မြန်မာပြည်မြောက်ဖျား ရေခဲတောင်များပေါ်တွင် နှင်းကျားသစ် ကျက်စားမှု ရှိ/မရှိ သုတေသနခရီးစဉ်ကို ဆောင်ရွက်နိုင်ခဲ့

 

ရန်ကုန်   ဇန်နဝါရီ   ၁၇


ကမ္ဘာပေါ်ရှိ  ဆီးနှင်းဖုံးလွှမ်းသော  ဗဟိုအာရှနိုင်ငံ ၁၂ နိုင်ငံတွင်  ကောင်ရေ ၃၀၀၀ မှ ၆၀၀၀ ကျော်သာ ကျန်ရှိသော နှင်းကျားသစ်(Snow Leopard)များ မြန်မာပြည်မြောက်ဖျားရှိ ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ်ဧရိယာအတွင်း  တည်ရှိကျက်စားမှု ရှိ/မရှိ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်မှ  ဝန်ထမ်းများနှင့် အမေရိကန်အခြေစိုက်  Panthera Corporation မှ ပညာရှင်များပူးပေါင်း၍ သုတေသနပြုနိုင်ခဲ့ကြောင်း သိရသည်။ 

 


အပြည်ပြည်ဆိုင်ရာ   သဘာဝအရင်းအမြစ်များ ထိန်းသိမ်းရေးအဖွဲ့   (International   Union   for  Conservation of Nature and Natural Resources –IUCN)က   နှင်းကျားသစ်ကို   မျိုးတုံးရန်အန္တရာယ် ကျရောက်နိုင်သော မျိုးစိတ်အဖြစ် သတ်မှတ်ထား ပြီး ကမ္ဘာလုံးဆိုင်ရာထိန်းသိမ်းမှုကို ဆောင်ရွက်လျက် ရှိရာ မြန်မာနိုင်ငံအနေဖြင့် မျိုးစိတ်ပျက်သုဉ်းလုဆဲ တောရိုင်းတိရစ္ဆာန်အပါအဝင်   တောရိုင်းတိရစ္ဆာန် များ၊ ငှက်များ၊  သစ်ပင်ပန်းမန်များနှင့် ရေနေသတ္တဝါ များကို    နိုင်ငံတကာစံနှုန်းနှင့်အညီ    ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသည်။   ထိုသို့    နိုင်ငံအတွင်းရှိ အမျိုးသားဥယျာဉ်များနှင့်   ဘေးမဲ့တောတို့တွင် ရှင်သန်လျက်ရှိသည့် ဇီဝမျိုးစုံမျိုးကွဲများ၊  ရုက္ခနှင့်ဇီဝ များကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိရာ မြန်မာ ပြည်   မြောက်ဖျားရှိ   ရေခဲဖုံးလွှမ်းနေသော  ခါကာ ဘိုရာဇီ  အမျိုးသားဥယျာဉ်ဧရိယာအတွင်း မျိုးတုံး ရန် အန္တရာယ်ရှိနေသည့် နှင်းကျားသစ် လှည့်လည် ကျက်စားနေထိုင်မှု ရှိ/မရှိကို ကင်မရာထောင်ချောက် မှတ်တမ်းများဖြင့် သုတေသနပြု ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 


“နှင်းကျားသစ်ကို  အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံ က  ရေခဲတောင်တွေမှာ  ကျက်စားနေတယ်ဆိုတာ မှတ်တမ်းရှိထားတာကြောင့်    မြန်မာနိုင်ငံရဲ့   ရေခဲ တောင်တည်ရှိတဲ့ ဖုန်ကန်ရာဇီ အမျိုးသားဥယျာဉ်မှာ နှင်းကျားသစ်ကျက်စားမှုရှိ/ မရှိကို အမေရိကန်နိုင်ငံ မှာ အခြေပြုတဲ့သုတေသနအဖွဲ့နဲ့ ၂၀၁၇ ခုနှစ် မေလ ကနေ ဇွန်လအထိ ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ရေခဲတောင်ပေါ်မှာ      ကင်မရာထောက်ချောက် မှတ်တမ်းတွေ တပ်ဆင်နိုင်ခဲ့ပြီး၂၀၁၈ ခုနှစ်မှာ အဖြေ တွေ့ရှိခဲ့တယ်။    နှင်းကျားသစ်မတွေ့ဘဲ     အခြား အသားစား    ရေခဲတောင်တိရစ္ဆာန်တွေကိုပဲ တွေ့ရှိ ခဲ့တာကြောင့် မြန်မာနိုင်ငံမှာ နှင်းကျားသစ်ကို တွေ့ရှိ ခဲ့မယ်ဆိုရင် နိုင်ငံတကာက စိတ်ဝင်စားတဲ့ တောရိုင်း တိရစ္ဆာန် ဖြစ်တဲ့အတွက် မှတ်တမ်းဓာတ်ပုံပြသနိုင် ခဲ့ရင် အာဆီယံနဲ့ ကမ္ဘာမှာ ဂုဏ်ယူစရာ ဖြစ်စေမှာပါ။ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ကိုလည်း     နိုင်ငံ တကာအဖွဲ့အစည်းတွေ လာရောက်မှတ်တမ်းပြုကြ တဲ့အတွက်  ဌာနရဲ့ လုပ်ငန်းဖော်ဆောင်မှုကို ပိုပြီး အရှိန်မြင့်တင်စေတဲ့အပြင် နိုင်ငံတော်အတွက်လည်း အကျိုးရှိစေပါတယ်။

