မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲများနှင့် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်

 

မောင်ရွှေရိုး

နိဒါန်း
ပါတီစုံဒီမိုကရေစီစနစ်ကို    ကျင့်သုံးမည်ဆိုပါက ရွေးကောက်ပွဲများကျင်းပ၍  ဆောင်ရွက်ရမည်ဖြစ် သည်။ ရွေးကောက်ပွဲများ ကျင်းပပြုလုပ်၍  ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေးတာဝန်များအတွက် ဆောင်ရွက် ကြမည့် ပါတီကိုယ်စားလှယ်များကို ပြည်သူ့ဆန္ဒဖြင့် ရွေးချယ်ကြခြင်းဖြစ်သည်။          ထိုသူများသည် နိုင်ငံတော်ကို   စီမံအုပ်ချုပ်ကြရမည့်သူများ ဖြစ်ပါ သည်။ သို့ဖြစ်၍ ရွေးကောက်ပွဲတစ်ခုသည် တရား မျှတပြီး လွတ်လပ်၍ မှန်ကန်မှု ရှိစေရန်အရေးကြီး ပါသည်။   ရွေးကောက်ပွဲများသည်    ဒီမိုကရေစီ၏ အသက်ခန္ဓာများဖြစ်သဖြင့်       နိုင်ငံသားတိုင်း အလေးထားကြစေလိုပါသည်။     မိမိတို့ရရှိသည့် နိုင်ငံသားအခွင့်အရေးဖြင့် ဆန္ဒပြုရွေးချယ်လိုက် သည့်  တန်ဖိုးမှာ    မိမိနိုင်ငံတော်၏   ကံကြမ္မာဖြစ် ကြောင်း ဦးစွာတင်ပြအပ်ပါသည်။  
ဗြိတိသျှတို့ သိမ်းပိုက်ပြီး အစောပိုင်းကာလ
မြန်မာနိုင်ငံကို           ဗြိတိသျှတို့သိမ်းပိုက်ပြီး အစောပိုင်းကာလကတည်းက ရွေးကောက်ပွဲများ ဆောင်ရွက်ခဲ့ကြသည်။   ၁၈၉၇   ခုနှစ်တွင်   အိန္ဒိယ ဘုရင်ခံချုပ်က ၁၈၆၁ ခုနှစ် အိန္ဒိယကောင်စီဥပဒေ များပါ  ဥပဒေပြုခွင့်ပြဋ္ဌာန်းချက်များသည် မြန်မာ နိုင်ငံနှင့်လည်း သက်ဆိုင်ကြောင်း ကြေညာခဲ့သည်။ ထို့နောက်    မြန်မာနိုင်ငံကို    ဒုတိယဘုရင်ခံအား အုပ်ချုပ်စေပြီး ဥပဒေပြုကောင်စီကို ဖွဲ့စည်းခဲ့သည်။ ၁၉၂၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံ ရေးသမိုင်းတွင်  ပထမဆုံး ရွေးကောက်ပွဲဖြစ်သည့် ဥပဒေပြုကောင်စီရွေးကောက်ပွဲ       (Legislative  Council  Election) ကို ပထမဆုံးစတင်ကျင်းပခဲ့ရာ မြန်မာတစ်နိုင်ငံလုံး      ဆန္ဒမဲပေးနိုင်သည့်ဦးရေ ၁၇၆၇၂၂၇ ဦးအနက်      ကန့်သတ်အုပ်ချုပ်မှုနှင့် ကန့်ကွက်မှုများကြောင့် ၆ ဒသမ ၉၂ ရာခိုင်နှုန်းသာ မဲပေးခဲ့ကြသည်။ ဥပဒေပြုကောင်စီကိုယ်စားလှယ် အတွက် အင်္ဂလိပ်ကုန်သည် ၁၀၀  လျှင် ကိုယ်စား လှယ်တစ်ဦးကျ ရွေးချယ်ခွင့်ရှိသော်လည်း မြန်မာ တိုင်းရင်းသား   ၃၀၀၀၀   လျှင်    ကိုယ်စားလှယ် တစ်ဦးနှုန်းသာ           ရွေးချယ်ခွင့်ရရှိခဲ့ကြပါသည်။ အလားတူ အုပ်ချုပ်ရေးကောင်စီဝန်ကြီး လေးနေရာ တွင်လည်း နှစ်ဦးကို အင်္ဂလိပ်ဘုရင်ခံက တိုက်ရိုက် ခန့်ပြီး   ကျန်နှစ်နေရာကို   ဥပဒေပြုကောင်စီက ထောက်ခံသူနှစ်ဦးအား   ဘုရင်ခံက   လက်ခံသည့် စနစ်ကို ကျင့်သုံးခဲ့ပါသည်။ ရွေးကောက်ပွဲတွင် ၂၁ ဦး ပါတီက နေရှင်နယ်လစ်ပါတီအမည်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ပြီး  ဂျေအေမောင်ကြီးအဖွဲ့က အင်ဒီပင်းဒင့် အမည်ဖြင့်       ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။ ရွေးကောက်ပွဲပြီးသွားသောအခါ အမတ် ၇၉ နေရာ အတွက် နေရှင်နယ်လစ်ပါတီမှ ၂၈ နေရာ၊ အင်ဒီ ပင်းဒင့်ပါတီမှ နေရာ  ၂၀ ရရှိခဲ့ပါသည်။ ဥပဒေပြု ကောင်စီတွင် အဖွဲ့ဝင်    ကိုးဦးပါဝင်ရာ   ငါးဦးမှာ အစိုးရအရာရှိများဖြစ်၍ လေးဦးမှာ အရာရှိမဟုတ် သူများဖြစ်ကြသည်။   ဥပဒေပြုကောင်စီ ဖွဲ့စည်း ခွင့်ပြုခြင်းဖြင့် မြန်မာနိုင်ငံတွင်   ပထမဦးဆုံးအကြိမ် အဖြစ် ဥပဒေပြုခွင့်ရရှိလာခဲ့ခြင်းဖြစ်သည်။
