မြန်မာ့ရွှေသမင်တို့ ပျော်စံရာ နှစ်ပေါင်း ၈၀ ကျော် သက်တမ်းရှိ ချပ်သင်းဘေးမဲ့တော

 

    မာ့ရွှေသမင်တို့ ပျော်စံရာဘေးမဲ့တော...။ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကြီးအဖြစ်  စနစ်တကျ အုပ်ချုပ် ထိန်းသိမ်းလာခဲ့သည်မှာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၈၀ ကျော်လွန်ခဲ့လေပြီ...
ယင်းဘေးမဲ့တောသည်ကား       သမိုင်းကြောင်းတစ်ခု ဖြစ်တည်ခဲ့ဖူးသော ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ပင် ဖြစ်ပေသည်။
ကိုလိုနီခေတ် ရန်ကုန်-မန္တလေး-မြစ်ကြီးနား ရထားလမ်း ဖောက်လုပ်ခဲ့စဉ်ကာလ ၁၉၁၉ ခုနှစ်ခန့်ကတည်းက ထင်းကြိုး ဝိုင်းအဖြစ်    တည်ထောင်ခဲ့သော   ယင်းကြိုးဝိုင်းသည် ၁၉၄၁ ခုနှစ် ဇွန် ၁၉ ရက်မှစတင်ကာ ဘေးမဲ့တောအဖြစ် အသွင်ပြောင်း ခဲ့ပေရာ   သက်တမ်းအားဖြင့်    စိန်ရတုကာလပင်   ကျော်လွန် လာခဲ့ပေပြီ။
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ်နှင့် ကသာခရိုင်   ကောလင်းမြို့နယ်အတွင်း   ဖွဲ့စည်းထားသည့် အဆိုပါတိရစ္ဆာန်ဘေးမဲ့တောအား    မြေပြန့်လွင်ပြင်များက လွှမ်းခြုံထားကာ အနောက်ဘက်ခြမ်း၌သာ တောင်ကုန်းငယ် အချို့နှင့် လျှိုမြောင်တစ်သွယ်တို့ကို မြင်တွေ့ရပေသည်။
ရွှေသမင်များ ပျော်စံမြူးတူးရာ
ကန့်ဘလူမြို့နယ်အတွင်း ၂၁၉၀၈  ဧက ကျရောက်နေပြီး ကောလင်းမြို့နယ်၌ ၄၂၃၅၆ ဧကခန့် ပါဝင်နေသော ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် မြန်မာနိုင်ငံ၏ ဒေသရင်း မျိုးစိတ်ဖြစ်သော ရှားပါးလှသည့် မြန်မာ့ရွှေသမင်များ ပျော်စံ မြူးတူးရာ   ဘေးမဲ့တောအဖြစ် ထင်ရှားလှသည်။
နို့တိုက်သတ္တဝါ ၁၃ မျိုး၊ ငှက်မျိုးစိတ် ၂၆၂ မျိုး ကျက်စား
ပင်လယ်ရေမျက်နှာပြင်အထက်   အမြင့်ပေ  ၆၀၀ ခန့်တွင် တည်ရှိပြီး အင်တိုင်းတောဂေဟစနစ် တွေ့ရှိရကာ ဘေးမဲ့တော ၏ဧရိယာ ၈၂ဒသမ၂၄ ရာခိုင်နှုန်းကို သစ်တောများ လွှမ်းခြုံထား ကြောင်း သိရှိရသည်။ အင်တိုင်းတောနိမ့်၊ အင်တိုင်းတောမြင့်၊ အင်တိုင်းရေလွှမ်း၊ မြက်ခင်းတော၊ ရွက်ပြတ်ရောနှောတောဟူ၍ တောအမျိုးအစား ငါးမျိုးတို့ဖြင့် ဖြန့်ကြက်ထားသော အဆိုပါ ဘေးမဲ့တော၌ မြန်မာ့ရွှေသမင်အပြင် နို့တိုက်သတ္တဝါ ၁၃ မျိုး၊ ငှက်မျိုးစိတ်ပေါင်း ၂၆၂ မျိုး ကျင်လည်ကျက်စားနေကြကြောင်း သိမှတ်ရသည်။
ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော       တည်တံ့ရေး အတွက်   သစ်တောဦးစီးဌာန    သဘာဝဝန်းကျင်နှင့်    သားငှက် တိရစ္ဆာန်ထိန်းသိမ်းရေးဌာနသည်   နော်ဝေနိုင်ငံ  ပတ်ဝန်းကျင် ရေးရာအေဂျင်စီ(NEA) နှင့် ပူးပေါင်းကာ ၂၀၁၉-၂၀၂၀ ခုနှစ်မှ ၂၀၂၃-၂၀၂၄ ခုနှစ်အထိ ငါးနှစ်တာအုပ်ချုပ်လုပ်ကိုင်မှုစီမံချက် ကို     ဆောင်ရွက်လျက်ရှိသည့်အပြင်   ၁၀   နှစ်တာ  တောရိုင်း တိရစ္ဆာန်များအတွက်နေရင်းဒေသများ ပြန်လည်တည်ထောင် ခြင်းလုပ်ငန်းစီမံချက်(၂၀၁၉-၂၀၂၀ မှ ၂၀၂၈-၂၀၂၉) များကို လည်း အကောင်အထည်ဖော်လျက်ရှိကြောင်း ကြားသိရသည်။
