
နေပြည်တော် မေ ၁၅
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း ဦးဆောင်၍ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်ရွှေဝါ၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်တို့ ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မေ ၁၂ ရက်မှ ၁၃ ရက်အထိ ပါကစ္စတန်နိုင်ငံ အစ္စလာမ္မာဘတ်မြို့တွင် ကျင်းပသည့် အကြိမ်(၅၀)မြောက် အာရှဗဟိုဘဏ်များငွေစာရင်း ရှင်းလင်းရေးအဖွဲ့(အေစီယူ) ဒါရိုက်တာအဖွဲ့အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေးသို့ အေစီယူအဖွဲ့ဝင်နိုင်ငံ ကိုးနိုင်ငံဖြစ်သည့် အိန္ဒိယ၊ ပါကစ္စတန်၊ အီရန်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ မြန်မာ၊ ဘူတန်၊ မော်လ်ဒိုက်နိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။
အစည်းအဝေး၌ အေစီယူအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုနှင့် အလားအလာများ၊ ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အေစီယူ၏ ဆောင်ရွက် ချက်များနှင့် တိုးတက်အောင်မြင်မှုများ၊ အေစီယူ ကျွမ်းကျင်မှုကော်မတီမှ အကြံပြုတင်ပြချက်များ ဖြစ်သော နိုင်ငံဖြတ်ကျော်ပေးချေမှုများဆိုင်ရာ ဆန်းသစ်တီထွင်မှုများ ပိုမိုတိုးတက်လာစေရေး၊ အေစီယူနိုင်ငံများအကြား ပြည်တွင်းသုံးငွေကြေးဖြင့် ပေးချေမှုများ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးနှင့် အေစီယူစနစ် ပိုမိုကျယ်ပြန့် အားကောင်း ခိုင်မာလာစေရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တက်ရောက်လာသော အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ် များက အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် အဖွဲ့ သည် မေ ၁၄ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်