၁၉၂၃ ခုနှစ် ဇန်နဝါရီလ  ၂ ရက်နေ့တွင် ၁၉၁၉ ခုနှစ် အိန္ဒိယနိုင်ငံ (စီရင်အုပ်ချုပ်မှု)   ဥပဒေအရ မြန်မာနိုင်ငံသည် ဒိုင်အာခီအုပ်ချုပ်ရေးကို ရရှိခဲ့ သည်။ ဒိုင်အာခီစနစ်တွင် “ပြည်နယ်ကိစ္စရပ်များ” ကို မြန်မာအစိုးရက တာဝန်ယူသည်။ ဘုရင်ခံသည် ဥပဒေပြုကောင်စီက ရွေးကောက်တင်မြှောက်သည့် ဝန်ကြီးနှစ်ဦး၏ အကြံပေးချက်အရ အုပ်ချုပ်သည်။ ဥပဒေပြုကောင်စီတွင် အဖွဲ့ဝင် ၁၀၃ ဦးရှိရာ မြန်မာ ပြည်နယ်ဥပဒေပြုကောင်စီတွင်    ၇၉   ဦးကို ရွေးကောက်တင်မြှောက်သည်။      ရွေးကောက် တင်မြှောက်ခံရသော   ၇၉   ဦးအနက်  ၅၈ ဦးကို အထွေထွေမဲဆန္ဒနယ်များ     (General     Consti-tuencies) မှလည်းကောင်း၊     ကုန်သည်များနှင့် တက္ကသိုလ်ကို ကိုယ်စားပြုသည့် အထူးမဲဆန္ဒနယ် များမှ ခြောက်ဦးကိုလည်းကောင်း၊ လူမျိုးအလိုက် ထားရှိသော မဲဆန္ဒနယ် ၁၅ နယ်တွင် အိန္ဒိယလူမျိုး တို့အတွက်  ရှစ်နေရာ၊ ဥရောပတိုက်သားများအတွက် တစ်နေရာ၊ အင်္ဂလိပ် - အိန္ဒိယကပြားများအတွက် တစ်နေရာနှင့်    ကရင်လူမျိုးအတွက်    ငါးနေရာ ကို လည်းကောင်း သတ်မှတ်ထားခဲ့သည်။    ဥပဒေပြု ကောင်စီတွင်    အထွေထွေမဲဆန္ဒနယ်များအပြင်    လူမျိုးအလိုက် ရွေးချယ်ရန် မဲဆန္ဒနယ်များကို သတ်မှတ်ခြင်းသည် ဗြိတိသျှတို့၏ သွေးခွဲအုပ်ချုပ်ပုံ စနစ်ကို ပီပြင်စွာ သရုပ်ပေါ်စေသည်။  အထွေထွေ မဲဆန္ဒနယ်များကိုလည်း   မြို့မနှင့်   ကျေးလက် မဲဆန္ဒနယ်များအဖြစ် ခွဲခြားခဲ့ပြန်သည်။    ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများမှာ   အသက်   ၁၈   နှစ်အထက် ကျေးရွာများတွင်    နေထိုင်သူဖြစ်လျှင်      လူခွန်   သို့မဟုတ်    သဿမေဓ   အခွန်ဆောင်သူဖြစ်ပြီး မြို့များတွင်   နေထိုင်သူဖြစ်လျှင်    အမြတ်ခွန်   သို့မဟုတ်   မရွှေ့မပြောင်းနိုင်သော   ပစ္စည်းအပေါ် အနည်းဆုံးအခွန်       လေးကျပ်ထမ်းဆောင်သူ ဖြစ်ရသည်။   ဒိုင်အာခီအုပ်ချုပ်ရေးကို    မြန်မာတို့ မကြိုက်ခဲ့သော်လည်း ရွေးကောက်တင်မြှောက်ခြင်း ဟူသော အလေ့အကျင့်ကို မြန်မာလူမျိုးများအနေဖြင့် အတိုင်းအတာတစ်ခုအထိ ရရှိခဲ့သည်။ ၁၉၂၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် ဒုတိယဘုရင်ခံ ဆာရယ် ဂျီနာ ကရက်ဒေါက်၏ရာထူးနေရာ၌     ဆာဟာကုတ် ဘတ္တလာ တာဝန်လွှဲပြောင်းရယူခဲ့ပါသည်။ ထိုနေ့၌ပင် ဒိုင်အာခီအစိုးရအဖွဲ့ကို   ဖွဲ့စည်းကာ  ဝန်ကြီးရာထူး လေးနေရာကို    ခန့်အပ်ခဲ့ရာ   ဘဏ္ဍာရေးဝန်ကြီး  ဆာဝီလျံကိ၊   ပြည်ထဲရေးဝန်ကြီး   ဆာမောင်ခင်၊ ပညာရေးဝန်ကြီး   နေရှင်နယ်လစ်ပါတီမှ  အမ်အေ မောင်ကြီးနှင့် သစ်တောရေးရာဝန်ကြီး အင်ဒီပင်းဒင့် ပါတီမှ     ဂျေအေမောင်ကြီးတို့ကို        ခန့်အပ်ခဲ့ ပါသည်။