အဆိုပါစီမံချက်များအရ ဘေးမဲ့တောအတွင်းရှိ  ဇီဝမျိုးစုံ မျိုးကွဲများ   ဖြစ်တည်မှုနှင့် ဒေသခံကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဘဝအဖုံဖုံကို   စေ့ငုဆန်းစစ်ကာ  ဇုန်နယ်မြေများ ခွဲခြား၍ ထိန်းသိမ်းစောင့်ရှောက်လျက် ရှိနေပေသည်။ အဓိက အားဖြင့်  ကောင်ရေလျော့ကျလာသော    မြန်မာ့ရွှေသမင် ကောင်ရေနှင့်   အင်တိုင်းတောဂေဟစနစ်    အနေအထားကို အချိန်မီကုစားမြှင့်တင်ရန် ဦးစားပေး ဖော်ဆောင်လျက်ရှိသည်။
ထို့ပြင် ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းများနှင့် တောရိုင်း တိရစ္ဆာန်များအတွက် နေရင်းဒေသ ပြန်လည်တည်ထောင်ရေး လုပ်ငန်းများ အောင်မြင်ထမြောက်ရေးအတွက် အလေးအနက်ပြု လုပ်ဆောင်လျက်ရှိသည်။
မျိုးစိတ်များစာရင်း ဆန်းစစ်ကောက်ယူ
ထိုသို့ဆောင်ရွက်ရာတွင်    တိရစ္ဆာန်စားကျက်များ တည်ထောင်ခြင်း၊ ဆားကျင်းများပြုလုပ်ခြင်း၊  ကွက်လပ်ဖြည့် စိုက်ပျိုးခြင်း၊    တိရစ္ဆာန်သောက်ရေကန်များ    ပြုပြင်ခြင်း၊ မီးတားလမ်းဖောက်လုပ်ပေးခြင်းတို့ လုပ်ဆောင်ပေးသည့်အပြင် ရွှေသမင်အပါအဝင်ငါးမျိုးစိတ်များ၊ အပင်မျိုးစိတ်နှင့် နို့တိုက် သတ္တဝါ မျိုးစိတ်များစာရင်းတို့ကို စနစ်တကျ ဆန်းစစ်ကောက်ယူ ခဲ့ကြသည်။
ဤဘေးမဲ့တောရှိ    မြန်မာ့ရွှေသမင်သည်    ဦးခေါင်းနှင့် ခန္ဓာကိုယ်အရှည် ၁၅၀ မှ ၁၈၀ စင်တီမီတာရှိပြီး အမြီးပိုင်းသည် ၂၂ စင်တီမီတာမှသည်  ၂၅  စင်တီမီတာထိရှိကာ ခန္ဓာကိုယ်မှာ အဝါရောင်  ရောထားသည့်   နီညိုရောင်သန်းသော   သတ္တဝါ ဖြစ်သည်။ ထူးခြားသည်မှာ ဘယ်နှင့်ညာ ချိုတက်နှစ်ခုသည် တစ်ပုံစံတည်း၊  တစ်ပြိုင်တည်း    ညီညာစွာ   ဆိုင်မြိုင်လျက် ဦးခေါင်းအထက်၌ တင်ထားဘိသကဲ့သို့ ခိုင်ခံ့စွာ မြင်တွေ့ရခြင်း ဖြစ်ပေသည်။
သို့ဖြစ်ပေရာ ဒေသခံပြည်သူများ၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ချစ်မြတ်နိုးသူများအနေဖြင့် မြန်မာ့ရွှေသမင်တို့ ပျော်စံရာ    ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော  အရှည် တည်တံ့ရေး၊   ကောင်ရေလျော့ကျလာသော  မြန်မာ့ရွှေသမင် ကောင်ရေနှင့်     အင်တိုင်းတော    ဂေဟစနစ်အနေအထားကို အချိန်မီကုစားမြှင့်တင်နိုင်ရေးအတွက်  တာဝန်ရှိဌာနဆိုင်ရာ ဝန်ထမ်းများနှင့်အတူ အသိစိတ်ဓာတ် အပြည့်အဝဖြင့် ပူးပေါင်း ပါဝင်ကြလုပ်ဆောင်သင့်ပါကြောင်း    နှိုးဆော်သမှုပြုလိုက်ရ ပါသည်။     ။
 

သိန်းညွန့် (pzl)