 

နိုင်ငံတကာနဲ့ ပူးပေါင်းဆောင် ရွက်မှုကနေ နည်းပညာရရှိတဲ့အတွက် ထိန်းသိမ်းရေး လုပ်ငန်းကိုလည်း   အထောက်အကူဖြစ်စေမှာပါ။ ပြီးတော့ သဘာဝကိုချစ်မြတ်နိုးတဲ့စိတ် လူတိုင်းမှာ ထားရှိဖို့  လိုပါတယ်။  သဘာဝကြီးပျက်စီးသွားရင် ကမ္ဘာကြီးလည်းပျက်စီးနိုင်ပြီး   သဘာဝကို   အမှီပြု နေထိုင်တဲ့ တိရစ္ဆာန်နဲ့အပင်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်တာဟာ နိုင်ငံတော်ရဲ့ အမွေအနှစ်တွေ ကို  ထိန်းသိမ်းကာကွယ်ခြင်းပါပဲ”ဟု ဘူတာအိုမြို့ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်မှ   တောအုပ်ကြီး ဒေါ်အယ်လ်ကေစီယွန်းက ပြောသည်။

 


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန၏ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်မှ ဝန်ထမ်းများနှင့် အမေရိကန် ပြည်ထောင်စုအခြေစိုက် Panthera Corporation မှ ပညာရှင်သုံးဦးတို့ပူးပေါင်း၍ ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ     သဘာဝသိပ္ပံဆိုင်ရာ     သုတေသနပြု လေ့လာမှတ်တမ်းတင်နိုင်ခြင်း မရှိသေးသော အိန္ဒိယ၊ တရုတ်နှင့် မြန်မာနိုင်ငံ သုံးနိုင်ငံထိစပ်နေသည့် မြန်မာ နိုင်ငံအတွင်းရှိ   နယ်ခြားကျောက်တိုင်   အမှတ် ၄၆ အနီး   အမြင့်ပေ  ၁၄၈၈၀   ရေခဲတောင်တည်ရှိရာ ဧရိယာ၌ ကင်မရာကိုးလုံးကို တပ်ဆင်ခဲ့ပြီး အမြင့်ပေ ၁၇၀၀၀ အထိ မြင့်သော ဂန်လန်ရာဇီရေခဲတောင် ဧရိယာတွင် အမြင့်ပေ ၁၁၆၄၈ နှင့် အမြင့်ပေ ၁၁၇၀၅ တို့တွင် ကင်မရာထောင်ချောက် ၇၁ လုံးကို တပ်ဆင် ခဲ့သည်။

 


ရေခဲတောင်များတွင်သာ နေထိုင်ကျက်စားလေ့ ရှိသော    နှင်းကျားသစ် (Snow Leopard)  များကို အမဲလိုက်ခြင်း၊ အသားစားသတ္တဝါ(Prey Specise)များအား   အလွန်အကျွံဖမ်းဆီးခြင်း၊  ကျက်စားရာ နယ်မြေများကျဉ်းမြောင်းလာခြင်း၊ လူနှင့်တောရိုင်း တိရစ္ဆာန် ပဋိပက္ခဖြစ်ခြင်းတို့ကြောင့် သတ်ဖြတ်ခံရ ခြင်း၊   အမဲလိုက်ခံရခြင်းနှင့်   ရာသီဥတုပြောင်းလဲ လာခြင်းတို့ကြောင့် ကမ္ဘာပေါ်တွင် နှင်းကျားသစ် ကောင်ရေ   ကျဆင်းလာလျက်ရှိပြီး မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန်၊ ဘူတန်၊ မွန်ဂိုလီးယား၊ အာဖဂန်နစ္စတန်၊ ကာဇက်စတန်၊ ရုရှား၊ တာကစ္စတန်နှင့် ဥဇဘက် ကစ္စတန်နိုင်ငံတို့တွင် မျိုးတုံးရန်အန္တရာယ်  ကျရောက် နိုင်သော    မျိုးစိတ်အဖြစ်   သတ်မှတ်ထားသည့် နှင်းကျားသစ်များ     ကျက်စားလျက်ရှိကြောင်း သိရသည်။


ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ - Snow LeopardGp