ဒုတိယအကြိမ်   ရွေးကောက်ပွဲကို  ၁၉၂၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပခဲ့ရာ မဲပေးနိုင် သူဦးရေ  ၁၈၂၃၂၄၇   ဦးအနက်  ၁၆ ဒသမ ၂၆ ရာခိုင်နှုန်းမဲပေးခဲ့ကြပါသည်။  ဝင်ရောက်ယှဉ်ပြိုင် သော ပါတီ လေးပါတီရှိပြီး ပြည်သူပြည်သားပါတီ (People’s Party)၊ သရာဇပါတီ၊ ရွှေတောင်ကြားပါတီ နှင့် ဟုမ္မရူးလိဂ်ပါတီ (Home Rule League) တို့ ဖြစ်ပါသည်။ ရွေးကောက်ပွဲတွင် ပြည်သူပြည်သား ပါတီ ၂၅  နေရာ၊    သရာဇပါတီ   ကိုးနေရာ၊ ရွှေတောင်ကြားပါတီ  နေရာ ၂၀ နှင့် ဟုမ္မရူးလိဂ်ပါတီ ၁၁ နေရာ အရွေးခံရပါသည်။ အစိုးရအဖွဲ့ ဖွဲ့စည်းရာ တွင် ဘုရင်ခံက တိုက်ရိုက်ခန့်အပ် ဝန်ကြီး နှစ်ပါးမှာ ဘဏ္ဍာရေးဝန်ကြီး   ဆာဝီလျံကိနှင့်   ပြည်ထဲရေး ဝန်ကြီး  ဦးမေအောင်တို့ဖြစ်ပြီး အင်အားကြီးပါတီတို့ ၏ ထောက်ခံမှုဖြင့် ပညာရေးဝန်ကြီး ဒေါက်တာ ဘရင်နှင့်    သစ်တောရေးဝန်ကြီး   ဦးအရိမ်တို့ကို ခန့်အပ်ခဲ့ပါသည်။ 
၁၉၂၈ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် မြန်မာ နိုင်ငံ၌ တတိယအကြိမ်မြောက် ဒိုင်အာခီ ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ရွေးကောက်ပွဲတွင် ပြည်သူပြည်သား ပါတီနှင့် ရွှေတောင်ကြားပါတီ စုစုပေါင်း နှစ်ပါတီ ယှဉ်ပြိုင်ကြပါသည်။   ရွေးကောက်ပွဲတွင်   ပြည်သူ ပြည်သားပါတီက အမတ် ၄၀ နေရာ ရွေးချယ်ခံရပြီး ရွှေတောင်ကြားပါတီက အမတ် ၁၂ နေရာသာ ရရှိခဲ့ ပါသည်။ ဘုရင်ခံ ဆာချားလ်အင်းနစ်၏ အလိုကျ ခန့်အပ်ရသော   ဝန်ကြီးနှစ်နေရာမှာ    ဘဏ္ဍာရေး ဝန်ကြီး  ဆင်မြူရယ် ဒဂင်ဒရူးစမိုက်နှင့် ပြည်ထဲရေး ဝန်ကြီး    ဆာဂျေအေမောင်ကြီးတို့  ဖြစ်ပါသည်။ ကျန်ဝန်ကြီး   နှစ်ဦးမှာ  ပညာရေးဝန်ကြီး ဝတ်လုံ ဦးဘတင်နှင့် သစ်တောရေးရာဝန်ကြီး ဦးအရိမ် ဖြစ်ပါသည်။
၁၉၃၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် မြန်မာ နိုင်ငံ၌ စတုတ္ထအကြိမ်မြောက် ဒိုင်အာခီ ရွေးကောက်ပွဲ ကို ကျင်းပပြုလုပ်ခဲ့ရာ အိန္ဒိယနိုင်ငံနှင့် တွဲရေးအဖွဲ့ များဖြစ်သော ဦးချစ်လှိုင် ဂျီစီဘီအေနှင့်  ဒေါက်တာ ဘမော်ပါတီ၊    ခွဲရေးအဖွဲ့များဖြစ်သော   အမ်အေ မောင်ကြီး၏   ပြည်သူပြည်သားပါတီ   စုစုပေါင်း သုံးပါတီတို့      ဝင်ရောက်ယှဉ်ပြိုင်ကြပါသည်။ ရွေးကောက်ပွဲတွင်  အိန္ဒိယနိုင်ငံနှင့်  တွဲရေးအဖွဲ့၊ ခွဲရေးအဖွဲ့၊      ကြားနေအဖွဲ့များ       ပေါ်လာကြပြီး ယင်းရွေးကောက်ပွဲတွင် တွဲရေးဘက်မှ ၄၂ ဦး၊ ခွဲရေး ဘက်မှ ၂၉ ဦး၊ ကြားနေ တစ်သီးပုဂ္ဂလအမတ် ကိုးဦး တို့ အရွေးခံခဲ့ကြပါသည်။ အစိုးရအဖွဲ့ ဖွဲ့စည်းရာ တွင် ဘဏ္ဍာရေးဝန်ကြီး  မစ္စတာကူးပါး၊ ပြည်ထဲရေး ဝန်ကြီး  ဆာမောင်ဘ၊ သစ်တောရေးဝန်ကြီး ဆာဂျေ အေမောင်ကြီး၊  ပညာရေးဝန်ကြီး   ဝတ်လုံတော်ရ ဦးကျော်ဒင်တို့အား ခန့်အပ်ခဲ့ပါသည်။
၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ (စီရင်အုပ်ချုပ်မှု) အက်ဥပဒေ
