
နေပြည်တော် ဧပြီ ၁၀
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင် များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစာကြည့်တိုက်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်သည်။
တာဝန်ရှိသူများ တက်ရောက်
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည် တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီး များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ၊ နေပြည်တော် စာကြည့်တိုက် များ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ နေပြည်တော် Book Club အဖွဲ့ဝင်များ၊ ကျေးရွာ စာကြည့်တိုက်မှူး များ၊ နေပြည်တော်စာရေးဆရာအသင်းမှ တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ဗီဒီယို Clip ကို ကြည့်ရှု
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက် လာကြသူများသည် “သုတဝေဖြာမျှဝေရာ ပညာ ဘဏ်တိုက်စာကြည့်တိုက်” ဗီဒီယို Clip ကို ကြည့်ရှု ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ပြီးခဲ့သည့် ဧပြီ ၃ ရက်က ယခု ခန်းမထဲမှာပင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့် တိုက်များနှင့် တပ်မတော်ဌာနချုပ်များ၊ တပ်ရင်း တပ်ဖွဲ့များရှိ စာကြည့်တိုက်များအတွက် စာအုပ် စာစောင်များ လှူဒါန်းပွဲကို ကျင်းပခဲ့ကြောင်း၊ ထိုအချိန် ၌ ပြည်သူများအားလုံး အသိပညာဗဟုသုတများ တိုးတက်စေရေးအတွက် စာကြည့်တိုက်များတိုးတက် အောင် ဆောင်ရွက်ရန်လိုအပ်သည်ကို စဉ်းစားမိ ခဲ့ကြောင်း၊ ထို့ကြောင့် စာအုပ်စာစောင်များ ထပ်မံလှူဒါန်းနိုင်ရေး စီစဉ်ရန် တာဝန်ရှိသူများကို ညွှန်ကြားခဲ့ပြီး ယနေ့ ကျင်းပသည့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့် တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနား ကို ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ် ကြောင်း။
စာကြည့်တိုက်များ တည်ဆောက်ထား
မြန်မာဝေါဟာရ၌ စာကြည့်တိုက်ဆိုသည်မှာ ကြည့်ရှုလေ့လာရန်နှင့် ငှားရမ်းရန် စာအုပ်များ ခင်းကျင်းထားသောနေရာဟု ရေးသားထားသည်ကို မှတ်သားမိကြောင်း၊ မိမိတို့နိုင်ငံတွင် စာကြည့်တိုက် များ တည်ဆောက်ထားသည်ကို တွေ့ရှိရပြီး ပကတိ အခြေအနေနှင့်ကိုက်ညီသည့် စာကြည့်တိုက်များ ဖြစ်စေရေးအတွက်လည်း ထည့်သွင်းစဉ်းစားရန်လို ကြောင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ၅ နှစ်နှင့်အထက် လူဦးရေသည် ၄၆ ဒသမ ၄၆၃ သန်းရှိသည်ဟု သိရကြောင်း၊ အဆိုပါလူဦးရေတွင် ကျောင်းလုံးဝမတက်ဖူးသူ ၈ ဒသမ ၁ ရာခိုင်နှုန်းခန့် ရှိကြောင်း၊ အသက် ၂၅ နှစ် အထက် ၂၅ ဒသမ ၁၆၉ သန်းခန့်တွင် အတန်းလုံးဝမရှိသူ ၃ ဒသမ ၈ ရာခိုင် နှုန်း ၉ သိန်းကျော်ရှိကြောင်း၊ မူလတန်းနှင့် မူကြို အဆင့်ရှိသူ ၄၉ ဒသမ ၄၇ ရာခိုင်နှုန်း ၁၂ ဒသမ ၈၃ သန်းရှိကြောင်း၊ အလယ်တန်းအဆင့်ရှိသူ ၂၁ ဒသမ ၇၂ ရာခိုင်နှုန်း ၅ ဒသမ ၄၆ သန်းရှိကြောင်း၊ အထက် တန်းအဆင့် ပြီးမြောက်သူ ၁၃ ဒသမ ၃ ရာခိုင်နှုန်းနှင့် ဘွဲ့ရသူ ၁၁ ဒသမ ၄ ရာခိုင်နှုန်း ၂ ဒသမ ၆၈ သန်း ရှိသည်ကို စာရင်းဇယားများအရ သိရကြောင်း၊ ကျောင်းသားအများစုသည် မူလတန်းပြီးဆုံးချိန်တွင် ကျောင်းထွက်သွားကြခြင်းဖြစ်သဖြင့် နိုင်ငံ့အနာဂတ် အတွက် စိုးရိမ်စရာဖြစ်ကြောင်း။
အလွယ်ကူဆုံးနည်းလမ်းပင်ဖြစ်
အလုပ်အကိုင်နှင့် ပတ်သက်၍ လယ်ယာ သစ်တောသားငါးကဏ္ဍ၊ ဝန်ဆောင်မှုနှင့် အရောင်း အဝယ်ကဏ္ဍ၊ အခြေခံလက်မှုပညာနှင့် ဆက်စပ် လုပ်ငန်းများကဏ္ဍ စသည့်အထွေထွေအခြေခံ လုပ်ငန်းများကို နိုင်ငံ့လူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့်က လုပ်ဆောင်နေသည်ကို တွေ့ရကြောင်း၊ မိမိတို့နိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင် နေထိုင်ကြပြီး ၃၀ ရာခိုင်နှုန်းခန့်သည် မြို့ပြတွင် နေထိုင်ကြကြောင်း၊ ကျေးလက်နေ ပြည်သူများအနေ ဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် သစ်ဝါးနှင့် ပတ်သက်သည့်လုပ်ငန်းများကို ဆောင်ရွက်နေကြ ကြောင်း၊ ထို့ကြောင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်အောင် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ၎င်းတို့၏ စီးပွားရေးနှင့် အသိပညာဗဟု သုတကို မြှင့်တင်ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့ပညာရေးအတွက် အထောက်အကူပြုစေမည့် စာကြည့်တိုက်များ တည်ဆောက်ပေးခြင်းသည် အလွယ်ကူဆုံးနည်းလမ်းပင် ဖြစ်ကြောင်း။
ပြည်သူ့စာကြည့်တိုက် ၄၁၀ ကို ဖွင့်လှစ်ပေးထား
မိမိတို့နိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀၊ မြို့ပေါင်း ၄၇၁ မြို့ရှိသဖြင့် စုစုပေါင်း ၈၀၁ မြို့ရှိကြောင်း၊ ရပ်ကွက်ပေါင်း ၃၄၈၅ ခု၊ ကျေးရွာအုပ်စုပေါင်း ၂၃၉၁၀၊ ကျေးရွာပေါင်း ၆၃၂၁၀ ရှိကြောင်း၊ ထိုအထဲ တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခရိုင်နှင့် မြို့နယ် အဆင့်များတွင် ပြည်သူ့စာကြည့်တိုက် ၄၁၀ ကို ဖွင့်လှစ်ပေးထားပြီး မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းထောက်ပံ့မှုနှင့် ဖွင့်လှစ်ထားသည့် စာကြည့်တိုက်များ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ရပ်ရွာပြည်သူလူထုအစီအစဉ်ဖြင့် ဖွင့်လှစ်ထားသည့် စာကြည့်တိုက်ပေါင်း ၃၅၀၀ ကျော် ရှိသည်ဟု သိရကြောင်း၊ နိုင်ငံတွင်း၌ စာကြည့်တိုက် ပေါင်းများစွာဖွင့်လှစ်ပေးရန် လိုအပ်သည်ကို တွေ့ရ ကြောင်း၊ ထို့ကြောင့် စာကြည့်တိုက်အင်္ဂါရပ်များနှင့် ပြည့်စုံအောင် အဆောက်အဦများနှင့် လိုအပ်သည့် အသုံးအဆောင်များ၊ စာအုပ်များကို ဖြည့်ဆည်းပေး သွားရန် လိုအပ်ကြောင်း။
စာကြည့်တိုက်လုပ်ငန်းများကို အားပေး
မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြစ်ပြီး ကျေးလက် တွင် အဓိကဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေသူများ ကို အသိပညာများပေးနိုင်ရေး ဖြည့်ဆည်းဆောင်ရွက် နိုင်ရန်အတွက် စာကြည့်တိုက်လုပ်ငန်းများကို အားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ချိန် တွင်လည်း စာကြည့်တိုက်များရှိ စာအုပ်များသည် ဒေသရှိ ပညာရေးကိုကြည့်၍ အများနားလည်နိုင်သည့် စာအုပ်များဖြစ်အောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ လုပ်ငန်းနယ်ပယ်များအလိုက် အသိပညာများရရှိနိုင် သည့် စာအုပ်များကို ထားရှိပေးနိုင်ရန်လိုကြောင်း၊ ဥပမာအားဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများနှင့် သက်ဆိုင်သည်များ၊ ရေရရှိရေးနှင့် ရေသုံးစွဲမှုနည်းလမ်းများစသည့် ပညာရပ်များကို သိရှိနားလည်စေရေး ဆောင်ရွက်ပေးရန်လိုကြောင်း။
ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး
စာကြည့်တိုက်ဆိုသည်မှာ ပညာဖြန့်ဝေပေးရာဌာနကြီးတစ်ခုဖြစ်ကြောင်း၊ စာဖတ်စေရန်နှင့် စာဖတ် အားများ တက်လာစေရန် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ တစ်ဦးချင်းအသိပညာများ ကြွယ်ဝစေရန် အတွက် စာဖတ်ရန်လိုကြောင်း၊ ဖတ်ရှုသည့်စာကို ဖတ်ရုံသာမဟုတ်ဘဲ မှတ်သားထားရှိရန်လည်း လိုကြောင်း၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာမည်ဖြစ်ကြောင်း၊ ထိုသို့အသိပညာ ဗဟု သုတများ ကြွယ်ဝလာခြင်းဖြင့် ဘဝအတွက်များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ထို့အပြင် မိမိတို့ ဖတ်ရှုသိရှိထားသည့် အသိပညာဗဟုသုတများကို လူအများသိရှိစေရေးအတွက် ပြန်လည်ဟောပြော ပေးခြင်း၊ ဆွေးနွေးပေးခြင်းများ ဆောင်ရွက်မှသာလျှင် ပညာပြန့်ပွားမှုအကျိုးကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် အသိပညာနှီးနှောဖလှယ်ဆွေးနွေးလှုပ်ရှားမှုများကို အပတ်စဉ်အလိုက်၊ လစဉ်အလိုက် ဆောင်ရွက်သွား ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ မြန်မာစကားပုံ တွင် “ရေအသက် တစ်မနက်၊ ထမင်းအသက် ခုနစ်ရက်” ဟူ၍ရှိကြောင်း၊ အလားတူ စာပေအသိ ပညာမရှိပါက တစ်သက်လုံး အခက်အခဲအကျပ် အတည်းများနှင့် ကြုံတွေ့ရနိုင်ကြောင်း၊ စာပေ အသိပညာမရှိခြင်းနှင့် အားနည်းခြင်းတို့ကြောင့် နေ့စဉ်လူနေမှုဘဝ၌ အခက်အခဲများနှင့် ကြုံတွေ့ ရင်ဆိုင်နေရသူများကို မိမိတို့မြင်တွေ့နေကြရပြီး ၎င်းတို့၏ လူနေမှုပုံစံ ပြောင်းလဲတိုးတက်လာစေရေး နှင့် အနာဂတ်တွင် အသိပညာကြွယ်ဝသည့် လူ့အသိုက် အဝန်းကို ပုံဖော်တည်ဆောက်နိုင်ရေး မိမိတို့အနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးသွားကြရမည်ဖြစ် ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးရာတွင်လည်း ခေတ္တ ခဏသာ ဆောင်ရွက်ခြင်းထက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသွားရန်လိုကြောင်း။
မိမိတို့အနေဖြင့် “စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး”နှင့် “ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး” ဟူသည့် နိုင်ငံရေးမျှော်မှန်းချက် နှစ်ခုနှင့် “တိုင်းပြည်သာယာဝပြောရေး” နှင့် “စားရေ ရိက္ခာဖူလုံရေး” ဟူသည့် အမျိုးသားရေးရည်မှန်းချက် နှစ်ရပ်ကို ချမှတ်ပြီး ယင်းရည်မှန်းချက်များ အောင်မြင် စေရေး ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အသိပညာအတတ်ပညာကြွယ်ဝသည့် လူသားအရင်း အမြစ်ကောင်းများ ပေါ်ထွက်လာရေးနှင့် အသိပညာ ကြွယ်ဝသည့် လူ့ပတ်ဝန်းကျင်အသိုက်အဝန်းကို ပုံဖော်တည်ဆောက်ပေးရန် မဖြစ်မနေလိုအပ် ကြောင်း၊ ထို့ကြောင့် ပညာရေးမြှင့်တင်ရေးနှင့် ပတ်သက်၍ အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူပြည်သားများ အသိပညာအတတ်ပညာများ ရရှိစေရေးအတွက် ငွေကုန်ကြေးကျအနည်းဆုံးဖြင့် ပညာရရှိစေရေး စဉ်းစားဆောင်ရွက်သွားရန်လို ကြောင်း၊ စာအုပ်စာပေများကို သက်သာသည့် ဈေးနှုန်းများဖြင့် ဝယ်ယူဖတ်ရှုနိုင်ရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ကျေးလက်များကို အကျိုးပြုသည့် စာအုပ်များကိုလည်း ထုတ်ဝေသွား ကြရန် တိုက်တွန်းလိုကြောင်း။
အွန်လိုင်းစာမျက်နှာများ၌ နေ့စဉ်ဖြန့်ဝေပေး
