ လုပ်ထားပါတယ်။ အဲဒီအတွက်လည်း လုံလောက်တဲ့ ဘတ်ဂျက်ကို နိုင်ငံတော် က ချထားပေးပြီး ဖြစ်ပါတယ်။ ပြည်သူတွေ စိုးရိမ် ကြောင့်ကြမှုမရှိစေရေး ဆေးရုံတွေမှာ လူနာတွေ ကျပ်ပိတ်သိပ်ပြီး ဆေးကုသမှု မခံယူရစေအောင်လည်း စီမံဆောင်ရွက်ထားပါတယ်။ ပြည်သူလူထုအနေနဲ့လည်း စိုးရိမ်သောက ဖြစ်စရာမရှိပါဘူး။ ကောင်းကောင်း စောင့်ရှောက်ပါမယ်။
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments