
ပြည် ဇန်နဝါရီ ၁၃
မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီနှင့် မြန်မာနိုင်ငံ စာရေး ဆရာအသင်းတို့ ပူးပေါင်း၍ “စာပေနှင့် သတင်းမီဒီယာဆိုင်ရာ အသိပညာပေး ဟောပြော ဆွေးနွေးပွဲ” ကို ယနေ့နံနက် ၁၀ နာရီက ပြည်ခရိုင် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံး၌ ကျင်းပသည်။
ဟောပြောဆွေးနွေး
ရှေးဦးစွာ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ အတွင်းရေးမှူး ဦးအောင်ပြည့်စုံက သတင်းမီဒီယာ ကောင်စီ၏ ဦးတည်ချက်၊ ကျင့်ဝတ်များနှင့် သတင်းမီဒီယာ သမားများနှင့် ပူးပေါင်းဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်း ဆွေးနွေးသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီနှင့် မြန်မာနိုင်ငံ စာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး)က သတင်းမီဒီယာ သမားများ၏ လုပ်ငန်းနှင့် တာဝန် ဝတ္တရားများ၊ သတင်းတု၊ သတင်းမှားများ အန္တရာယ်နှင့် သတင်းမှန် စိစစ်ခွဲခြားနည်းတို့နှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီနှင့် မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူ မောင်နိုင်မိုး)(အပေါ်ပုံ)က စာပေ လောကသားများ သိရှိထားသင့် သည့် စာပေဆိုင်ရာဝေါဟာရများ၊ အသုံးအနှုန်းများနှင့် သတင်း မီဒီယာဆိုင်ရာ အကြောင်းအရာ များကိုလည်းကောင်း အသီးသီး ဟောပြောဆွေးနွေးသည်။
စာအုပ်စာစောင်များလှူဒါန်း
ထို့နောက် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီမှ ပြည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနအတွက် သတင်း မီဒီယာကျင့်ဝတ်၊ စာအုပ်စာစောင် များနှင့် ဂျာနယ်များအား ပြည် ခရိုင်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူး ထံ လှူဒါန်းပေးအပ်ရာ ခရိုင်ဦးစီး မှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
စာပေဝါသနာရှင်များတက်ရောက်
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ(ရန်ကုန်) မှ အဖွဲ့ ဝင်များ၊ ပြည်ခရိုင် သတင်းမီဒီယာ အေဂျင်စီများ၊ ပြည်မြို့နယ် စာရေးဆရာအသင်း အဖွဲ့ဝင်များ နှင့် စာပေဝါသနာရှင်များ စုစုပေါင်း ၅၀ ကျော် တက်ရောက် ခဲ့ကြကြောင်း သိရသည်။
ခရိုင်
(ပြန်/ဆက်)