မြန်မာ့ပင်လယ်ပြင်ရေပိုင်နက်အတွင်း ခွင့်ပြုချက်မဲ့ဝင်ရောက်လာသည့် အပျော်တမ်းငါးမျှားလှေမှ နိုင်ငံခြားသား ခုနစ်ဦးအား ပြည်နှင်ဒဏ်ပေး

 

ကော့သောင်း   ဇန်နဝါရီ  ၁၉


မြန်မာ့ရေပြင်ပိုင်နက်အတွင်း တရားမဝင်ကျူးကျော် ဝင်ရောက်ငါးမျှားခဲ့သဖြင့် အရေးယူခံခဲ့ရသည့် ထိုင်း နိုင်ငံသားသုံးဦး၊    ဗြိတိန်နိုင်ငံသား    သုံးဦးနှင့် ဆွစ်ဇာလန်နိုင်ငံသားတစ်ဦး စုစုပေါင်းနိုင်ငံခြားသား ခုနစ်ဦးအား  ဇန်နဝါရီ ၁၇ ရက်က  ကော့သောင်း ခရိုင်  တာဝန်ရှိအဖွဲ့အစည်းများက   ထိုင်းနိုင်ငံ ရနောင်းမြို့ ဒေသအာဏာပိုင်များထံသို့ ပြည်နှင် ဒဏ်ပေး ပြန်လည်စေလွှတ် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ 

 


အဆိုပါနိုင်ငံခြားသား ခုနစ်ဦးမှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က မြန်မာ့ပင်လယ်ပြင်ရေပိုင်နက် အတွင်းသို့ ထိုင်းနိုင်ငံ ရနောင်းမြို့နေ Mr.NTTIPHAT ဆိုသူ ပိုင်ဆိုင်သည့်လှေဖြင့် ခွင့်ပြုချက်မဲ့ဝင်ရောက် ကာ အပျော်တမ်းငါးမျှားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အား မြန်မာ့တပ်မတော် (ရေ) က   ဖမ်းဆီးထိန်းသိမ်း၍ ဒေသအာဏာပိုင်အဖွဲ့အစည်းများက  မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ- ၁၃(၁)ဖြင့် တရားစွဲဆိုပြစ်ဒဏ်ပေးခံခဲ့ရပြီး ၁၉၄၇ ခုနှစ် မြန်မာ  နိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလောဥပဒေများ) အက်ဥပဒေပုဒ်မ ၇(၁)ဖြင့် ပြည်နှင်ဒဏ်အမိန့်ချမှတ် ကာ ကော့သောင်းနယ်စပ်ဂိတ် မြို့မတံတားမှတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ပြန်လည်စေလွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။    

ကျော်စိုး(ကော့သောင်း)