
နေပြည်တော် ဖေဖော်ဝါရီ ၁
မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်ပစ္စည်းများ ကုန်သွယ်မှုတွင် အဓိက အိမ်နီးချင်း ဈေးကွက်ကြီးတစ်ခုဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အပင်နှင့်တိရစ္ဆာန် ကျန်းမာရေး၊ ပိုးမွှားကင်းစင်ရေး သဘောတူညီချက် များ လက်မှတ်ရေးထိုးရေးကို ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံမှ ထွက်ရှိသောပြောင်းကို တရုတ်နိုင်ငံသို့တင်ပို့ရန် သဘောတူညီချက် ရရှိပြီး ပြောင်းချဉ်ဖတ်ကို စမ်းသပ်တင်ပို့ရန်အတွက် နှစ်ဖက်သဘော တူညီထားကာ ယင်းအတွက် အပင်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ်ကို ဇန်နဝါရီ ၃၁ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (General Administration of Customs of the People’s Republic of China- GACC)၊ ဝန်ကြီးတို့ လက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါ သဘောတူစာချုပ်အရ မြန်မာနိုင်ငံမှပြောင်းနှင့် တိရစ္ဆာန် အစာ ပြောင်းချဉ်ဖတ်များကို တရုတ်နိုင်ငံသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တင်ပို့နိုင်ခြင်း၊ မြန်မာ-တရုတ်နှစ်နိုင်ငံကြား လယ်ယာထွက်ကုန် တရားဝင်ကုန်သွယ်မှု တိုးမြင့် လာနိုင်ခြင်းနှင့် ပြောင်းစိုက်တောင်သူများ၏ အကျိုးစီးပွားပိုမိုတိုးတက် ကောင်းမွန်လာနိုင်စေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည် ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံသို့ လာရောက်သည့် ချစ်ကြည်ရေးခရီးစဉ် အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်/ ဆန်ကွဲ၊ ပိုးအိမ်ခြောက်၊ ကျွဲ၊ နွားအရှင်တင်ပို့ရေး၊ အပင်နှင့် တိရစ္ဆာန် ကျန်းမာရေး၊ ပိုးမွှား ကင်းစင်ရေး (SPS) သဘောတူစာချုပ်များကိုလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် GACC တို့ အကြား၌ လက်မှတ်ရေးထိုးခဲ့သည်။
လက်ရှိအားဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနနှင့် တရုတ်နိုင်ငံ GACC တို့အကြား တိရစ္ဆာန်အရှင်များ တင်ပို့မှု အတွက် တိရစ္ဆာန် စောင့်ကြည့်စစ်ဆေးရေးစခန်း (Animal Quarantine Station) တည်ထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ နယ်စပ်ဂိတ် များ အနီးတွင် ဆောင်ရွက်လျက်ရှိရာ ကွတ်ခိုင်မြို့နယ်တွင် တိရစ္ဆာန် စောင့်ကြည့်စစ်ဆေးရေး စခန်းတစ်ခု တည်ထောင်ထားပြီးဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံမှ ထွက်ရှိသော ပဲပုပ်၊ ပီလောပီနံ၊ ကန်စွန်းဥ တင်ပို့ရေးတို့အတွက် နှစ်ဖက်သဘောတူစာချုပ်များ မကြာမီလက်မှတ် ရေးထိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး အလားအလာရှိသော ပို့ကုန်အမယ်သစ်များဖြစ်သည့် နာနတ်သီး၊ ထောပတ်သီး၊ ကျွဲကောသီး၊ သံပရာသီး၊ ကွမ်းသီးအစိမ်းတို့ကို အပင်နှင့် တိရစ္ဆာန်ကျန်းမာရေး၊ ပိုးမွှားကင်းစင်ရေး လက်မှတ်များ ရေးထိုးနိုင်ရေးအတွက် လိုအပ်သည့် ပိုးမွှားရောဂါဆန်းစစ်မှုဆိုင်ရာ အချက်အလက်များကို နှစ်ဖက်ညှိနှိုင်း ဖလှယ်မှုများ ဆောင်ရွက်လျက်ရှိသည်။
၂၀၂၀-၂၀၂၁ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆန်ထွက်ပစ္စည်းနှင့် ရေထွက်ပစ္စည်းများ တင်ပို့မှုအနေဖြင့် အမေရိကန် ဒေါ်လာသန်း ၅၄၂၇ ဒသမ ၉၅၈ ဖိုး တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ သတင်းစဉ်