၁၉၃၅ ခုနှစ်   မြန်မာနိုင်ငံ   (စီရင်အုပ်ချုပ်မှု) အက်ဥပဒေအရ    မြန်မာနိုင်ငံအစိုးရသည်   ပို၍ အာဏာရရှိလာသည်။   ဗြိတိသျှဘုရင်မင်းမြတ်ကို ကိုယ်စားပြုသော    ဘုရင်ခံနှင့်   လွှတ်တော်နှစ်ရပ် ပါဝင်သော  ဥပဒေပြုလွှတ်တော်တို့သည် ဥပဒေပြု ခွင့်ရရှိလာကြသည်။  ယင်းအုပ်ချုပ်ရေးစနစ်ကို ၉၁ ဌာနအုပ်ချုပ်ရေးဟုခေါ်တွင်သည့်            ဥပဒေပြု လွှတ်တော်၏ အမတ်များကိုလည်းကောင်း၊ ဝန်ကြီး များကိုလည်းကောင်း     ရွေးချယ်တင်မြှောက်ခွင့် အထိုက်အလျောက်ပေးခဲ့ကြောင်း    တွေ့ရှိနိုင်ပေ သည်။ ရွေးချယ်တင်မြှောက်သည့် အလေ့အကျင့်ကို ပြည်သူလူထုအနေဖြင့်    အထိုက်အလျောက်ရရှိခဲ့ သည်။ ဥပဒေပြုလွှတ်တော်တွင်  လွှတ်တော်နှစ်ရပ် ရှိပါသည်။ အထက်လွှတ်တော်   (Senate)   နှင့် အောက်လွှတ်တော် (House Of Representative) တို့ဖြစ်ကြပါသည်။  အထက်လွှတ်တော်တွင် အမတ် ၃၆ ဦးပါဝင်ပြီး  ထက်ဝက်ကို အစိုးရကခန့်အပ်၍ ထက်ဝက်ကို   အောက်လွှတ်တော်၌   ရွေးချယ် တင်မြှောက်ပါသည်။ အောက်လွှတ်တော်အမတ်များ ထဲမှ   အချိုးကျ   ကိုယ်စားပြုရွေးချယ်သည့်စနစ် (System Of Proportional Representation) ကျင့်သုံးပါသည်။ 
၁၉၃၆ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ၉၁ ဌာန အုပ်ချုပ်ရေးကာလ အထွေထွေ ရွေးကောက်ပွဲ ကို ကျင်းပခဲ့ပါသည်။ ပထမဆုံးအကြိမ်   ဥပဒေပြု အောက်လွှတ်တော်အမတ် ရွေးကောက်ပွဲ ဖြစ်ပါ သည်။ အထွေထွေမဲဆန္ဒနယ်များကို ကျေးလက်နှင့် မြို့မ  မဲဆန္ဒနယ်များဟု  ထပ်မံ ခွဲခြားထားသည်။ အိန္ဒိယလူမျိုး   မဲဆန္ဒနယ် များအားလုံးသည်  မြို့မမဲဆန္ဒနယ်များ ဖြစ်ကြသည်။       အင်္ဂလိပ် - မြန်မာ ကပြားမဲဆန္ဒနယ်အဖြစ်  မြန်မာ နိုင်ငံတစ်ခုလုံးကို     သတ်မှတ်သည်။     ဥရောပ တိုက်သားများ  မဲဆန္ဒနယ်အဖြစ်လည်း မြန်မာ နိုင်ငံတစ်ခုလုံးကို      သတ်မှတ်ပါသည်။    အထူး မဲဆန္ဒနယ်များအဖြစ်   သတ်မှတ်သော ကုန်သည်ကြီး များ၊ စက်မှုလုပ်ငန်းများနှင့် တက္ကသိုလ်တို့အတွက် လည်း    သီးခြားပြဋ္ဌာန်းချက်များ   ပါရှိပါသည်။   မဲစာရင်းသီးခြားပြုစု၍    ယင်းမဲစာရင်း၌ ပါဝင်သူ များက   ယင်းမဲဆန္ဒနယ်များအတွက်   ဆန္ဒမဲပေးရ ပါသည်။   ယင်းမဲစာရင်းတွင်  ပါဝင်ရန် ဗြိတိသျှ လက်အောက်ခံနိုင်ငံသား   သို့မဟုတ်   အိန္ဒိယ တိုင်းရင်းသား     မင်ဘာများပိုင်        နယ်မြေ လက်အောက်ခံ    နိုင်ငံသားများဖြစ်ရမည့်အပြင် အသက် ၂၁ နှစ် ပြည့်သူများဖြစ်ရပါသည်။ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများ    သတ်မှတ်ရာ၌   အရည်အချင်း များတွင်     အခွန်ထမ်းဆောင်သူဖြစ်ခြင်း၊ ပစ္စည်း ပိုင်ရှင်ဖြစ်ခြင်း   စသည်တို့ကို တစ်ချိန်ကထည့်သွင်း ခဲ့ကြောင်း၊   အမြတ်ခွန်ထမ်းဆောင်သူဖြစ်ခြင်း သို့မဟုတ်    အစိုးရဝန်ထမ်းအဖြစ်မှ    အငြိမ်းစား နေသူဖြစ်ခြင်း    သို့မဟုတ်    လူခွန်   သို့မဟုတ် သဿမေဓခွန်ထမ်းဆောင်သူဖြစ်ခြင်း၊   ဒိစတြိတ် ကောင်စီ အခွန်ထမ်းဆောင်သူဖြစ်ခြင်း  သို့မဟုတ် ငါးကျပ်ထက်မနည်းသော   မြေခွန်ထမ်းဆောင်သူ ဖြစ်ခြင်း    သို့မဟုတ်    မြို့တွင်နေထိုင်သူဖြစ်လျှင် ကျပ်တစ်ရာထက်မနည်း   တန်ဖိုးရှိသော    မရွှေ့ မပြောင်းနိုင်သည့်      ပစ္စည်းပိုင်ဆိုင်သူဖြစ်ခြင်း၊ မြို့တွင်   နေထိုင်သူဖြစ်လျှင်     မြူနီစီပယ်ခွန် ထမ်းဆောင်သူဖြစ်ခြင်း သို့မဟုတ် လေးကျပ်ထက် မနည်းသော အိမ်ငှားခရှိသည့် အိမ်တွင်နေထိုင်သူဖြစ် ခြင်း စသည့်အခွန်ပေးဆောင်မှု  သို့မဟုတ်  ပစ္စည်း ပိုင်ဆိုင်မှုတို့ကို        အရည်အချင်းတစ်ရပ်အဖြစ် ထည့်သွင်းခဲ့ကြောင်း သိရှိရပါသည်။ 
