မြန်မာ့ပြောင်း တရုတ်နိုင်ငံသို့တင်ပို့ရေး အပင်နှင့်တိရစ္ဆာန်ကျန်းမာရေးနှင့် ပိုးမွှားကင်းစင်ရေး (SPS) စာချုပ် နှစ်ဖက်လက်မှတ်ရေးထိုး

နေပြည်တော်   ဖေဖော်ဝါရီ   ၁


မြန်မာနိုင်ငံ၏   လယ်ယာထွက်ကုန် ပစ္စည်းများ    ကုန်သွယ်မှုတွင်   အဓိက အိမ်နီးချင်း ဈေးကွက်ကြီးတစ်ခုဖြစ်သော  တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်  အပင်နှင့် တိရစ္ဆာန် ကျန်းမာရေး၊ ပိုးမွှားကင်းစင်ရေး သဘောတူညီချက်များ  လက်မှတ်ရေးထိုး ရေးကို  ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ မှထွက်ရှိသော  ပြောင်းကို တရုတ်နိုင်ငံသို့ တင်ပို့ရန်   သဘောတူညီချက်ရရှိပြီး ပြောင်းချဉ်ဖတ်ကို   စမ်းသပ်တင်ပို့ရန် အတွက် နှစ်ဖက်သဘောတူညီထားကာ  ယင်းအတွက် အပင်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်     သဘောတူစာချုပ်ကို ဇန်နဝါရီ   ၃၁  ရက်က  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်ပြည့်သူ့ သမ္မတနိုင်ငံ  အကောက်ခွန်အထွေထွေ အုပ်ချုပ်မှု အာဏာပိုင်အဖွဲ့  (General Administration of Customs of the People’s Republic of China- GACC)  ဝန်ကြီးတို့ လက်မှတ်ရေးထိုးခဲ့သည်။


အကျိုးကျေးဇူးများရရှိမည်


အဆိုပါ    သဘောတူစာချုပ်အရ မြန်မာနိုင်ငံမှ   ပြောင်းနှင့်  တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ်များကို  တရုတ်နိုင်ငံသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းများမှ  တင်ပို့နိုင်ခြင်း၊ မြန်မာ-တရုတ်နှစ်နိုင်ငံကြား  လယ်ယာ ထွက်ကုန် တရားဝင်ကုန်သွယ်မှု  တိုးမြှင့် လာနိုင်ခြင်းနှင့်   ပြောင်းစိုက်တောင်သူ များ၏  အကျိုးစီးပွား   ပိုမိုတိုးတက် ကောင်းမွန်လာနိုင်စေခြင်း     စသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်သည်။


၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ မြန်မာနိုင်ငံသို့ လာရောက်သည့် ချစ်ကြည် ရေးခရီးစဉ်အတွင်း မြန်မာနိုင်ငံမှ တရုတ် နိုင်ငံသို့ ဆန်/ ဆန်ကွဲ၊ ပိုးအိမ်ခြောက်၊  ကျွဲ၊    နွားအရှင်တင်ပို့ရေး   အပင်နှင့် တိရစ္ဆာန် ကျန်းမာရေး၊ ပိုးမွှားကင်းစင်ရေး (SPS) သဘောတူစာချုပ်များကိုလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့်    GACC    တို့အကြား၌ လက်မှတ်ရေးထိုးခဲ့သည်။


လက်ရှိအားဖြင့် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်     ဆည်မြောင်းဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ GACC တို့အကြား တိရစ္ဆာန် အရှင်များ   တင်ပို့မှုအတွက်   တိရစ္ဆာန် စောင့်ကြည့်စစ်ဆေးရေးစခန်း (Aminal Quarantine Station)  တည်ထောင်ရေး လုပ်ငန်းများကို သက်ဆိုင်ရာ နယ်စပ်ဂိတ် များအနီးတွင်    ဆောင်ရွက်လျက်ရှိရာ ကွတ်ခိုင်မြို့နယ်တွင် တိရစ္ဆာန်စောင့်ကြည့် စစ်ဆေးရေးစခန်းတစ်ခု    တည်ထောင် ထားပြီးဖြစ်သည်။


ညှိနှိုင်းဆောင်ရွက်လျက်ရှိ


ထို့ပြင် မြန်မာနိုင်ငံမှ  ထွက်ရှိသော ပဲပုပ်၊ ပီလောပီနံ၊ ကန်စွန်းဥ တင်ပို့ရေးတို့  အတွက်  နှစ်ဖက်သဘောတူစာချုပ်များ မကြာမီ လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်း ဆောင်ရွက်လျက်ရှိပြီး   အလားအလာ ရှိသော ပို့ကုန်အမယ်သစ်များဖြစ်သည့် နာနတ်သီး၊ ထောပတ်သီး၊ ကျွဲကောသီး၊ သံပရာသီး၊ ကွမ်းသီးအစိမ်းတို့ကို အပင် နှင့် တိရစ္ဆာန်ကျန်းမာရေး၊  ပိုးမွှားကင်းစင် ရေး လက်မှတ်များ ရေးထိုးနိုင်ရေးအတွက်  လိုအပ်သည့်    ပိုးမွှားရောဂါဆန်းစစ်မှု ဆိုင်ရာ အချက်အလက်များကို နှစ်ဖက် ညှိနှိုင်းဖလှယ်မှုများ ဆောင်ရွက်လျက် ရှိသည်။ 


၂၀၂၀-၂၀၂၁    ခုနှစ်တွင်   တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့      မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်ပစ္စည်း၊    တိရစ္ဆာန် ထွက်ပစ္စည်းနှင့်     ရေထွက်ပစ္စည်းများ တင်ပို့မှုအနေဖြင့် အမေရိကန်  ဒေါ်လာ ၅၄၂၇ ဒသမ ၉၅၈  သန်းဖိုး   တင်ပို့နိုင်ခဲ့ ကြောင်း သိရသည်။


သတင်းစဉ်