
ဘာလင် ဇွန် ၉
ဂျာမနီနိုင်ငံ Global Foods Trading GmbH နှင့် မြန်မာကုမ္ပဏီ ကောင်းရနံ့တို့ အွန်လိုင်းမှ တွေ့ဆုံ ဆွေးနွေးခြင်းကို မေလလယ်အတွင်းက ဆောင်ရွက်ခဲ့ သည်။ ဂျာမနီနိုင်ငံအခြေစိုက် ကုမ္ပဏီမှာ အာရှဒေသ များမှ စားသောက်ကုန်နှင့် လူသုံးကုန်များကို ဥရောပဈေးကွက်သို့ တင်သွင်းဖြန့်ဖြူးသူဖြစ်ပြီး မြန်မာနိုင်ငံထွက် သီဟိုဠ်စေ့များ ဝယ်ယူရရှိနိုင်ရေး အတွက် စိတ်ဝင်စား၍ စုံစမ်းလာခြင်းဖြစ်သည်။ ယင်းအပြင် လယ်ယာထွက်ကုန်များကို မိတ်ဆက် နိုင်ရန်အတွက် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးခြင်း ဖြစ်ကြောင်း ကုန်သွယ်မှုသတင်း အချက်အလက်နှင့် သုတေသနဌာနခွဲ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့မှ သိရှိရသည်။
ဆွေးနွေးပွဲအတွင်း ဂျာမနီနိုင်ငံရောက် မြန်မာ စီးပွားရေးသံမှူးက ကုမ္ပဏီနှစ်ခုအကြား ဈေးကွက် လိုအပ်ချက်များ သိရှိရေး နှစ်ဖက်ဆွေးနွေးပေးပါရန် ဖိတ်ခေါ်ဆွေးနွေးပေးခဲ့သည်။ GFT က ၎င်းတို့ ထုတ်ကုန်များအကြောင်း၊ သီဟိုဠ်စေ့နှင့်ပတ်သက်၍ အမျိုးအမည်၊ အရွယ်အစား၊ ဓာတ်ပုံများနှင့် FOB ဈေးနှုန်းများအပါအဝင် အချက်အလက်များ ပေးပို့ စေလိုကြောင်း ဆွေးနွေးခဲ့သည်။
ကောင်းရနံ့ကုမ္ပဏီ၏ တာဝန်ရှိသူများကလည်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ နမူနာထုတ်ကုန် များ ပေးပို့နိုင်သည့် လိုအပ်သော အထောက်အထား များ၊ အနာဂတ်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေ အနေများကို ဆွေးနွေးခဲ့ကြကြောင်း ဂျာမနီနိုင်ငံရှိ မြန်မာစီးပွားရေးသံမှူးထံမှ သိရှိရသည်။
သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွားရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။ ခင်ရတနာ စုစည်းဖော်ပြသည်၊၊