မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း (ဗဟို) MNMA(Central) သဘောထားထုတ်ပြန်ချက်

 

၂၀၂၂ ခုနှစ်၊ ဇွန်လ (၈) ရက်
 

၁။    နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသူ နိုင်ငံသားအားလုံး ကျန်းမာကြံ့ခိုင်ရေးတို့အတွက် ဘက်ပေါင်းစုံမှ အင်တိုက်အားတိုက်ဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်ကို တွေ့ရှိရပါသည်။

 


၂။    ထိုသို့ နိုင်ငံတော်အစိုးရ ကြိုးပမ်းဆောင်ရွက်ရာ၌ ကျန်းမာရေးဝန်ထမ်းများဖြစ်သော သူနာပြု၊ အမျိုးသမီး ကျန်းမာရေးဆရာမနှင့်  ဘက်စုံသားဖွားဆရာမများသည်   နိုင်ငံနှင့်အဝန်း  တာဝန်ကျရာ ဒေသအသီးသီးတွင် နိုင်ငံသူနိုင်ငံသားများ၏ စိတ်ရောကိုယ်ပါ ကျန်းမာရေးအတွက် ရှေ့တန်းမှနေ၍  စွန့်လွှတ်စွန့်စား   ကြိုးပမ်း ဆောင်ရွက် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။

 


၃။    သို့သော် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ထိပါးနှောင့်ယှက်ဖျက်ဆီးလိုသော  အကြမ်းဖက်အဖွဲ့ အစည်းများက ကျန်းမာရေးဌာနများ၊ ဆေးရုံဆေးခန်းများကို အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများကို  အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ခြင်းများ  ဆောင်ရွက်လျက် ရှိသည်ကို စိတ်မချမ်းမြေ့ ဖွယ် ကြားသိမြင်တွေ့နေရပါသည်။

 


၄။    ဖြစ်စဉ်တွင် ၂၆-၄-၂၀၂၀ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ကွမ်းအုံကျေးလက် ကျန်းမာရေး ဌာန၊  ချမ်းသာကျေးလက်ကျန်းမာရေးဌာနခွဲတွင်   တာဝန်ထမ်းဆောင်နေသော   ဘက်စုံသားဖွားဆရာမ ဒေါ်စိုးစိုးအေးနှင့်   ခင်ပွန်းဖြစ်သူ   ဦးအောင်မြင့်တို့အား  ရေဦးမြို့နယ်  ကျန်းမာရေးဦးစီးဌာနမှ အပြန်ခရီး အကြမ်းဖက်အဖွဲ့အစည်းဝင်တစ်စုက ဓားများဖြင့်  ရက်စက်စွာ   ဝိုင်းဝန်းထိုးခုတ် လုပ်ကြံသတ်ဖြတ်ခဲ့သည်ကိုလည်းကောင်း၊ ၃-၆-၂၀၂၂ ရက်နေ့က စစ်ကိုင်းမြို့နယ်၊ အောက်သောက် အုပ်စု၊ လင်းယဉ်ကျေးရွာ၊ လင်းယဉ် ကျေးလက်ကျန်းမာရေးဌာနတွင်  တာဝန်ထမ်းဆောင်နေသော  ဘက်စုံသားဖွားဆရာမ ‌ဒေါ်နွယ်နွယ်စိုးကို အကြမ်းဖက်သူတစ်စုက လာရောက်ဖမ်းဆီး ခေါ်ဆောင်ကာ တုတ်၊ ဓား၊ သေနတ်တို့ဖြင့် ပစ်ခတ်သတ်ဖြတ် လုပ်ကြံသည်ကိုလည်းကောင်း  ဝမ်းနည်းကြေကွဲဖွယ် ကြားသိရပါသည်။

 


၅။    နိုင်ငံနှင့်လူမျိုးဖွံ့ဖြိုးတိုးတက်   ကျန်းမာကြံ့ခိုင်ရေးအတွက်  ကျန်းမာရေးဝန်ထမ်းများသည် အဓိကကျသည့် အခြေခံအုတ်မြစ်ဖြစ်သည့်အပြင် ရှေ့တန်းတိုက်စစ်မှူးများအဖြစ် တာဝန်ထမ်းဆောင်ရင်း လုပ်ကြံသတ်ဖြတ် ခြင်းခံရခြင်းအတွက် မိသားစုဝင်များနှင့်အတူ နှမြောတသ ဝမ်းနည်းကြေကွဲရပါကြောင်းနှင့် ကျန်ရစ်သူ မိသားစုများအား  မြန်မာနိုင်ငံ   သူနာပြုနှင့်သားဖွားအသင်းက   တတ်နိုင်သည့် အားပေးထောက်ပံ့မှုပြုမည့်အပြင်   အပြစ်မဲ့ကျန်းမာရေးဝန်ထမ်း  ဘက်စုံသားဖွားဆရာမများနှင့်  မိသားစုဝင်တို့အား   ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခဲ့သည့်  မည်သည့်အကြမ်းဖက်အဖွဲ့အစည်းကိုမဆို   မြန်မာနိုင်ငံ   သူနာပြုနှင့်သားဖွားအသင်းက  လုံးဝ(လုံးဝ)လက်မခံ  ပြင်းထန်စွာ  ကန့်ကွက်ရှုတ်ချပါကြောင်း   သဘောထားထုတ်ပြန်ကြေညာအပ်ပါသည်။         


မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း