မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ကိုဗစ်ဗီဇပြောင်းမျိုးကွဲသည် ရောဂါပြင်းထန်ခြင်းမရှိဘဲ  ကာကွယ်ဆေးထိုးထားရန်သာ လိုကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူပြော

 

ရန်ကုန်  ဇန်နဝါရီ  ၁၂

နိုင်ငံတကာ၌ဖြစ်ပွားနေသည့်  ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသည်   မြန်မာနိုင်ငံသို့ရောက်ရှိ လာပြီဖြစ်ကာ    ယင်းမျိုးကွဲများမှာ     ကူးစက်မှု မြင့်တက်သော်လည်း    ရောဂါပြင်းထန်မှုမရှိ ကြောင်း    တွေ့ရှိရသည့်အတွက် ကာကွယ်ဆေးထိုးထားရန်သာလိုကြောင်း   ကျန်းမာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူက ပြောကြားသည်။


ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ    ဆေး သုတေသနဦးစီးဌာနသည်  အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှပေးပို့သော    ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ၏ဓာတ်ခွဲနမူနာ  ၁၈ ခုကို ၂၀၂၃  ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှစ၍  မျိုးဗီဇ တစ်ခုလုံးစစ်ဆေးမှု(Whole Genome Sequencing) ကို   ဆောင်ရွက်ခဲ့ရာ   ဓာတ်ခွဲနမူနာ   ၁၆   ခုတွင်  ကိုဗစ်-၁၉ ရောဂါ   ဗီဇပြောင်းမျိုးကွဲများ  တွေ့ရှိခဲ့ ရပြီး  စင်ကာပူနိုင်ငံမှ   ပြန်လည်ရောက်ရှိပြီးနောက် ရောဂါပိုးတွေ့ရှိသူများထံမှ   ဓာတ်ခွဲနမူနာသုံးခုနှင့်  ပြည်တွင်းကူးစက်မှုများမှ  ရောဂါပိုးတွေ့ရှိသူများ ထံမှ ဓာတ်ခွဲနမူနာ ၁၃ ခုတို့ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။


အဆိုပါ  ကိုဗစ် - ၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ တွေ့ရှိမှုနှင့်ပတ်သက်၍“ရောဂါကူးစက်မှုအနေနဲ့ က ဗိုင်းရပ်စ်ရဲ့သဘောက  အသစ်တစ်ခုပေါ်လာပြီ ဆိုရင် အရင်ကူးစက်မှုတွေကို ကျော်တက်သွားတာ ပဲ။  ပထမကူးပြီးသားဟာကို  နောက်ထပ်ဗိုင်းရပ်စ် က   မျိုးပြောင်းပြီးတော့   ပြန်တက်လာတာပေါ့။ ဒါကြောင့်မို့ ရှေ့မှာဖြစ်ခဲ့တဲ့ Delta တို့ဆိုရင် အခုမရှိ တော့ဘူးလေ။  Delta နဲ့ Omicron  ပေါ်တဲ့အချိန် Deltaက မြုပ်သွားပြီး အိုမီခရွန်ထပ်ပေါ်လာတယ်။ အိုမီခရွန်ကိုမှထပ်ပြီး  BA.4 ၊ BA.5တို့ မျိုးကွဲတွေ ထပ်ပေါ်လာတယ်။   အဲဒီနောက်မှာ  အခု JN.1တို့ ဒီအုပ်စုပေါ်လာတာပေါ့။ရောဂါပြင်းထန်မှုအနေနဲ့ အများကြီးမရှိဘူး။   ကာကွယ်ဆေးထိုးနှံထားရင် ကောင်းကောင်းကာကွယ်နိုင်ပါတယ်။  အထူးသဖြင့် ကာကွယ်ဆေးထိုးနှံမှုအနေနဲ့     Booster Update ဖြစ်ဖို့လိုတယ်။ အဓိကကတော့ ကာကွယ်ဆေးပါပဲ” ဟု အထက်ပါတာဝန်ရှိသူကဆိုသည်။


အဆိုပါ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ များသည်  SARS-CoV-2 Omicron Variant များ ဖြစ်ပြီး   စင်ကာပူနိုင်ငံမှ  ပြန်လည်ရောက်ရှိလာသူ သုံးဦးတွင် Omicron HV.1၊ JN.1 နှင့် EG.5.1.8 variants တို့ကိုလည်းကောင်း၊ ပြည်တွင်းကူးစက် ဖြစ်ပွားသူ ၁၃ ဦးတွင်  Omicron JN.1  ၁၁ ဦးနှင့် XBB.1.16.17 နှစ်ဦးတို့ကိုလည်းကောင်း  တွေ့ရှိရပြီး ၎င်းတို့အားလုံးသည်  ကျန်းမာရေးအခြေအနေများ သက်သာကောင်းမွန်သဖြင့် သက်ဆိုင်ရာ ဆေးရုံ အသီးသီးမှ    ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။


ယခုတွေ့ရှိရသော   SARS-CoV-2 Omicron Variant များတွင် HV.1၊ JN.1 နှင့် EG.5.1.8 တို့မှာ မြန်မာနိုင်ငံတွင်  အသစ်ထပ်မံတွေ့ရှိသည့် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ(Newly Detected Variants In Myanmar)   ဖြစ်ကြောင်းလည်း   ကျန်းမာရေး ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင်ပါရှိသည်။


သို့ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏  ထုတ်ပြန် ချက်များအရ    အသစ်တွေ့ရှိရသော   ကိုဗစ်-၁၉ ရောဂါ  ဗီဇပြောင်းမျိုးကွဲ JN.1 သည် EG.5 ကဲ့သို့ပင် ပြည်သူ့ကျန်းမာရေးထိခိုက်မှုအန္တရာယ်    ဖြစ်နိုင် ခြေနည်းပါးကြောင်း၊ ၎င်းဗီဇပြောင်းမျိုးကွဲပိုးသည် ကူးစက်ပျံ့နှံ့မှု    မြင့်တက်လာသော်လည်း    ရောဂါ ပြင်းထန်မှုမရှိကြောင်း သိရသည်။

MT