မြန်မာပြည်မြောက်ဖျား ပူတာအိုဒေသ၌ ရဝမ်ရိုးရာယဉ်ကျေးမှုပြတိုက် ဖွင့်လှစ်


 

 

မြစ်ကြီးနား   မေ     ၁၇
မြန်မာပြည်မြောက်ဖျား ပူတာအိုဒေသရှိ ရဝမ်တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများကို ဖော်ထုတ်ထိန်းသိမ်းပြသနိုင်‌ရေးအတွက် ၂၀၁၉-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးသည့် ရဝမ်ယဉ်ကျေးမှု ပြတိုက် ဖွင့်ပွဲကို မေ ၁၆ ရက် နံနက် ၉ နာရီတွင် ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက် ရဝမ်အမျိုးသားဥယျာဉ်အတွင်း ကျင်းပသည်။
အခမ်းအနားတွင်     ရဝမ်ယဉ်ကျေးမှုပြတိုက် မုခ်ဦးကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့် ဆောင်၊   ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်ထွဋ် ဟန်၊ မြန်မာနိုင်ငံ ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း နာယက ဦးရယ်ဒမ်းတန်နှင့် ဥက္ကဋ္ဌ ဦးထုံဖူးဒဂုဏ်တို့ က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန် နန်က  ပြတိုက်၏ ကမ္ပည်းမော်ကွန်းကျောက်စာတိုင် ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည် များဖြင့်   ပက်ဖျန်းဆုတောင်းပေးပြီး   ပြည်နယ် ဝန်ကြီးချုပ်က ပြတိုက်ကို မင်္ဂလာမောင်း ကိုးချက် တီး၍  ဖွင့်လှစ်ပေးသည်။  ထို့နောက်   ပြည်နယ် ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊  တာဝန်ရှိသူ များနှင့်အတူ ပြတိုက်အတွင်း ခင်းကျင်းပြသထား သည့် ရှေးရဝမ်တိုင်းရင်းသားတို့၏ လူနေမှုအဆက် ဆက်အသုံးပြုခဲ့သည့် ကျောက်၊ သစ်သား၊ ဝါးတို့ဖြင့် ပြုလုပ်ထားသည့် အိမ်သုံးပစ္စည်းများ၊ ဂီတနှင့်  တူရိ ယာပစ္စည်းများ၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများ၊ အမဲ လိုက်ရာတွင်အသုံးပြုသည့် လက်နက်ပစ္စည်းများ၊ ရိုးရာဂျပ်ခုတ် ရက်ကန်းစင်၊ ရေခဲတောင်မှ ထွက်သည့် အဖိုးတန်ဆေးဝါးဖြစ်ပစ္စည်းများ    စသည်တို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊  ပြည်နယ် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဝမ် စာပေနှင့်  ယဉ်ကျေးမှုအသင်းမှ  တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားများနှင့်အတူ မနောတိုင်ဝင်း အတွင်း ပြတိုက်ဖွင့်ပွဲ အထိမ်းအမှတ် ရဝမ်တိုင်းရင်း သားတို့၏ ရိုးရာအဇီးလမ်အကအား ဒေသခံတိုင်းရင်း သားများနှင့်အတူ တပျော်တပါး အတူတကွ စုပေါင်း ဆင်နွှဲခဲ့ကြသည်။
ဆက်လက်၍ ဖုန်ကန်ရာဇီခန်းမ၌ ပြတိုက်ဖွင့်ပွဲ အထိမ်းအမှတ် အခမ်းအနားကျင်းပရာ  ပြည်နယ် ဝန်ကြီးချုပ်က ယနေ့ ရဝမ်တိုင်းရင်းသား ရှေးယခင် ဘိုးဘွားများ   လက်ဆင့်ကမ်းထိန်းသိမ်းလာသည့် ဓလေ့ထုံးတမ်းအစဉ်အလာများ၊ ဝတ်စားဆင်ယင်မှု များ၊ အသုံးအဆောင်ပစ္စည်းများ၊ ကျွမ်းကျင်ခဲ့သည့် အတတ်ပညာများကို ဆက်လက်  လက်ဆင့်ကမ်းထိန်းသိမ်းခွင့်ရရှိခဲ့ခြင်းအတွက် ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူပါကြောင်း၊  နောင်လာနောက်သားများက လည်း  မွန်မြတ်သည့်  အလုပ်တစ်ခုဖြစ်သည့်အတွက် ဆက်လက်     လက်ဆင့်ကမ်းထိန်းသိမ်းရေးကို  အလေးထား လုပ်ဆောင်ရမည်ဖြစ်ကြောင်း   ပြော ကြားသည်။
ထို့နောက် ‌ပြည်နယ်ဝန်ကြီးချုပ်က ရဝမ်ယဉ်ကျေးမှု ပြတိုက်အဆောက်အအုံအား မြန်မာနိုင်ငံ ရဝမ်စာပေ နှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌထံ လွှဲပြောင်းပေးအပ် ပြီး ဒေသခံတိုင်းရင်းသားမျိုးနွယ်စု ခေါင်းဆောင်များ က  ဒေသဖွံ့ဖြိုးတိုးတက်ရေး   လိုအပ်ချက်များနှင့် ပတ်သက်၍ တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ် ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
အဆိုပါ ပူတာအိုမြို့ရှိ ရဝမ်ယဉ်ကျေးမှုပြတိုက် မူလအဆောက်အအုံသည်  ဟောင်းနွမ်းပျက်စီးနေ သည့်အတွက် ပြတိုက်အတွင်းရှိ ယဉ်ကျေးမှုအမွေ အနှစ်များ ထိခိုက်ပျက်စီးသွားနိုင်သောကြောင့် မြန်မာ နိုင်ငံ ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း၏ တင်ပြမှု ကြောင့် အလျား ပေ ၁၀၀၊ အနံ ပေ ၅၀ ရှိ  အဆောက် အအုံသစ် ဆောက်လုပ်နိုင်ရေး နိုင်ငံတော်အဆင့်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်  ရန်ပုံငွေကျပ် ၃၉၇ ဒသမ  ၂၄၇  သန်းခွင့်ပြုပေးခြင်းဖြစ်သည်။ ထို့အတူ ရဝမ်ယဉ်ကျေးမှုပြတိုက်အသစ်အတွင်း ရိုးရာပစ္စည်း စုံလင်ခမ်းနားစွာ   ခင်းကျင်းပြသနိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က မတည်ရန်ပုံငွေကျပ် သန်း ၃၀ ထပ်မံခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။                        
ပြည်နယ် (ပြန်/ဆက်)