
နေပြည်တော် မတ် ၂၄
စာရေးသူ ကိုမြင့်(အင်းတော်)က ၎င်းစာအုပ်ရှေ့မျက်နှာဖုံးတွင် ဒုတိယကမ္ဘာစစ်ကာလက မြန်မာပြည်အား အပြန်အလှန်တိုက်ခိုက် သိမ်းပိုက်ရာ၌ အဓိကပါဝင်ခဲ့ကြသည့် မဟာမိတ် ဗြိတိသျှ-အိန္ဒိယနှင့်၊ အမေရိကန်-တရုတ်တပ်မှူးကြီးများ၊ ဂျပန်တပ်မှူးကြီးများအပြင် BIA နှင့်INA. တပ်မှူးတို့၏ ဓာတ်ပုံများကို ထုတ်နုတ်ဖော်ပြထားသည်။
စာအုပ်နောက်ကျောဖုံးတွင် ၁၉၄၄ ခုနှစ်က မြောက်ပိုင်းစစ်မျက်နှာ နှင့် အင်ဖာ - ကိုဟီးမားစစ်မျက်နှာတို့အတွက် အုပ်ချုပ်ထောက်ပံ့မှု ဆောင်ရွက်ပေးမည့် ဂျပန်တပ်ဖွဲ့များက သူ့၏ မွေးရပ်ဒေသတွင် အခြေပြုနေစဉ် ၎င်းတို့ကိုတိုက်ခိုက်ရန် အင်းတော်ချောင်းအား ချင်းဒစ်စစ်ကြောင်းတစ်ခုဖြတ်ကူးနေသည့် Internet ပန်းချီဓာတ်ပုံကို လည်း တွေ့မြင်ရမည်ဖြစ်သည်။
Burma Road (ဗမာ လမ်းမကြီး) ကို ပိတ်ဆို့နိုင်ရေးအတွက် ဂျပန်တို့ မြန်မာပြည်ကိုကျူးကျော်သိမ်းပိုက်ရန် ရည်ရွယ်ဆောင်ရွက် လာသကဲ့သို့ပင် ၎င်းလမ်းမကြီးကို ကာကွယ်ရန်နှင့် နောက်ပိုင်းတွင် လီဒိုလမ်းဖောက်လုပ်၍ ဗမာလမ်းမကြီးကိုချိတ်ဆက်ကာ တရုတ်ပြည် သို့ စစ်လက်နက်ပစ္စည်းများ ဆက်လက်ပို့ဆောင်ရန်အတွက် အမေရိကန် နှင့် တရုတ်တပ်များ ပါဝင်ပတ်သက်လာခဲ့ကြသည်ကိုလည်း တွေ့ရှိ ရမည်ဖြစ်သည်။
တိုက်ပွဲစဉ်များတွင် ပါဝင်ပတ်သက်ခဲ့ကြသည့် ဗြိတိသျှ၊ အမေရိကန်၊ အိန္ဒိယ၊ တရုတ်၊ ယိုးဒယား(ထိုင်း)၊ ဂျပန်နိုင်ငံတို့သည် ၎င်းတို့၏ အမျိုးသားနိုင်ငံရေးအတွက် ပါဝင်ပတ်သက်ခဲ့ကြသည်ကိုလည်း တွေ့ရှိရမည်ဖြစ်ပြီး မြန်မာ့တပ်မတော်နှင့် ပြည်တွင်းလက်နက်ကိုင် သောင်းကျန်းမှုဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ရသည့် အကြောင်းအရာများ ကိုလည်း ခန့်မှန်းတွေ့ရှိကြရမည်ဖြစ်သည်။ ဤစာအုပ်တွင် ဓာတ်ပုံ၊ မြေပုံနှင့် ဇယားကားချပ်များ အတော်အသင့်ပြည့်စုံစွာဖော်ပြထား သဖြင့် ရည်ညွန်းစာစောင်များကိုပါ လေ့လာသွားကြမည်ဆိုပါက အကြောင်းအရာများကို အကျယ်တဝင့် သိရှိသွားနိုင်ကြမည်ဖြစ်ပြီး Google(Internet) နှင့်ဆက်လက် ဖတ်ရှုလေ့လာနိုင်သည့် မြန်မာ (စာတမ်း) စာအုပ်ဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်သည်။
စာရေးသူအနေဖြင့် ဗြိတိသျှ၊ အမေရိကန်၊ တရုတ်နှင့် ဂျပန် တပ်မတော်တို့၏ ရုပ်သံမှတ်တမ်းများကိုလည်း ပါဝါပွိုင့်တွင်ထည့်သွင်း ၍ စာအုပ်ပါအကြောင်းအရာများကို စိတ်ဝင်စားသူများအတွက် ထပ်မံ ပြုစုပေးထားသဖြင့် လိုအပ်လျှင်ဆက်သွယ်ရယူနိုင်ပြီး စာအုပ်များကို အမှတ် (၁၇၀) (မြေညီထပ်)၊ ၃၇ လမ်း၊ ကျောက်တံတား မြို့နယ်၊ ဆန်းဆင့်မင်းစာပေတိုက်၊ ဖုန်း - ၀၉၅၅၀၂၃၅၄ နှင့် ၀၉၄၂၀၂၇၄၇၅၈ တို့သို့ ဆက်သွယ် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။
သတင်းစဉ်