မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းရာသီကို ယခင်နှစ်ထက် တစ်လစော၍ စတင်ပိတ်သိမ်း

 

မြိတ်   ဧပြီ  ၃                     


မြန်မာ့ပင်လယ်ပြင်အတွင်း   ငါးဖမ်းရာသီ စတင်ပိတ် သိမ်းပြီဖြစ်ကြောင်းနှင့် ဝါတန်း (ဝိုင်းချုပ်)၊ ကင်းမွန်၊ ကျားပိုက်နှင့်  အင်္ဂလန်ကျားပိုက်  ငါးလှေများသည် ဧပြီလ   တစ်လတိုးမြှင့်ကာ   ငါးဖမ်းခွင့်ရရှိမည်ဖြစ် ကြောင်း  ငါးလုပ်ငန်းဦးစီးဌာနမှ  သိရသည်။                     

 


မြန်မာ့ပင်လယ်ပြင်အတွင်း  ငါးသားပေါက်ရာသီ တွင်  ယခင်နှစ်က  ငါးမဖမ်းရရာသီအဖြစ်   မေ၊ ဇွန်၊ ဇူလိုင်လများကို  သတ်မှတ်ခဲ့ပြီး  ယခုနှစ်တွင်  ရှေ့ တစ်လတိုး၍ ဧပြီ၊ မေနှင့် ဇွန်လများကို ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း သိရသည်။
“မြန်မာ့ပင်လယ်ပြင်မှာ မုတ်သုံရာသီမတိုင်မီ ငါးသားပေါက်        အများအပြားပေါက်ပွားပြီး သယံဇာတအများဆုံးရှိနိုင်တဲ့   ဖေဖော်ဝါရီဒုတိယ ပတ်ကနေ  မေလဒုတိယပတ်အထိ  သုံးလအတွင်း ငါးဖမ်းရာသီ  ပိတ်သိမ်းသင့်တယ်ဆိုပြီး  သုတေသန ရလဒ်ပေါ်ထွက်လာတယ်။  အဲဒီအပေါ်မှာ ကျွန်တော် တို့က  ၂၀၂၀  ပြည့်နှစ်မှာ Stakeholder အစည်းအဝေး လုပ်လိုက်တယ်။  ၂၀၂၁ ခုနှစ်မှာ မေ၊ ဇွန်၊ ဇူလိုင်လ တွေကို  ပိတ်မယ်။  ၂၀၂၂  ခုနှစ်မှာတော့ ဧပြီ၊ မေ၊ ဇွန်လတွေကို  ပိတ်မယ်။ ၂၀၂၃ ခုနှစ်မှာတော့ မတ်၊ ဧပြီ၊  မေလတွေကို  ပိတ်မယ်ဆိုပြီးတော့  သဘော တူညီမှုရလာခဲ့တယ်။ အဲဒီအပေါ်မှာ အခြေခံပြီး ၂၀၂၁ ခုနှစ်မှာ   မေ၊  ဇွန်၊  ဇူလိုင်လတွေကို ပိတ်ခဲ့ပါတယ်။ ယခု  ၂၀၂၂  ခုနှစ်မှာတော့ ဧပြီ၊ မေ၊ ဇွန်လတွေကို ပိတ်ရပါမယ်”   ဟု   မြိတ်ခရိုင်  ငါးလုပ်ငန်းဦးစီး ဌာနမှူး  ဦးဇော်မင်းဦးက ပြောကြားသည်။

 


တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပင်လယ်ပြင်၌ ငါးဖမ်းလုပ်ငန်းခွင်ဝင်နေကြသည့်  ကမ်းဝေးငါးဖမ်း လှေကြီးများမှာ  ငါးမဖမ်းရရာသီ  (ငါးသားပေါက် ရာသီ) စတင်ရောက်ရှိပြီဖြစ်သည့်အတွက် ဆိပ်ကမ်း အသီးသီးသို့ မတ် ၃၁ ရက်တွင်  ရောက်ရှိရပ်နားနေကြပြီဖြစ်ကြောင်း ငါးဖမ်းလှေလုပ်ငန်း  လုပ်ကိုင်နေ သူများထံမှ သိရသည်။

 


“ဝိုင်းချုပ်၊  ကင်းမွန်၊  ကျားပိုက်တို့လို  ပွင့်လင်း ရာသီမှသာလျှင် လုပ်ရတဲ့လုပ်ငန်းတွေရှိတယ်။  အဲဒီ လုပ်ငန်းရှင်တွေက  သူတို့လုပ်ငန်းတွေက  လုပ်ငန်း ကာလတိုတောင်းတယ်၊၊ အဲဒီလိုစောပြီးပိတ်ရင် သူတို့ လုပ်ငန်းကာလက  ငါးလလောက်ပဲရှိမယ်။  အဲဒါကို ထည့်သွင်းစဉ်းစားပေးပါဆိုပြီး  အစည်းအဝေးမှာ သူတို့တင်ပြခဲ့ပါတယ်။   အဲဒီအပေါ်မှာ   ရာသီပိတ် အမိန့်ကြော်ငြာစာ     ထွက်လာတော့     အဲဒီလိုမျိုး အပြောင်းအလဲလေး လုပ်ပေးထားတာ ဖြစ်ပါတယ်” ဟု ဦးစီးမှူးက ဆက်လက်ပြောကြားသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသော ရေသယံဇာတများကို    ထိုင်းနိုင်ငံ     ရနောင်းမြို့ရှိ ငါးဈေးကွက်သို့  တင်ပို့ရောင်းချရာတွင်   အခက်အခဲ များကြုံတွေ့နေရသည့်အတွက်     မြိတ်မြို့တွင် ငါးလေလံဈေးတစ်ခု အသစ်တည်ဆောက်ရန် ခွင့်ပြု မိန့်ရရှိထားသော်လည်း  လုပ်ငန်းများ  မစတင်နိုင်သေး သဖြင့်   လုပ်သားဦးရေ  သောင်းနှင့်ချီကာ  အလုပ် အကိုင်အခွင့်အလမ်းများ  မရရှိသေးကြောင်း သိရ သည်။

 


တနင်္သာရီတိုင်းဒေသကြီးအတွင်း၌  ကမ်းဝေး ငါးဖမ်းလှေ  အစင်းရေ ၁၅၀၀ ကျော်ရှိကာ မြိတ်ခရိုင် တွင်   လိုင်စင်ပြုလုပ်ထားသည့်     ကမ်းနီးငါးဖမ်းလှေ အစင်းရေ ၆၀၀၀ ကျော်ရှိကြောင်း ငါးလုပ်ငန်းဦးစီး ဌာနမှ သိရသည်။                                        
 မြင့်ဦး
(မြိတ်)