အောက်လွှတ်တော်တွင်   ပြည်သူတို့ရွေးချယ် တင်မြှောက်သော   ပြည်သူ့ကိုယ်စားလှယ် ၁၃၂ ဦး ပါဝင်ပါသည်။ အောက်လွှတ်တော်၏ သက်တမ်းမှာ ငါးနှစ်ဖြစ်ပါသည်။     အထက်လွှတ်တော်တွင် လွှတ်တော်အမတ်   ၃၆   ဦး    ပါဝင်ပြီး    အထက် လွှတ်တော်၏သက်တမ်းမှာ ခုနစ်နှစ်ဖြစ်ပါသည်။ ဝင်ရောက်ယှဉ်ပြိုင်    အနိုင်ရ    ခုနစ်ပါတီတွင် ငါးပွင့်ဆိုင်ပါတီမှ ၄၆ ဦး၊ ဆင်းရဲသားဝံသာနု (ဓားမ) ပါတီမှ ၁၆ ဦး၊ ဦးချစ်လှိုင် ဂျီစီဘီအေပါတီမှ ၁၂ ဦး၊ ကိုယ့်မင်းကိုယ့်ချင်းပါတီမှ သုံးဦး၊ ဖေဘီယန်ပါတီမှ တစ်ဦး၊ ရွှေတောင်ကြားပါတီမှ   နှစ်ဦး၊   သက်ပန်း ဂျီစီဘီအေ ပါတီမှ တစ်ဦးနှင့် တစ်သီးပုဂ္ဂလ ၁၇ ဦး တို့ အနိုင်ရရှိကြပါသည်။   ငါးပွင့်ဆိုင်ပါတီတွင် ဦးဘဘေ၏ ပြည်သူပြည်သားပါတီ၊ ရွှေကျင် ဦးပု၏ လွတ်လပ်ရေးပါတီ၊     အမ်အေမောင်ကြီးအဖွဲ့၊ မန္တလေးဗဟိုစည် ဦးဘဦးတို့အဖွဲ့၊ ရတနာပုံ အသင်း ချုပ်ကြီးတို့   ပါဝင်ဖွဲ့စည်းထားရာ ငါးပွင့်ဆိုင်ပါတီ သည် အမတ်အများဆုံးအနိုင်ရရှိသော်လည်း အမှန် တကယ် အစိုးရဖွဲ့သောအခါ နန်းရင်းဝန်၊ ဝန်ကြီးနှင့် အမတ်နေရာများအပေါ်   အဝေမတည့်ဖြစ်ရကာ ညွန့်ပေါင်းအစိုးရအဖွဲ့ ဖွဲ့စည်းခဲ့ရပါသည်။  ၉၁ ဌာန ကျင့်သုံးနေစဉ် ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၁ ရက် နေ့တွင် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားခဲ့သဖြင့် ၁၉၃၉ ခုနှစ်မှ ၁၉၄၅ ခုနှစ်အတွင်း ရွေးကောက်ပွဲများ ကျင်းပ ခြင်းမရှိခဲ့ပေ။
စစ်ပြီးခေတ်မြန်မာနိုင်ငံ
၁၉၄၇ ခုနှစ်  ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ်ကို      လက်မှတ်ရေးထိုးခဲ့ကြသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအတွက် ပင်လုံ စာချုပ်ပါ တိုင်းရင်းသားလူမျိုးစုများပါ ကိုယ်စားပြု ပါဝင်သည့်    အောင်ဆန်း - အက်တလီသဘော တူညီချက်နှင့်အညီ    ၁၉၃၅    ခုနှစ်   မြန်မာနိုင်ငံ (စီရင်အုပ်ချုပ်မှု)   အက်ဥပဒေပါ    ရွေးကောက်ပွဲ ယန္တရားများကို အသုံးပြု၍ တိုင်းပြည်ပြုလွှတ်တော် ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ဖဆပလအဖွဲ့ချုပ်က အနိုင်ရရှိခဲ့သည်။ ၁၉၄၇ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် တိုင်းပြည်ပြုလွှတ်တော်အစည်းအဝေး     စတင် ကျင်းပသည်။    အခြေခံအချက်များကို    ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင်   ဇွန်လ   ၁၆   ရက်နေ့တွင် တိုင်းပြည်ပြုလွှတ်တော် အစည်းအဝေးသို့ တင်သွင်း ၍ ၁၈ ရက်နေ့တွင်     အဖွဲ့ဝင်     ၇၅    ဦးထက်မနည်း ပါဝင်သော အခြေခံဥပဒေကော်မတီကို တိုင်းပြည်ပြု လွှတ်တော်က   ဖွဲ့စည်းပေးခဲ့သည်။   ၁၉၄၇ ခုနှစ် စက်တင်ဘာလ   ၂၄ ရက်နေ့တွင်   တိုင်းပြည်ပြု လွှတ်တော်က   ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အတည်ပြုခဲ့သည်။ ၁၉၄၇ ခုနှစ် အောက်တိုဘာလ တွင်     ဘုရင်ခံကောင်စီ၏      ဒုတိယဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီးနောက်   ဝင်ရောက် တာဝန်ယူသူ    ဦးနုနှင့်အဖွဲ့သည်    လန်ဒန်မြို့သို့ သွားရောက်၍ နု-အက်တလီစာချုပ်ဟု အမည်တွင် သည့်စာချုပ်ကို ၁၉၄၇ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင်    ချုပ်ဆိုခဲ့သည်။   ယင်းစာချုပ်တွင် ဗြိတိသျှအစိုးရသည်   ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံအား လုံးဝလွတ်လပ်၍ အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့သည်။