နိုင်ငံပိုင်သတင်းစာများနှင့် ပုဂ္ဂလိကသတင်းစာ များ ထုတ်ဝေဖြန့်ချိလျက်ရှိသော်လည်း နိုင်ငံတစ်ဝန်း လုံးသို့ ပျံ့နှံ့ရောက်ရှိမှုအားနည်းမှုနှင့် ဖတ်ရှုသူ နည်းပါးမှုတို့ကို တွေ့ရှိရကြောင်း၊ သတင်းစာဟူသည် မှာ နေ့စဉ်ဖြစ်ပေါ်လျက်ရှိသည့် သတင်းအချက် အလက်များကို အမြန်ဆုံးသိရှိစေရေး ရိုက်နှိပ် ထုတ်ဝေခြင်းဖြစ်သဖြင့် နယ်မြို့၊ ကျေးရွာများသို့ အမြန်ဆုံးရောက်ရှိနိုင်စေရေး ဆောင်ရွက်သွားရန် လိုကြောင်း၊ လက်ရှိအချိန်၌ သတင်းစာများကို အမြန် ဆုံးဖတ်ရှုနိုင်ရေးအတွက် အွန်လိုင်းစာမျက်နှာများ၌ လည်း နေ့စဉ်ဖြန့်ဝေပေးလျက်ရှိကြောင်း၊ သတင်းစာ များ၌ ပါရှိသည့် သတင်းအချက်အလက်များ၊ ဆောင်းပါးများသည်လည်း ပြည်သူလူထုတို့ကို အမှန် တကယ်အကျိုးပြုနိုင်ရန်လိုပြီး နားလည်သဘော ပေါက်လွယ်ကူစေမည့် အသုံးအနှုန်းများ၊ အရေး အသားများကို သုံးနှုန်းကြရန်လိုကြောင်း။
တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်နိုင်
ယနေ့အခမ်းအနားတွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်စာစောင်များနှင့် အလှူငွေများ လှူဒါန်းမှုသည် တန်ဖိုးကြီးမားသည့် လှူဒါန်းမှု၊ မွန်မြတ်သည့် အသိပညာစာပေအလှူ ဖြစ်သည့်အတွက် အလှူရှင်များအားလုံးကို မိမိအနေ ဖြင့် အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် မှတ်တမ်း တင်ဂုဏ်ပြုအပ်ပါကြောင်း၊ စာအုပ်စာပေဟူသည် မည်မျှပင်ဟောင်းနေသည်ဖြစ်စေ မဖတ်ရသေးသူများ အတွက် အသစ်ပင်ဖြစ်ပြီး အသိပညာအသစ်များကို ရရှိသွားစေမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မွန်မြတ်သည့် စာပေအသိပညာလှူဒါန်းမှုများကို ဦးဆောင်နိုင် သူများက ဦးဆောင်၍ နိုင်ငံအဝန်း၌ မကြာခဏ ဆောင်ရွက်ပေးမည်ဆိုပါက တိုင်းပြည်အတွက် များစွာအကျိုးရှိစေမည်ဖြစ်သဖြင့် အားလုံးဝိုင်းဝန်း ကူညီဆောင်ရွက်ပေးနိုင်ကြရန် မေတ္တာရပ်ခံတိုက်တွန်း ပါကြောင်း၊ မိမိတို့၏ နိုင်ငံသားများအားလုံး အသိပညာအတတ်ပညာနှင့် လူမှုဘဝတိုးတက်စေ ရေး၊ နိုင်ငံတော်၏ နိုင်ငံရေးလုပ်ငန်းစဉ်များ၊ အမျိုး သားရေး ရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရာတွင် တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်နိုင်စေရေး တို့အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် စေတနာရှင် ပြည်သူများက မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက် များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ် စာစောင်များကို ပေးအပ်လှူဒါန်းကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို က မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူ ငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
လှည့်လည်ကြည့်ရှု
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အခမ်းအနား တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် အမျိုးသားစာကြည့်တိုက်ရှိ e-Library and Reading Room တို့ကို လှည့်လည် ကြည့်ရှုသည်။
ယနေ့အခမ်းအနားတွင် မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ရင်းတပ်ဖွဲ့ဌာနချုပ်များနှင့် ဌာနဆိုင်ရာ အဖွဲ့ အစည်းများ၊ ပြင်ပအလှူရှင်များ၏ လှူဒါန်းမှုအနေ ဖြင့် အလှူငွေကျပ် ၅၆၀၀၈၇၅၀၀ နှင့် သုတရသ စာအုပ်စာစောင် ၄၈၃၅၇ အုပ်ဖြစ်ပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့များတွင် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ပြုလုပ်သည့် အခမ်းအနားများ၌ လှူဒါန်းမှုအနေဖြင့် ငွေကျပ် ၄၂၅၀၇၇၉၅၀ နှင့် သုတရသစာအုပ်စာစောင် ၃၀၈၅၄ အုပ်ဖြစ်ကြောင်း နှင့် စုစုပေါင်းလှူဒါန်းမှုအနေဖြင့် ငွေကျပ် ၉၈၅၁၆၅၄၅၀ နှင့် သုတရသစာအုပ်စာစောင် ၇၉၂၁၁ အုပ်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်