
နေပြည်တော် ဩဂုတ် ၃
မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးရန် အာဆီယံအတွင်းရေးမှူးချုပ်ရုံးက ပေးပို့လာသော အဆိုပြုချက်(မူကြမ်း)နှင့်စပ်လျဉ်း၍ ဝန်ကြီးဌာန အတွင်း ဆွေးနွေးညှိနှိုင်းခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အကျိုးရှိမည့် အဆိုပြုချက်တစ်ခုဖြစ်
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အာဆီယံခေါင်းဆောင်များ ဆွေးနွေးသဘောတူညီ ခဲ့ကြသည့် အချက်(၅)ချက်အနက် နံပါတ်(၄)အချက် ဖြစ်သည့် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ASEAN Humanitarian Assistance and Coordination Center for Disaster Management-AHA Center က တစ်ဆင့် ပေးအပ် ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးမှာ အရေး ကြီးပါကြောင်း၊ ယခုအာဆီယံအတွင်းရေးမှူးချုပ်ရုံး က ပေးပို့လာသည့် အဆိုပြုချက်မူကြမ်းတွင် ပါဝင် သည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကာကွယ်ဆေး၊ အခြားဆေးပစ္စည်း များနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီ များ မြန်မာနိုင်ငံသို့ ပံ့ပိုးပေးအပ်မည့်အစီအစဉ်သည် မိမိတို့နိုင်ငံအတွက် အကျိုးရှိမည့် အဆိုပြုချက်တစ်ခု ဖြစ်ပါကြောင်း၊ သို့သော် လုပ်ငန်းများ မြန်ဆန်စွာနှင့် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မှာ သက်ဆိုင်ရာဝန်ကြီးဌာန/ ဦးစီးဌာနများ ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများကို ဆောင်ရွက်ရသည့်အချိန်တွင် ပိုမိုထိရောက်မှုရှိစေရေး အတွက် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ ဖွဲ့စည်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ လူသားချင်းစာနာ ထောက်ထားမှုပစ္စည်းများ ထောက်ပံ့ရေးနှင့် စပ်လျဉ်း ၍လည်း တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဖြစ်ပွား သော သဘာဝဘေးဖြစ်စဉ်များတွင် ဘေးသတင်းများ အချိန်မီရရှိရေးသည် အရေးကြီးပါကြောင်း၊ သို့မှသာ ဘေးသင့်ပြည်သူများသို့ လူသားချင်းစာနာထောက်ပံ့ မှု ပစ္စည်းများကို အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံးပေးအပ်နိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြား သည်။
ရှင်းလင်းတင်ပြ
ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် က ဆွေးနွေးပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က အာဆီယံအတွင်းရေးမှူးချုပ်ရုံးက လျာထားရေးဆွဲ ထားသည့် လူသားချင်းစာနာထောက်ထားမှု လုပ်ငန်း များ ဆောင်ရွက်မည့်အစီအစဉ် (မူကြမ်း)ကို Power Point ဖြင့် ရှင်းလင်းတင်ပြရာ အမြဲတမ်းအတွင်းဝန်က တင်ပြချက်နှင့်စပ်လျဉ်း၍ လိုအပ်သည်များ ထပ်မံ ဖြည့်စွက်ဆွေးနွေးသည်။
ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက လိုအပ် သည့် လမ်းညွှန်ချက်ချမှတ်ပေးပြီး ပိုမိုကောင်းမွန် ထိရောက်မည့် ပူးပေါင်းဆောင်ရွက်မှုများဖြစ်ပေါ် နိုင်သည့်လုပ်ငန်းစဉ်များ၊ ထပ်မံညှိနှိုင်းပြင်ဆင်သင့် သည့်အချက်များ၊ မူဝါဒလမ်းညွှန်ချက်များရယူနိုင်ရေးအတွက် တာဝန်ရှိဌာနအဆင့်ဆင့်သို့ ဆက်လက် တင်ပြသင့်သည့်အချက်များကို ဝိုင်းဝန်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်