၁၉၄၇ ခုနှစ် စစ်ပြီးခေတ် ရွေးကောက်ပွဲကျင်းပမှု
စစ်ပြီးခေတ်ရွေးကောက်ပွဲများကို      မူလက ရွေးကောက်ပွဲမင်းကြီး တစ်ဦးခန့်ထားပြီး  ယင်း၏ စီမံခန့်ခွဲမှု၊ ကြီးကြပ်မှုအောက်တွင် ရွေးကောက်ပွဲ များကို ကျင်းပခဲ့ကြပါသည်။ ၁၉၄၆ ခုနှစ်မှစတင်ခဲ့ သည့် ရွေးကောက်ပွဲမင်းကြီးများမှာ  ဦးကာစီ၊ ဦးလှရှိန်၊ ဦးကျော်၊ ဦးလှိုင်ဘွား၊ ဦးစံညွန့်၊ ဦးဘဌေး၊ ဦးအုန်းဖေ တို့ဖြစ်သည်။ ၁၉၆၁-၁၉၆၂  ခုနှစ်တွင် ပထမဆုံးရွေးကောက်ပွဲကော်မရှင်              ဖွဲ့စည်း ဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲများကို ရွေးကောက်ပွဲ မင်းကြီးချုပ်နှင့်      ရွေးကောက်ပွဲမင်းကြီးများက အဖွဲ့ဖြင့် တာဝန်ယူစုပေါင်းဆောင်ရွက်လာသည် ကို တွေ့ရှိရမည်ဖြစ်ပါသည်။ သတိုးသီရိဓမ္မဦးတင်က ရွေးကောက်ပွဲမင်းကြီးချုပ်အဖြစ်    ဆောင်ရွက်၍ ရွေးကောက်ပွဲမင်းကြီးများအဖြစ် သတိုးမဟာသရေ စည်သူ   ဦးချန်ထွန်းအောင်နှင့်    ဝဏ္ဏကျော်ထင် ဦးအုန်းဖေတို့   ဆောင်ရွက်သော    ရွေးကောက်ပွဲ ကော်မရှင်၏သက်တမ်းမှာ တစ်နှစ်ခန့်သာ ကြာမြင့် ခဲ့ပါသည်။ ၁၉၆၁ ခုနှစ်တွင် ခန့်ထားသောကော်မရှင် ကို တော်လှန်ရေးကောင်စီက ၁၉၆၂ ခုနှစ် မတ်လ ၈ ရက်နေ့မှစ၍ ဖျက်သိမ်းခဲ့ကာ အဖွဲ့ဝင် သုံးဦးတို့၏ အလုပ်ဝတ္တရားများကိုလည်း ယင်းနေ့မှစ၍ ရပ်စဲခဲ့ သည်။ 
၁၉၄၇ ခုနှစ် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ များဖြစ်သော    ဖက်ဆစ်ဆန့်ကျင်ရေး   ပြည်သူ့ လွတ်မြောက်ရေးအဖွဲ့ချုပ် (ဖဆပလ)၊   ဗမာပြည် ကွန်မြူနစ်ပါတီ၊ ကရင်အမျိုးသားသမဂ္ဂတို့သာမက တစ်သီးပုဂ္ဂလများပါ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါသည်။   ရွေးကောက်ပွဲတွင်  နေရာ ၂၅၅ နေရာအနက် လူမျိုးစု ၅၅ နေရာကို ချန်လှပ်ပြီး ရွေးချယ်တင်မြှောက်ကြပါသည်။ ယင်းရွေးကောက်ပွဲ တွင် ဖဆပလအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများ နှင့်   ဖဆပလအဖွဲ့ချုပ်က  ကြိုတင်အမည်စာရင်း သတ်မှတ်ပေးသည့်   ကိုယ်စားလှယ်လောင်းများ ရွေးချယ်တင်မြှောက်ခံရပါသည်။ 
ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ချုပ် (ဖဆပလ) က   ၁၇၂   နေရာ၊   ကရင် တိုင်းရင်းသား ၂၄ နေရာ၊ ဗမာပြည်ကွန်မြူနစ်ပါတီ ခုနစ်နေရာ၊ အင်္ဂလိပ် - ဗမာကပြား လေးနေရာနှင့် တစ်သီးပုဂ္ဂလ သုံးနေရာ အသီးသီးအနိုင်ရရှိခဲ့သည်။ အင်္ဂလိပ် - ဗမာကပြားလေးနေရာနှင့် တစ်သီးပုဂ္ဂလ  သုံးနေရာမှလွဲ၍ ကျန်အမတ်များအားလုံး ဖဆပလ နှင့်   ပူးပေါင်းခဲ့ရာ   ဖက်ဆစ်ဆန့်ကျင်ရေး  ပြည်သူ့ လွတ်မြောက်ရေးအဖွဲ့ချုပ် (ဖဆပလ) က ၂၅၅ နေရာ အနက် ၂၄၃ နေရာရရှိရာ ၉၅ ဒသမ ၃ ရာခိုင်နှုန်း ရရှိခဲ့သည်။
လွတ်လပ်ရေးရပြီးခေတ် ရွေးကောက်ပွဲများ
