
ရန်ကုန် ဇူလိုင် ၂၁
မိုခါမုန်တိုင်းဒဏ်သင့် မြန်မာ ပြည်သူများထံသို့ လူသားချင်း စာနာထောက်ထားမှုအရ တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ ပေးပို့သည့် အမေရိကန်ဒေါ်လာ ခန့်မှန်း ၁၁၇၂၀၆၈ ခန့်တန်ဖိုးရှိ အလှူ ပစ္စည်းများ တန်ချိန်စုစုပေါင်း ၁၉၀ ဒသမ ၂၄၁ တန်ခန့်သည် ယနေ့နံနက်ပိုင်းတွင် အလုံမြို့နယ် ရှိ မြန်မာစက်မှုဆိပ်ကမ်း (MIP)သို့ China Aid Cargo (SEOUL GLOW)သင်္ဘောဖြင့် ရောက်ရှိလာ သည်။
ရောက်ရှိလာသည့် အလှူ ပစ္စည်းများကို ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Chen Hai နှင့် သံရုံးတာဝန်ရှိသူများကလိုက်လံကြည့်ရှုကြသည်။
ထို့နောက် သံအမတ်ကြီးက အလှူပစ္စည်းများကို တိုင်းဒေသ ကြီး ဝန်ကြီးချုပ်ထံ လွှဲပြောင်း ပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လှူဒါန်းမှုအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ (ကိုယ်စား) ကျေးဇူးတင် ရှိပါကြောင်းနှင့် မုန်တိုင်းဒဏ်သင့် ပြည်သူများထံသို့ အမြန်ဆုံး ရောက်ရှိရေး ဆက်လက်ပေးပို့ သွားမည်ဖြစ်ကြောင်း ပြောကြား သည်။
လေဘေးသင့် ပြည်သူများ ထံသို့ လှူဒါန်းသည့်ပစ္စည်းများမှာ ခေါက်ဆွဲခြောက် ဖာ ၄၀၀၀၊ မီးစက် အလုံး ၄၀၀၊ ရေစုပ်စက်အလုံး ၂၀၀၊ မိုးကာတဲ အလုံး ၁၇၀၀၊ စောင်အထည် တစ်သောင်း၊ ခြင်ထောင်အလုံး တစ်သောင်း၊ ခရီးဆောင်ဆိုလာမီးအိမ် အလုံး တစ်သောင်း၊ ကလိုရင်းဒိုင် အောက်ဆိုက် ပိုးသတ်ဆေးပြား ပုလင်းနှစ်သိန်း၊ ရေဆူပိုးသတ် ဆေးပြား အတောင့် ၅၀၀ တို့ ဖြစ်ပြီး ၎င်းပစ္စည်းများကို ပေ ၄၀ ကုန်သေတ္တာ ၁၁ လုံး၊ ပေ ၂၀ ကုန်သေတ္တာ တစ်လုံးတို့ဖြင့် တင်ဆောင်လာပြီး ရေကြောင်း ခရီးဖြင့် ရောက်ရှိလာခြင်းဖြစ် ကြောင်းနှင့် မုန်တိုင်းသင့်ဒေသ များသို့ သင်္ဘောဖြင့် အမြန်ပေးပို့ သွားမည်ဖြစ်ကြောင်း သိရ သည်။
ဆန်းကျော်ဦး(ပြန်/ဆက်)