
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် (၅၆)ကြိမ်မြောက် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ ဂါဗာနာများညီလာခံနှင့်
အကြိမ်(၄၀)မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ ဂါဗာနာဘုတ်အဖွဲ့အစည်းအဝေးသို့ တက်ရောက်
=======================================================
နေပြည်တော် ဒီဇင်ဘာ ၂
အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ (South East Asia Central Banks)နှင့် အလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းငွေကြေးအာဏာပိုင်အဖွဲ့တို့ ကြီးမှူးကျင်းပသည့် (၅၆)ကြိမ်မြောက် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ ဂါဗာနာများညီလာခံ (56th SEACEN Governors’ Conference)နှင့် အကြိမ်(၄၀)မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ ဂါဗာနာဘုတ်အဖွဲ့အစည်းအဝေး (40th SEACEN Board Of Governors Meeting) ကို ယမန်နေ့နံနက် ၉ နာရီက ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် ကျင်းပသည်။
တက်ရောက်
ဆွေးနွေးပွဲနှင့် အစည်းအဝေးသို့ SEACEN အဖွဲ့ဝင်ဗဟိုဘဏ် ၁၉ ဘဏ်တို့မှ ဗဟိုဘဏ် ဥက္ကဋ္ဌများနှင့်အတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ကြသည်။
(၅၆)ကြိမ်မြောက် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ ဂါဗာနာများညီလာခံတွင် တရုတ်နိုင်ငံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ Dr. Chen Yulu က “Opportunities and Challenges in Adopting Central Bank Digital Currencies”ခေါင်းစဉ်ဖြင့် ကိုဗစ်-၁၉ ကာလ အတွင်း ဗဟိုဘဏ်များအနေဖြင့် ဒစ်ဂျစ်တယ် ငွေကြေးများ ပြောင်းလဲအသုံးပြုခြင်းဖြင့် ရရှိ နိုင်မည့်အကျိုးကျေးဇူးများ၊ စိန်ခေါ်မှုများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးရာ SEACEN အဖွဲ့ဝင်ဗဟိုဘဏ်အသီးသီးမှ ဥက္ကဋ္ဌများက အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
အဖွင့်အမှာစကားများပြောကြား
ထို့နောက် အကြိမ်(၄၀)မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ ဂါဗာနာ ဘုတ်အဖွဲ့အစည်းအဝေးအား ဆက်လက် ကျင်းပရာ အရှေ့တောင်အာရှဗဟိုဘဏ်များ အဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းငွေကြေးအာဏာပိုင်အဖွဲ့မှ Managing Director Ms. Yang Mulia Dayang Hajah Rokiah binti Haji Badar နှင့် SEACEN Centre မှ Executive Director Dr. Mangal Goswami တို့က အဖွင့် အမှာစကားများ ပြောကြားကြသည်။
ဆက်လက်၍ Dr. Mangal Goswami က ၂၀၂၀ ပြည့်နှစ်ကာလအတွင်း SEACEN Centre အနေဖြင့် သင်တန်းများ၊ အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများကို အွန်လိုင်းအသုံးပြု၍ ကျင်းပရသည့်အခြေအနေ၊ သုတေသနစာတမ်း များထုတ်ဝေခဲ့သည့် အခြေအနေများကို ဗဟိုဘဏ်ဥက္ကဋ္ဌများထံ တင်ပြသည်။ ယင်းနောက် SEACEN Centre ၏ ၂၀၂၀-၂၀၂၂ ခုနှစ်အတွက် မဟာဗျူဟာမြောက်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေ အနေ၊ လာမည့် ၂၀၂၁ ခုနှစ်အတွက် အဖွဲ့ဝင် ဗဟိုဘဏ်များမှ အရာထမ်းများတက်ရောက် ရန် သင်တန်းများလျာထားမှု၊ ဘဏ္ဍာရေး စီမံခန့်ခွဲမှု၊ SEACEN Centre ၏ ဝန်ထမ်းများ ခန့်အပ်ခြင်း၊ SEACEN အဖွဲ့ဝင်အသစ်များ ဝင်ရောက်မှုနှင့်ပတ်သက်၍ စံသတ်မှတ်ချက်၊ ပြင်ပစာရင်းစစ်များခန့်အပ်မှု၊ ၂၀၁၉ ခုနှစ် အတွက် အသုံးစရိတ်သုံးစွဲမှု၊ ၂၀၂၁ ခုနှစ် SEACEN Centre မှ ကျင်းပသည့် သင်တန်းများ သို့ တက်ရောက်ရန် အဖွဲ့ဝင်ဗဟိုဘဏ်များ အတွက် ပညာသင်ဆုများလျာထားမှု၊ အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ နည်းပညာဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့-၂ (SEACEN Technical Working Group 2 Project) ၏ Project on Developing a SEACEN Leadership Competency Framework စီမံကိန်းအား SEACEN Center မှ ဦးဆောင်၍ဆောင်ရွက်ရန် အခြေအနေ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းများ၏ ကုန်ကျစရိတ်များစသည်တို့နှင့်ပတ်သက်၍ ဗဟိုဘဏ်ဥက္ကဋ္ဌများထံ တင်ပြလမ်းညွှန်မှု ခံယူရာ SEACEN အဖွဲ့ဝင်ဗဟိုဘဏ် ၁၉ ဘဏ် တို့မှ တက်ရောက်လာကြသည့် ဗဟိုဘဏ် ဥက္ကဋ္ဌများက ရှေ့ဆက်လက်ဆောင်ရွက်ရန် တို့ကို မှာကြားကြကြောင်း သိရသည်။
သတင်းစဉ်