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ဖဆပလ ခေတ် (၁၉၄၈-၁၉၆၂) တွင်   ပါလီမန်အထွေထွေ ရွေးကောက်ပွဲ   သုံးကြိမ် ကျင်းပခဲ့ပါသည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ   ၂၃၃ တွင် “ဤအခြေခံဥပဒေအရ ကျင်းပသော   ပထမ အမတ် ရွေးကောက်ပွဲကို ဤအခြေခံဥပဒေ အာဏာ တည်သည့်နေ့မှစ၍ ၁၈ လအတွင်း ကျင်းပရမည်” ဟု ဖော်ပြပါရှိသော်လည်း လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သော        ပြည်တွင်းစစ်ကြောင့် ပထမအကြိမ်  ပါလီမန်အထွေထွေရွေးကောက်ပွဲ အား ၁၉၅၁ ခုနှစ် ဇွန်လ ၁၂၊ ၁၃ ရက်နေ့မှ ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလအထိ အသုတ်လိုက်ခွဲ၍ ကျင်းပ ခဲ့ပြီး နိုင်ငံရေးပါတီ ၁၂   ပါတီ  ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပါသည်။ ၁၉၅၂ ခုနှစ်   ဇန်နဝါရီလ  ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ ဖဆပလအဖွဲ့ချုပ်  နေရာ ၁၈၀၊ ဗမာပြည်အလုပ်သမားလယ်သမားပါတီ   ခြောက် နေရာ၊ ပြည်သူ့ငြိမ်းချမ်းရေးအဖွဲ့ပေါင်းစုံ ၁၄ နေရာ၊ ရခိုင်အမျိုးသားအဖွဲ့ ကိုးနေရာ၊ တစ်သီးပုဂ္ဂလ ရခိုင်မွတ်စလင်များ လေးနေရာ၊ ကရင်အမျိုးသား ကွန်ဂရက် သုံးနေရာ၊ ချင်းနိုင်ငံရေးအဖွဲ့အစည်းများ ငါးနေရာ၊   အခြားတစ်သီးပုဂ္ဂလများ ရှစ်နေရာတို့ အမတ်များ ရွေးချယ်ခံရပါသည်။ ထိုရွေးကောက်ပွဲ တွင် ဖဆပလအဖွဲ့ချုပ်က ၉၅ ဒသမ ၃ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ပါသည်။ 
ဒုတိယအကြိမ် ပါလီမန်အထွေထွေရွေးကောက်ပွဲ  အား ၁၉၅၆ ခုနှစ် ဧပြီလ ၂ ရက်နေ့မှ ဇွန်လအထိ ကျင်းပခဲ့ပြီး နိုင်ငံရေးပါတီ ၂၉ ပါတီ ပါဝင်ယှဉ်ပြိုင် ခဲ့ကြပါသည်။ ဖဆပလအဖွဲ့ချုပ် ၁၄၄ နေရာရရှိခဲ့ပြီး ဆန္ဒမဲပေါင်း ၁၇၄၃၈၁၆ မဲဖြင့် မဲပေးမှုရာခိုင်နှုန်းမှာ ၄၇ ဒသမ ၉ ရာခိုင်နှုန်းရရှိခဲ့ပါသည်။ ပြည်ထောင်စု မြန်မာနိုင်ငံ    အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု (ပမညတ) အမတ်    ၄၆   နေရာ   ရွေးချယ်ခံရပြီး ဆန္ဒမဲပေါင်း ၁၁၃၉၂၀၆  မဲဖြင့် မဲပေးမှုရာခိုင်နှုန်းမှာ ၄၄ ဒသမ ၈ ရာခိုင်နှုန်း  ရရှိခဲ့ပါသည်။ ၁၉၅၆ ခုနှစ် ပါလီမန်အထွေထွေရွေးကောက်ပွဲတွင် ဖဆပလ ကသာ အနိုင်ရရှိသော်လည်း ၁၉၅၈ ခုနှစ် မေလ တွင် ဦးနု၊ သခင်တင်တို့ ခေါင်းဆောင်သော သန့်ရှင်း ဖဆပလအုပ်စုနှင့်    ဦးကျော်ငြိမ်း၊   ဦးဗဆွေတို့ ခေါင်းဆောင်သော   တည်မြဲဖဆပလ   အုပ်စုဟူ၍ ဖဆပလ နှစ်ခြမ်းကွဲခဲ့ပါသည်။ အနိုင်ရရှိသော ဦးနု ခေါင်းဆောင်သည့်  အစိုးရအသစ် ပြန်လည်ဖွဲ့စည်း ခဲ့ပါသည်။ 
တတိယအကြိမ် ပါလီမန်အထွေထွေရွေးကောက် ပွဲ  မကျင်းပမီ ၁၉၅၈   ခုနှစ်   အောက်တိုဘာ ၂၈ ရက်နေ့တွင်  နိုင်ငံရေးသမားများကြား အာဏာ လွန်ဆွဲပွဲများ   ပြင်းထန်လာသော  အခြေအနေများ ကြောင့် ပြည်တွင်းအခြေအနေအရပ်ရပ် မတည်ငြိမ် မှုများ ဖြစ်လာသဖြင့် ဝန်ကြီးချုပ် ဦးနုသည် ဗိုလ်ချုပ် ကြီးနေဝင်း ခေါင်းဆောင်သော အိမ်စောင့်အစိုးရထံ နိုင်ငံတော်အာဏာကို   လွှဲပြောင်းပေးခဲ့၍   ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် လွတ်လပ်ပြီး တရားမျှတသော ပါလီမန်အထွေထွေ ရွေးကောက်ပွဲ ကို   ကျင်းပပေးခဲ့ပါသည်။  ထိုရွေးကောက်ပွဲသည် တတိယအကြိမ် ပါလီမန်အထွေထွေ ရွေးကောက်ပွဲ ဖြစ်ပါသည်။ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၃၃  ပါတီနှင့်   အဖွဲ့အမည်မပါသော   တစ်သီးပုဂ္ဂလများ လည်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်  နေရာ ၂၅၀ အနက် သန့်ရှင်းဖဆပလ ၂၀၃ နေရာ၊ တည်မြဲ ဖဆပလ ၃၉ နေရာ၊ မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေး  တပ်ပေါင်းစု  (ပမညတ) တစ်နေရာ အမတ်များ ရွေးချယ်ခံရပါသည်။ အနိုင်ရ ရှိသော သန့်ရှင်းဖဆပလသည်  ၁၉၆၀  ပြည့်နှစ် မတ်လ   ၁၈   ရက်နေ့တွင်    ညီလာခံကျင်းပ၍ ပြည်ထောင်စုပါတီ (ပထစ)ဟူ၍ ပြောင်းလဲခဲ့ပါသည်။ ၁၉၆၀ ပြည့်နှစ် ဧပြီလ ၄ ရက်နေ့တွင် အနိုင်ရရှိသော ပြည်ထောင်စုပါတီ   (ပထစ)  ကို အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်   ဗိုလ်ချုပ်ကြီးနေဝင်းသည်   အာဏာ ပြန်လည်လွှဲပြောင်းရာတွင်   ဝန်ကြီးချုပ် ဦးနုက နိုင်ငံတော်အကြီးအကဲ   တာဝန်ကို   ဆက်လက် ထမ်းဆောင်ခဲ့ပါသည်။ 
တော်လှန်ရေးကောင်စီ ရွေးကောက်ပွဲများ
ပြည်ထောင်စုအစိုးရ (၁၉၆၀-၁၉၆၂) လက်ထက် တွင်  ရခိုင်နှင့်  မွန်ပြည်နယ်ပေးရေး ပြဿနာများ သာမက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာပြုလုပ် သည့် ကိစ္စများအပြင် ဖက်ဒရယ်မူ   ပြဿနာများ ပေါ်ပေါက်လာပြီး  နိုင်ငံရေးအခြေအနေ ယိမ်းယိုင် ယိုယွင်းလာသော    အခြေအနေ အရပ်ရပ်ကြောင့် ဗိုလ်ချုပ်ကြီးနေဝင်း ခေါင်းဆောင်သော တပ်မတော် က  ၁၉၆၂ ခုနှစ်   မတ်လ ၂  ရက်နေ့တွင် အာဏာ သိမ်းယူပြီး တော်လှန်ရေးကောင်စီအစိုးရဖွဲ့စည်းခဲ့ကာ မတ်လ  ၃ ရက်နေ့တွင် ပြည်ထောင်စုမြန်မာ နိုင်ငံပါလီမန်ဆိုင်ရာ လွှတ်တော်နှစ်ရပ်ကို ဖျက်သိမ်း လိုက်ရာ   ပါလီမန်ဒီမိုကရေစီခေတ်   အဆုံးသတ်ခဲ့ ပါသည်။
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှစ၍ တော်လှန်ရေး ကောင်စီက နိုင်ငံတော်အာဏာကို ရယူခဲ့ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲပြဋ္ဌာန်းရန်ရှိ နေသည့်အတွက် ၁၉၇၃ ခုနှစ်အထိ ရွေးကောက်ပွဲ များကို   ကျင်းပခြင်း   မပြုနိုင်ခဲ့ပါ။ ၁၉၇၃ ခုနှစ် ဒီဇင်ဘာလ ၁၅  ရက်နေ့မှ    ၃၁   ရက်နေ့အတွင်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို နိုင်ငံတော်တစ်ဝန်းလုံး တွင် ကျင်းပခဲ့ပါသည်။ ၁၉၇၃ ခုနှစ် ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့်   ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေး ကော်မရှင်ဥပဒေ အရ ဥက္ကဋ္ဌ ဦးစိုးရနှင့် အဖွဲ့ဝင် ၂၆ ဦး စုစုပေါင်း ၂၇  ဦး ပါဝင်သော ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေးကော်မရှင်ကို ၁၉၇၃ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ကြေညာချက်အမှတ် (၁၀၇) ဖြင့် ဖွဲ့စည်းခဲ့သည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို   ပြဋ္ဌာန်းခဲ့ပြီးနောက်   ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့်      ပုံမှန်ရွေးချယ် တင်မြှောက်ပွဲများကို      လေးကြိမ်      ကျင်းပ ခဲ့ပါသည်။ 
(ဆက်လက်ဖော်ပြပါမည်)